ငါဘယ်ရောက်နေလဲ မသိတဲ့နေ့က
mmtimes.com
|
2019-10-31



ငါဘယ်ရောက်နေလဲ မသိတဲ့နေ့က


အက်ဆီးဒင့်တစ်ခုဖြစ်ပြီး ဆေးရုံခုတင်ပေါ်မှာ သတိလည်လာတဲ့ လူတစ်ယောက်ရဲ့ အနေအထားမျိုးနဲ့ ကိုယ်နိုးလာခဲ့တယ်။ တကယ့်ကို ဝေတေတေ၊ ဝါးတားတား၊ အာရုံတွေကလည်း မှုန်ဝါးလို့။ အရှေ့အနောက် တောင်မြောက်ဝဲယာကို ကျီးကန်းတောင်းမှောက် တစ်ချက်ဖြန့်ကြက်ကြည့်လိုက်တော့ မျက်စိတစ်ဆုံးမှာ လူတချို့ဥဒဟိုဖြတ်သန်းသွားလာနေကြတာကို တွေ့ရတယ်။

တိုက်တာအဆောက်အအုံတွေက ကိုယ်နဲ့ ရင်းနှီးသလို၊ မရင်းနှီးသလို။ ကိုယ်မရောက်ဘူးတဲ့ မြို့တစ်မြို့ ကိုရောက်စမှာ ခံစားရတဲ့ ဘယ်နေရာဖြစ်ဖြစ် တူနေတယ်လို့ ခံစားရတဲ့ ခံစားမှုမျိုး ခံစားနေရတယ်။ သိသလိုလိုနဲ့ ဘာမှကိုမသိဘူး။ ဒါဆိုကိုယ်ဘယ်ရောက်နေတာလဲ။ လက်ရှိ မှီပြီး အိပ်ပျော်ခဲ့ပုံရတဲ့ ဒီခုံတန်းလျားလေးပေါ်မှာပဲ ကိုယ်အိပ်ပျော်နေခဲ့တာလား။ ဘယ်တုန်းကတည်းက အိပ်ပျော်နေခဲ့ပြီး ဘယ်နေရာမှန်းမသိတဲ့ ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ ပြန်စဉ်းစားတယ်။ ဘာဆိုဘာမှ စဉ်းစားမရတော့ဘူး။ အဲဒီအချိန်မှာ ခေါင်းထဲကို တခြားသော အလင်းတစ်ခုက ဖြတ်ဝင်လာတယ်။ ဖျတ်ကနဲလင်းလာတဲ့အသိဥဏ်အရ ဘောင်းဘီ အိတ်ထဲကိုစမ်းပြီး ဖုန်းကိုရှာတယ်။ google map နဲ့ ကိုယ်ရောက် နေတဲ့ နေရာကို ရှာဖို့ပေါ့။ အိတ်ထဲက ထွက် လာတဲ့ ဖုန်းက လက်ရှိသုံးနေတဲ့ iPhone X မဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သုံးခဲ့ဖူးတဲ့Motorola razer အနက်လေး ဖြစ်နေတယ်။ဖုန်းကို ဇဝေဇဝါ ကြည့်နေရင်းက ဖျတ်ကနဲ ဖုန်းကို ဖွင့်လိုက်တော့ သွားပြီဆိုတာ သိလိုက်တယ်။ အဲဒီဖုန်းမှာ အင်တာနက် ဆက်တင်မပါဘူး။ အဲဒီခေတ် ကလည်း အင်တာနက်ကို ဖုန်းနဲ့ သွားလေရာ သုံးလို့ရတဲ့ခေတ်မှ မဟုတ်တာ။ အူကြောင်ကြောင်နဲ့ time slip တွေဘာတွေဖြစ်ပြီး ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်ပြန်ရောက်နေတာလားလို့လည်း တွေးလိုက်မိသေးရဲ့။ ပြီးမှ အူရန်ကောဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြုံးမိရသေးတယ်။

ဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထိုးထည့်ရင်း အင်္ကျီအိတ်တွေပါလိုက်နှိုက်ရှာမိတယ်။ တခြားဖုန်းတစ်လုံးလုံး ထွက်လာလို ထွက်လာငြားပေါ့။ ဝတ်ထားတဲ့ hoodie အနက်ရောင်က ကိုယ့်ဆီမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ အင်္ကျီ။ အတွင်းအိတ်၊ အပြင်အိတ် လေးအိတ်လောက်ပါပေမဲ့ ဘာဆို ဘာမှထပ်မထွက်လာဘူး။ ဒါဆိုသေပြီပေါ့။ ဘယ်ရောက်နေမှန်းလည်းမသိဘူး။ ဖုန်းထဲ ထည့်ထားတဲ့apple pay တွေလည်း သုံးလို့မရဘူး။ ကံကောင်းတယ်လို့ လှည့်ပြီး ယူဆရမယ်ဆိုရင် ဘက်ထရီပါဝါ ၅၀ ကျော်လောက်ရှိနေသေးတဲ့Motorola ဖုန်းတစ်လုံး လက်ထဲရှိနေသေးတယ်။ တစ်ယောက်ယောက်ကိုတော့ ဖုန်းလှမ်းဆက်လို့ ရသေးတာပဲမဟုတ်လား။ ဘောင်းဘီအိတ်ထဲက ဖုန်းကိုပြန်ထုတ်ဖွင့်လိုက်တယ်။contact list ထဲမှာ နံပါတ် တစ်ခုမှ ရှိမနေဘူး။ ဗလာပဲ။ ဘုရားသခင်လို့ ထိတ်ခနဲ ရေရွတ်လိုက်မိသေးလား မဆိုနိုင်ဘူး။ ကသောကမျောနဲ့ ဖုန်းနံပါတ်တချို့ကို ပြန်စဉ်းစားတယ်။ ဘယ်ဖုန်းနံပါတ်မှ ခေါင်းထဲရှိမနေခဲ့ဘူး။ ဖုန်းနံပါတ်တွေကို စိတ်နဲ့ အလွတ်မှတ်တဲ့ အလေ့အထ ဖျောက်ထားခဲ့တာ ဆယ်စုနှစ်တစ်ခုစာကျော်လာခဲ့ပြီပဲ။ မရှိတော့တဲ့ ရန်ကုန်အိမ်က ဖုန်းနံပါတ်တစ်ခုပဲ ခေါင်းထဲ လာရိုက်ခတ်နေတယ်။ ၆၆၆ ဘလာဘလာ။ မာမီ့ ဖုန်းနံပတ်ဟာ ၁၂၃ နဲ့ ဆုံးတယ်။ ဒါပေမဲ့ ရှေ့က နံပါတ်တွေတော့ တစ်လုံးမှမမှတ်မိပြန်ဘူး။ အဖေ ဖုန်းနံပါတ်ဆိုတာကတော့ ဝေးရောပဲ ဂဏန်းတစ်လုံးမှကိုမသိတာ။ အငယ်ကောင်ဖုန်းနံပါတ် နှစ်လုံးမှာတစ်လုံးက ၇၀ဝ နဲ့ ဆုံးပြီး တစ်လုံးက ၅၄၄ နဲ့ ဆုံးတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ရှေ့က ဂဏန်းတွေတစ်လုံးမှမသိဘူး။ ဘာအတွက်နဲ့ contact list က မရှိရတာလဲလည်း စဉ်းစားမရဘူး။ အင်တာနက် သုံးရတဲ့ ဖုန်းမျိုးမဟုတ်တဲ့အတွက် ဖုန်းထဲမှာmessenger, viber, whatsapp စတဲ့application တွေလည်း တစ်ခုမှရှိမနေခဲ့ဘူး။ အရာရာဟာ ဘေးကျပ်နံကျပ်လို့ ယူဆစရာရှိပေမဲ့ ကိုယ့်စိတ်တွေ သိပ်ပူပူလောင်လောင်ဖြစ်မနေတာဟာလည်း ထူးဆန်းတဲ့ ကိစ္စတစ်ခုပဲ။ ကိုယ်ဟာ ငယ်ငယ်ကလို သွေးမပူတတ်တော့ပေမဲ့ ဒီလောက် ဘာမှန်းမသိတဲ့ အခြေအနေကြီးတစ်ခုမှာ သွေးအေးသယောင် ဖြစ်နေတာ ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မသင်္ကာချင်ဘူး။ တိုက်တာ အဆောက်အအုံတွေကိုကြည့်လိုက်တော့ ဒါဟာ ရန်ကုန် မဟုတ်ဘူးဆိုတာ သေချာနေတယ်။ ဆစ်ဒ်နီလား ဆိုတော့လည်း မသေချာပြန်ဘူး။ တွေ့လေ့တွေ့ထမရှိတဲ့ cowboy ကားတွေထဲက သစ်သားနဲ့ ဆောက်ထားတဲ့ ဆိုင်တန်းတချို့ကို လှမ်းမြင်နေရတယ်။ ဥဒဟိုဖြတ်သန်း သွားလာနေတဲ့သူတွေကို ကြည့်လိုက်တော့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် Motorola ခေတ်က စတိုင်မဟုတ်ဘူးလို့ ပြောရလည်းအခက် ခုခေတ် စတိုင်ပါ လို့ ပြောရလည်းအခက်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့မို့ လူအတော်များများက အနွေးထည်တွေကို ဝတ်ထားကြသလို ဂျင်းဘောင်းဘီနဲ့ walking shoe တွေပဲစီးထားကြတယ်။ လူတွေကလည်း အဖြူတွေရော၊ အဝါတွေရော၊ အမည်းတွေရော စုံနေအောင်တွေ့ရတယ်။ စိတ်ပဲထင်လို့လားမသိဘူး။ မြန်မာစကားသံတချို့တောင် ကြားရသလိုပဲ။ သေချာနားစိုက်ထောင်ဖို့ လှည့်လိုက်တော့ ပျောက်သွားပြန်ရော။ မြန်မာနဲ့ဆင်ဆင်တူတာလည်းမတွေ့ရပြန်ဘူး။ ထိုင်ရာကနေထပြီး လမ်းကလေးအတိုင်း လျှောက်သွားလိုက်တယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေက ခပ်ဝါးဝါးနဲ့ ဖတ်လို့ မရဘူး။ ဆိုင်းဘုတ်တွေကို လိုက်ကြည့်မိတယ်။ အင်္ဂလိပ်လိုတွေချည်းရေးထားတဲ့တိုင် မြို့နာမည်၊ရပ်ကွက်နာမည်တွေ ရေးထားတာ မပါဘူး။ ဖုန်းနံပါတ်တွေမပါဘူး။ လမ်းဘေးဖုန်းရုံလေးတစ်ခုကိုတွေ့လို့ ခဏရပ်ကြည့်မိသေးတယ်။ ဖုန်းနံပါတ်တွေမှ အလွတ်မရတာ။ ဖုန်းရုံလည်း ဘယ်လိုအသုံးဝင်မှာမို့တုန်း။ ဖုန်းနံပါတ်တွေကို ရလိုရငြား ထပ်စဉ်းစားတယ်။ ၆၆၆ ဘလာဘလာဆိုတဲ့ အိမ်ဖုန်းနံပါတ်ကလွဲရင် လက်ရှိ ကိုယ့်ဖုန်းနံပါတ်တောင် ကိုယ်မမှတ်မိတော့တာမို့ ဖုန်းနံပါတ် စဉ်းစားတဲ့ကိစ္စကို စိတ်အေးလက်အေးပဲ စွန့်လွှတ်လိုက်တော့တယ်။ ဆိုင်းဘုတ်တွေကို တစ်ခုချင်းဖတ်တယ်။ ဘာသဲလွန်စမှ ဝင်မလာဘူး။ ကိုယ်ဘယ်ရောက်နေလဲဆိုတာကို တစ်ယောက်ယောက်ကို မေးရမယ့်အဖြစ်က တော်တော်တော့ အူကြောင်ကြောင်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမဲ့မေးမှဖြစ်တော့မယ်။

