စိတ်ကို စိတ်နှင့် အဖြေရှာခြင်း
mmtimes.com
|
2019-10-31

စိတ်ကို စိတ်နှင့် အဖြေရှာခြင်း

ဘဝတစ်ကွေ့ချိုးဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်ကောင်းဖို့နဲ့ ကိုယ်ဆက်လျှောက်လှမ်းမယ့် အသက်မွေးဝမ်းကျောင်းအတွက် တက္ကသိုလ်မှာ အထူးပြုမေဂျာ ရွေးချယ်ဖို့က မြန်မာနိုင်ငံက ဆယ်ကျော်သက်လူငယ်အများစု ကြုံတွေ့နေရတဲ့ ခက်ခဲမှုတစ်ခုပါ။

ဒါကြောင့် များသောအားဖြင့် မိသားစု အားပေးတဲ့ မေဂျာကိုပဲ ရွေးချယ်လိုက်ကြရပြီး တကယ့်ဝါသနာနဲ့ မကိုက်ညီတဲ့အခါ ကျောင်းပြီးဆုံးအောင် မတက်ဖြစ်တာတို့၊ လုပ်ငန်းခွင်ရောက်မှ ကိုယ့်ဝါသနာနဲ့ မကိုက်ညီတာတို့ ကြုံရလေ့ရှိပါတယ်။

ဒါကြောင့် ဒေါ်မိမိ (အမည်လွှဲ)တစ်ယောက် သူ့သားငယ် စိတ်ဝင်စားရာ အင်ဂျင်နီယာဘာသာရပ်နဲ့ စီမံခန့်ခွဲမှုဘာသာရပ် ဝေခွဲမရဖြစ်နေချိန်မှာ သူကိုယ်တိုင် အကြံပေးမယ့် အစား မြန်မာနိုင်ငံစိတ်ပညာအသင်းကို သွားရောက်ပြီး စိတ်ပိုင်းဆိုင်ရာဆန်းစစ်မှု (psycho test) ပြုလုပ်စေခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ရာမှာ ကိုယ့်အမူအကျင့်၊ အားသန်ရာ၊ ကိုယ့်စိတ်နေသဘော ထားတွေကို ပြန်လေ့လာနိုင်ပါတယ်။ မြန်မာနိုင်ငံစိတ်ပညာအသင်းက ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာန ဆရာ၊ဆရာမ၊ ကျောင်းသားဟောင်းတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အခုဆို ငါးနှစ်ခွဲသက်တမ်းရှိပြီ ဖြစ်ပါတယ်။ လက်ရှိ အသင်းနေရာကတော့ ရန်ကုန်ရဲ့ လူထူထပ်တဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မှာပါ။

သားငယ်ရဲ့ ဆန်းစစ်ချက်ရလဒ်ကို ဒေါ်မိမိက တက္ကသိုလ်ကျောင်းမလျှောက်ခင် တင်ပေးခဲ့ရာ လူမှုကွန်ရက်မှာ လူထုရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဖြေဆိုသူရဲ့ ရလဒ်ပေါ်အခြေခံပြီး အသင်းရဲ့ နာယကတစ်ဦးလည်းဖြစ်တဲ့ စိတ်ပညာရှင် ဦးအုန်းလှိုင်က အင်ဂျင်နီယာလိုင်းကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒီပို့စ်ကြောင့်ပဲ ကျောင်းသားကိုယ်တိုင်ရော၊ မိဘတွေပါ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်းနဲ့ပတ်သက်ပြီး ပိုသိလာကြပေမဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ဝန်ထမ်းခန့်တဲ့အခါ အသုံးပြုခဲ့ကြတာ ကြာပါပြီ။ အထူးသဖြင့် ရွှေနဲ့ ကျောက်မျက်ရတနာဆိုင်တွေ၊ သင်္ဘောကုမ္ပဏီတွေ၊ မသန်စွမ်းကျောင်း၊ လေကြောင်းလိုင်းတွေ၊ လုံခြုံရေးလုပ်ငန်းပိုင်းဆိုင်ရာက ဆန်းစစ်ကြတာများတယ်လို့ စိတ်ပညာရှင် က ဆိုပါတယ်။

"ဒီဝန်ထမ်းကို ခန့်ပါ၊ မခန့်ပါလို့ ပြောတာ မဟုတ်ဘူး။ ဖြေဆိုထားတဲ့ ရလဒ်ပေါ်မူတည်ပြီး အေ၊ ဘီ၊ စီ သတ်မှတ်ပေးလိုက်တာ။ အေဆိုရင် စောင့်ကြည့်စရာ လုံးဝမလိုဘူး။ ဘီဆိုရင် ရံဖန်ရံခါ စောင့်ကြည့်ဖို့လိုတယ်။ အဲဒီလိုမျိုးပေါ့" လို့ ဦးအုန်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အခုဆိုရင် လူအယောက်တစ်ထောင် ကျော် စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုပြုလုပ်ပြီးခဲ့ပါပြီ။ ပထမဖြေဆိုမှုအပိုင်းမှာ က-ခ၊ မှန်-မှား၊ နံပါတ် ၁ ကနေ ၄ အဆင့်စသဖြင့် ဉာဏ်ရည်စမ်းသပ်ချက်၊ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းပိုင်းဆိုင်ရာ စိတ်ပါဝင်စားမှု၊ လူမှုဘဝနဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေတဲ့ မေးခွန်းသုံးရာကျော်ကို ရွေးချယ်ရပါတယ်။

'သေသွားရင်ကောင်းမယ်' လို့ သင်ဘယ်နှကြိမ် စဉ်းစားဖူးပါသလဲဆိုတဲ့ စိတ်ခံစားချက် နဲ့ပတ်သက်တဲ့ မေးခွန်းတွေပါသလို 'တစ်နေ့ကို အနည်းဆုံး ပူပူနွေးနွေးအစားအသောက် တစ်ကြိမ်စားဖြစ်ပါသလား' ဆိုတဲ့ နေ့စဉ်ဘဝနဲ့ပတ်သက်တဲ့ အမူအကျင့်လေးတွေလည်း ပါပါ တယ်။ နောက်ပြီး 'ပတ်ဝန်းကျင်ကောင်းမှ အောင်မြင်မယ် (သို့မဟုတ်) အောင်မြင်ဖို့က ကိုယ့်အပေါ်ပဲ မူတည်တယ်' စတဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ဆိုင်တဲ့ မေးခွန်းမျိုးလည်း မေးထားတတ်ပါတယ်။

အဖြေလွှာပေါ်မှာ သင့်ရွေးချယ်မှုက သင့်ကို အမှန်တကယ်ထင်ဟပ်ဖို့တော့ အရေးကြီးပါတယ်။ ဒါကြောင့် တချို့တွေမှာ အချိန်ယူမစဉ်းစားဘဲ မေးခွန်းဖတ်လိုက်တာနဲ့ ချက်ချင်းစဉ်းစားမိတဲ့ရွေးချယ်မှုကို ဖြည့်ပါဆိုတာမျိုး ညွှန်းဆိုထားတာ တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကို အပတ်စဉ် ဗုဒ္ဓဟူးနဲ့ စနေ မနက်တိုင်းမှာ ပြုလုပ်နိုင်ပြီး လူတစ်ယောက်ကို မြန်မာငွေ ၂၀,ဝဝဝ ကျပ် ကျသင့်ပါတယ်။

ဆန်းစစ်ချက်တွေ လာဖြေဆိုတဲ့ထဲမှာ သင်္ဘောသားတွေလည်း ပါဝင်ပြီး သင်္ဘောနောက်တစ်ခါ တက်ဖို့ရှိတိုင်း လာရောက် စစ်ဆေးကြတယ်လို့ စိတ်ပညာရှင်က ဆိုပါတယ်။

"မုတ်ဆိတ်မွှေးရှည်လာတော့ သုံးရက် တစ်ခါ ရိတ်ရသလို စိတ်ကိုလည်း သုံးရက်တစ်ခါ ရှင်းထုတ်ဖို့လိုတယ်" လို့ စိတ်ပညာရှင် ဦးအုန်းလှိုင်က သင်္ဘောသားကို ပြောပါတယ်။

အဖြေလွှာကို သုံးသပ်ပေးတဲ့နေရာက အခန်းတစ်ဝက်သာ ကန့်ထားတဲ့အပေါ်အထပ် ခိုးမှာ ပြုလုပ်ထားတဲ့အတွက် အသံတွေကို မြေညီထပ်မှာ ထိုင်စောင့်နေသူများက ကြားရပါတယ်။ ဒါကြောင့် ကိုယ့်အဖြေကို တစ်ယောက်တည်း သိချင်ရင်တော့ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အတူသွားရောက်စစ်ဆေး တာ အဆင်မပြေပါဘူး။

ဒါ့ပြင် နှစ်သိမ့်ဆွေးနွေးပေးမှုလည်း ရရှိနိုင်ပြီး ဆွေးနွေးခဲ့သူတစ်ယောက်ဖြစ်တဲ့ ကိုဇော်ဇော် (နာမည်လွှဲ)က နှစ်သိမ့်ဆွေးနွေးလိုက်တော့ စိတ်ပိုပေါ့သွားတယ်လို့ ဆိုပါတယ်။

သူစိမ်းတစ်ယောက်ကို ကိုယ့်အကြောင်း ပြောပြမယ့်အစား သူငယ်ချင်းကိုပဲ ရင်ဖွင့်လိုက်မှာပေါ့ဆိုတဲ့ အတွေးအခေါ်တွေ ရှိသေးပေမဲ့ ကိုဇော်ဇော်အတွက်ကတော့ "ပညာရှင်ကို ပြောလိုက်တာက ပိုအသုံးဝင်တဲ့ ဖြေရှင်းနည်းလေးတွေ ပိုရနိုင်တာပေါ့" လို့ နှစ်သိမ့်ဆွေးနွေးမှုအပြီးမှာ ပြောပါတယ်။

ဒါပေမဲ့ သူလာရောက် နှစ်သိမ့်ဆွေးနွေးမှုခံယူတာကိုတော့ သူ့မိသားစုဝင်တွေကို မသိ စေပါဘူး။

"စိတ်ချို့ယွင်းနေတယ်လို့ ထင်မှာထက် သူတို့ကို စိတ်မပူစေချင်တာ" လို့ သူကဆိုပါတယ်။

လက်ရှိအထိတော့ မြန်မာနိုင်ငံမှာ စိတ်ပညာရှင်နဲ့ သွားရောက်တွေ့ဆုံရင် စိတ်မနှံ့လို့လားဆိုတဲ့ အယူအဆတွေ ယနေ့တိုင် အသက်ဝင်နေဆဲဖြစ်ပြီး စိတ်ကျန်းမာရေးကုသဖို့ရာ ဒီအတွေးအခေါ်က အဟန့်အတားဖြစ်နေ ဆဲပါ။

မြန်မာနိုင်ငံ စိတ်ပညာအသင်းက အခုဆိုရင် စကားဝိုင်း ၁၁ ဝိုင်းကို စိတ်ပညာနှင့် လူငယ်၊ ကလေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လက်ရှိအခြေအနေစတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပပြီးဖြစ်ပါတယ်။ စိတ်ပညာရှင်နဲ့ စိတ်ပညာကို စိတ်ပါဝင်စားသူ အဖွဲ့ဝင်ပေါင်း ၄၀ဝ ဝန်းကျင်နဲ့ ဖွဲ့စည်းထားတဲ့ ဒီအသင်းမှာ အဖွဲ့ဝင်တွေက စိတ်ပညာစာအုပ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။


မည်သူမဆို အဖွဲ့ဝင်လျှောက်ထားနိုင်ပြီး ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံ စိတ်ပညာအသင်း လူမှုကွန်ရက်စာမျက်နှာ

https://www.facebook.com/myanmarpsycologicalassociation/ သို့ သွားရောက်လေ့လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှု (သို့မဟုတ်) နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ဖို့ အသင်းဖုန်းနံပါတ် ဝ၉ ၈၉၉ ဝ၀၉ ဝ၁၁ တစ်ရက်ကြို အကြောင်းရပါတယ်။ ရုံးလိပ်စာမှာ အမှတ်-၁၁၊ ၁၂၃ လမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။


#စိတ်ပညာ
#ဦးအုန်းလှိုင်
#စိတ်ပိုင်းဆိုင်ရာ
#ဒေါ်မိမိ
#အသင်း

Some text some message..