ဒီနေရာကို ဘယ်လိုခေါ်လဲ...လို့ ဆံပင်တွေကော့ပျံနေအောင် ဖြီးထားတဲ့ လူရည်သန့် တစ်ယောက်ကို မေးလိုက်မိတယ်။ သူက ခေါင်းကိုခါရမ်းရင်း ငါက ခရီးသွားတစ်ယောက်ပါလို့ ပြောပြီး ဆက်ထွက်သွားတယ်။ အဲဒီအချိန်မှာ ဘတ်စ်ကားကြီးတစ်စီးပေါ်ကနေ လူတွေအများကြီး ဆင်းချလာတယ်။ ကားကိုကြည့်လိုက်တော့ tour ကားတစ်စင်းဆိုတာ သိလိုက်တယ်။ လူတွေကတော့ အရောင်စုံပဲ။ ဒီလူတွေကိုပဲ တစ်မျိုးလှည့်မေးရမှာပဲလို့တွေးလိုက်တယ်။ ဒီကို ပထမဆုံးရောက်ဖူးတာလား ...လို့ ဂါဝန်ဖြူဖြူလေးနဲ့ ကောင်မလေးလှလှလေး တစ်ယောက်ကို ရွေးမေးလိုက်တယ်။ ကောင်မလေးက ခေါင်းညိတ်ရင်း ဟုတ်တယ်တဲ့။ ဒီနေရာကို ဘာလို့ခေါ်လဲ သိလား လို့ ဆက်မေးတော့ ကောင်မလေးကရယ်ပြီး မနောက်ပါနဲ့ ခုမှကားပေါ်က ဆင်းလာတာလေလို့ ပြောပြီးလူအုပ်ကြီးနဲ့ ဆက်လိုက်သွားတယ်။ လူတွေပျားပန်းခတ်မျှများနေတာရယ်၊ ဒီလိုtour ကားတစ်စင်းဆိုက်လာတာ ရယ်ကိုကြည့်ရင် ဒီနေရာဟာ သာမန်နေရာတစ်ခုတော့ မဟုတ်လောက်ဘူးလို့ တွေးရင်း ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ဖို့ စောစောက tour ကားပေါ်က ဆင်းလာတဲ့ အုပ်စုနောက်ကနေကပ်လိုက်သွားလိုက်တယ်။ သူတို့နဲ့ အတူပါလာဟန်တူတဲ့ ဂိုက်က အသားဝါလူမျိုး။ သူပြောနေတဲ့ ဘာသာစကားကို ကိုယ်နားမလည်ဘူး။ သူက ဘာသာစကား ဘယ်နှခုလောက်များ တတ်လဲ မသိဘူး။ တစ်စုကို ဘာသာစကားတစ်မျိုးလောက်စီနဲ့ ပြောနေတာကို တွေ့ရတယ်။ ခက်တာက အဲဒီထဲမှာ အင်္ဂလိပ်စကားမပါတာပဲ။ သူ့လူတွေကလည်း ဦးတည်ချက်ရှိရှိ ပြန့်ကွဲထွက်သွားတယ်။ အားလုံးကိုလှမ်းအော်တယ်။ အချိန်တစ်နာရီရတယ်တဲ့။ ဒါကတော့အင်္ဂလိပ်လိုပါပဲ။ သူ့လူတွေ ပျားပန်းခတ်စီးဆင်းသွားတဲ့ လမ်းအသီးသီးကို လှမ်းမျှော်ကြည့်တော့ ဆိုင်တချို့ကလွဲရင် ဘာမှသိပ်ထူးထူးထွေထွေလည်း မတွေ့ရသလိုပဲ။

လူတချို့နောက်ကို လိုက်လျှောက်ရင်း၊ လမ်းတွေကိုလိုက်ကြည့်ရင်း ဆာလာတယ်။ အိတ်တွေကို လက်ကထပ်နှိုက်ကြည့်မိတယ်။ စားစရာအတွက် ငွေစကြေးစနည်းနည်းပါးပါး ပါလာလို ပါလာငြား။ တစ်ပြားတစ်ချပ်မှထွက်မလာဘူး။ ကံအားလျော်စွာပဲ ကော်ဖီဆိုင်တစ်ဆိုင်ရှေ့ မှာရေးထားတဲ့ စာတမ်းလေးက ကိုယ့်မျက်ဝန်းတွေကိုလက်သွားစေတယ်။ Free Coffee Available 4 တဲ့။ အလကားသောက်လို့ရတဲ့ ကော်ဖီလေးခွက်ရှိတယ်တဲ့။ ဒါဟာ ယဉ်ကျေးမှုတစ်ခုလို ဒီဘက်ခေတ်မှာ တွေ့လာရတဲ့ကိစ္စတစ်ခုပဲ။ ကိုယ့်အတွက် ကော်ဖီတစ်ခွက်ဝယ်ရင်းfree coffee အတွက် တစ်ခွက်စာ ငွေချေသွားတတ်ကြတဲ့သူတွေရှိတယ်။ အဲဒါကို ငွေမပါလာတဲ့သူတွေ၊ လမ်းဘေးက အိမ်ခြေယာမဲ့တွေက ဒီဆိုင်းဘုတ်လေးတွေ့ရင် ကော်ဖီတစ်ခွက်တော့ ဝင်ယူလို့ရတယ်။ တစ်ခါမှတော့ ကိုယ်လည်းမလုပ်ဖူးပါဘူး။ ဒါပေမဲ့ ခုချိန်မှာ အတော်လည်းဆာလောင်နေသလို သွေးသားကလည်း ကော်ဖီလို့ ရေရွတ်တောင့်တနေခဲ့ပြီ။ ဒါနဲ့ free coffee လို့ ပြောပြီးကောင်တာမှာ ရပ်လိုက်တာ ခဏနေတော့ကော်ဖီတစ်ခွက်ရလာတယ်။ ကော်ဖီပေးတဲ့ ကောင်လေးကိုတော့ ရအောင်မေးခဲ့သေးတယ်။ ဒီဆိုင်က ဘယ်နေရာမှာရှိတာလဲလို့။ ကောင်လေးက ပြုံးပြုံးရွှင်ရွှင်ပဲဖြေတယ်။ ဒါ ဈေးတောင်ဘက်လေတဲ့။ ပြီးတော့ အလုပ်တွေဇယ်စက် သလို လုပ်နေရတဲ့ သူ့လုပ်ငန်းခွင်ထဲ သူပြန်ရောက်သွားတယ်။ ကိုယ်လည်း ဘာမှဆက်မေးခွင့် မသာတော့တဲ့အတွက် ကော်ဖီကိုပဲ စိမ်ပြေနပြေ သောက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။

နှစ်လိုဖွယ်ကောင်းတဲ့ ကော်ဖီရဲ့ အရသာကတော့ အရင်အတိုင်းပဲ။ ကိုယ့်ကိုဘယ်တုန်းကမှ ဇဝေဇဝါမဖြစ်စေခဲ့ဘူး။ ကော်ဖီတစ်ခွက်ဟာ ဆာလောင်မှုတွေကိုလည်း ငြိမ်းစေနိုင်တယ်ဆိုတာ ပိုသေချာလာရတယ်။ ကော်ဖီခွက်ကို ကုန်သွားမှာ စိုးလို့ ခပ်ဖြေးဖြေး အချိန်ဆွဲသောက်ရင်းကပဲ ကုန်သွားခဲ့တယ်။ စောစောက နိုးလာခဲ့တဲ့ ခုံတန်းပေါ်မှာပဲ ထိုင်နေရင်း လူတွေ တစ်စတစ်စကျဲပါးသွားတာကို ထိုင်ကြည့်နေမိတယ်။tour bus ကြီးလည်း မရှိတော့ဘူး။ တချို့ ဆိုင်ကလေးတွေလည်း ပိတ်သွားကြပြီ။ ညမှောင်သွားရင် ကိုယ်ဘာလုပ်ရမလဲဆိုတဲ့အတွေးက ကိုယ့်ကို မတ်ကနဲဖြစ်သွားစေတယ်။ ခပ်လှမ်းလှမ်းမှာ ကြီးမားတဲ့ ဟိုတယ်ကြီးတစ်ခုရှိနေတာ လှမ်းမြင်နေရပေမဲ့ ကိုယ့်ဆီမှာကျ ပြားစေ့ တစ်စေ့တောင်မှ ပါမလာဘူးလေ။ အဲဒီအချိန်မှာ ဘောင်းဘီအိတ်ထဲ ပြန်ထည့်ထားတဲ့ ဖုန်းက ရုတ်ကနဲ ထခုန်တယ်။ အိုး ကိုယ့်ဆီတစ်ယောက်ယောက် ဖုန်းခေါ်တာmessage ပို့တာ ဖြစ်နိုင်တယ်မဟုတ်လား။ ဘဝမှာ တစ်ခါမှ မဖြစ်ဖူးတဲ့တုန်ရီမှုမျိုးနဲ့ ဖုန်းကို ဆွဲထုတ်လိုက်တယ်။ ဖွင့်ကြည့်လိုက်တော့message တစ်ခု။ နံပါတ်တစ်ခုကိုတွေ့ရလိုတွေ့ရငြား ကဗျာကယာmessage ကိုဖွင့်လိုက်တယ်။ ျservice provider ပို့တဲ့ you’ve a missed call fromာ ဆိုတဲ့ message ကိုတွေ့လိုက်ရချိန်မှာ ကိုယ်ဟာ လှိုက်ကနဲ။ ဖုန်းရဲ့ တုန်ခါမှု တစ်ခုကိုမှ သတိမပြုလိုက်မိပါပဲmissed call ဆိုတော့ စဉ်းစားစရာပေါ့။ ဒါပေမဲ့ ဆက်စဉ်းစားမနေအားဘူး။ ဘယ်သူ့ နံပါတ်မှန်းမသိတဲ့ နံပါတ်တစ်ခုကို ကဗျာကယာ ပြန်ခေါ်လိုက်မိတယ်။ ဖုန်းကဘယ်လိုမှခေါ်မရဘူး။signal ကြည့်လိုက်တော့ တစ်တုံးတောင်မမိချင်ဘူးရယ်။ ထိုင်ရာကထပြီးsignal အတုံးလေးတွေ တက်လာမယ့် နေရာတစ်ခုခု ရှိလိုရှိငြား တောင်မြောက် လျှောက်နေမိတယ်။ တော်တော်လေး လျှောက်လိုက်ပြီးမှ signal တစ်တုံးကို စမိတယ်။ ဖုန်းဝင်သွားတယ်။ တစ်ဖက်က ဖုန်းမကိုင်ဘူး။ leave a message after the tone ဆိုတဲ့ စကားကိုကြားတော့ ဒါဟာ အိမ်ဖုံးဖြစ်ရမယ်လို့ သိလိုက်တယ်။ beep ဆိုတဲ့အသံအဆုံးမှာ ငါပါ။ ငါဘယ်ရောက်နေလဲ မသိဘူးလို့ ဒရောသောပါး ပြောချလိုက်တယ်။ ငါ့ကိုလာခေါ်ဦး။စကားကိုဆုံးအောင်ပြောပြီး ခေါက်ဖုန်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလို ဖျတ်ကနဲ ပိတ်ပစ်လိုက်တယ်။

ကိုယ်တိုင်တောင် ဘယ်ရောက်နေမှန်းမသိတာ။ ငါ့ကို လာခေါ်ဦးလို့ ပြောတဲ့စကားက သိပ်တော့ အဓိပ္ပာယ်မရှိလှဘူး။နောက် ဒါဟာ အိမ်ဖုန်းဖြစ်နိုင်တယ်ဆိုတာကလွဲပြီး မသေချာပြန်ဘူး။ ကိုယ်ဟာ application တွေ ဖြည့်တိုင်း အိမ်ဖုန်းနံပါတ်ဆိုရင် ဖုန်းထဲက contact list ကို ဖွင့်ဖွင့်ကြည့်ရတတ်သူပဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက် က ၆၆၆ ဘလာဘလာ ဆိုတဲ့ နံပါတ်တစ်ခုပဲ ခေါင်းထဲ ရှိနေတတ်တာ။

ဆိုင်တွေအတော်များများ ပိတ်သွားကြပြီ။ နေရောင်လည်း အတော်ကျသွားလို့ လမ်းမီးတိုင်တွေပဲ မြင်ရတော့တယ်။ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း အလင်းရောင်နည်းပြီး တိတ်ဆိတ်လာတယ်။ မမှားဘူးဆို ဒီနေရာလေးမှာ ကိုယ်တစ်ယောက်တည်း ကျန်နေခဲ့ပုံပဲ။ နိုးထလာတဲ့ ခုံတန်းလေးမှာပဲ ပြန်မီနေလိုက်တယ်။ တစ်ချက်မိုက်ခနဲ အသိပျောက်သွားပြီး သတိရလာတော့ ဆေးရုံကားသံကို ကြားနေရတယ်။ ဆေးရုံကားတွေ အနားက ဖြတ်သွားတာလားမသိဘူးလို့ တွေးမိပေမဲ့ အသံက တိုးတိတ်ပျောက်ကွယ်မသွားဘူး။ တစ်သမတ်တည်း မြည်ဟည်းနေတယ်။ ဒါဆို ဖြစ်နိုင်တာကိုယ်တိုင် အရေးပေါ် ကားပေါ် ရောက်နေခဲ့တာလား။ မျက်စိကို အားတင်းဖွင့်ပြီး ကုန်းထဖို့ ကြိုးစားတော့ အသံတချို့ ကြားရတယ်။ မထနဲ့ဦး။ ခဏနေဦးတဲ့။ ဒါ ဘယ်သူ့အသံလဲ။ သိပ်ရင်းနှီးတဲ့ အသံတစ်ခုဆိုတာ စိတ်က အတိအကျသိလိုက်ရပေမဲ့ ဘယ်သူလဲ ဆိုတာတော့ မဝေခွဲနိုင်လိုက်ဘူး။ ဒါပေမဲ့ စိတ်ချရတဲ့အသံတစ်သံဆိုတဲ့ အသိနဲ့ ကိုယ်ပြန်အိပ်ပျော်သွားခဲ့တယ်။ နောက်တစ်ကြိမ် ပြန်နိုးလာတော့ အိမ်ရဲ့ အငွေ့အသက်ကိုရှူရှိုက်မိတယ်။ ဘယ်အိမ်လဲတော့ သေချာမသိဘူး။ အခန်းပြင်က မီးမှိန်မှိန်လေး လင်းနေတာကို လှမ်းမြင်ရတာကလွဲရင် ကိုယ့်နေရာ တစ်ဝိုက်မှာ အလင်းရှိမနေဘူး။ အားယူထဖို့ ကြိုးစားပေမဲ့ အဆင်မပြေဘူး။ အဲဒါနဲ့ လက်က အိတ်ထဲက ဖုန်းဆီ အလိုလိုရောက်သွားတယ်။ ဖုန်းကိုဆွဲထုတ်လိုက်တော့ Motorola မဟုတ်တော့ဘူး။ အက်ရာတစ်ခု ထင်းနေတဲ့iphone X ကို ပြန်တွေ့လိုက်ရတယ်။မျက်နှာရှေ့ရောက်တာနဲ့ ဖုန်းက အလိုလိုပွင့်သွားပြီး application ပေါင်း မြောက်မြားစွာရဲ့ notifications ပေါင်း မြောက်မြားစွာက ကိုယ့်ကို ရဲရဲတောက် ကြိုဆိုနေလိုက်တာ။ ဆက်သွယ်မှု ဧရိယာရဲ့ ပြင်ပကို ကိုယ်ဘယ်လောက် ကြာအောင် ရောက်သွားခဲ့တာတဲ့လဲ။ ထုံးစံအတိုင်း ကိုယ်ရှာနေကျ message တစ်ခုကို ရှာတယ်။ကိုယ့်အတွက် message တစ်ကြောင်းက စောင့်ကြိုလို့။ ဘယ်တွေ လျှောက်သွားနေတာလဲ ဆိုတဲ့ စာတစ်ကြောင်းနဲ့ ကိုယ့်အိမ်ရှေ့ လမ်းကလေးပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံ၊ ကိုယ့်လက်ထဲက ဖုန်းကလေး လွတ်ကျသွားတယ်။ စီးကျလာတဲ့ မျက်ရည်တချို့နဲ့အတူ ကိုယ်ပြုံးလိုက်မိသလားမသိ။ ဒီလိုပါပဲ။ ခပ်ပါးပါးလေး လွဲချော်မှုတွေဟာ တစ်ဘဝစာလုံးပဲဆိုတာ ကိုယ်သိနေခဲ့တာပဲလေ။ ကိုယ်ဘယ်ရောက်နေမှန်း မသိတဲ့နေ့က သူ ကိုယ့်ဆီ ရောက်နေခဲ့တယ်။


#ဖုန်း
#ဖုန်းနံပါတ်
#ကော်ဖီ
#အိတ်
#တစ်

Some text some message..