ရည်းစားဟောင်းကို ပြန်တွဲသင့်၊မတွဲသင့် ဒီအချက်တွေနဲ့ဆုံးဖြတ်ကြမယ်
shwemom.com
|
2019-11-01

အရင်တုန်းက တွဲခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားတဲ့ Ex ကို တချိန်ချိန်မှာတော့ ပြန်ပြီး သတိရမိကြမှာပါ။ တချို့ကတော့ သတိရတယ်ဆိုတာထက် အခွင့်အရေးရရင် ပြန်ပြီး တွဲဖို့ကိုတောင် စိတ်ကူးတတ်ကြပါတယ်။

ဒီတော့ ပြောစရာတွေရှိလာခဲ့ပြီလေ။ ရည်းစားဟောင်းကို ပြန်ပြီး တွဲသင့်၊ မတွဲသင့်…..

(၁)။ ကိုယ့်စိတ်ထဲမှာ သူနဲ့ပြန်တွဲချင်တာ သေချာရဲ့လား

တစ်ခါတလေကျရင် သူနဲ့ ပျော်ခဲ့ဖူးတာလေးတွေ ပြန်သတိရ၊ သူက ကိုယ့်ကို ဂရုစိုက်ဖူးတာတွေ ပြန်သတိရပြီး သူနဲ့ ပြန်တွဲချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်တို့နှစ်ယောက် ဘယ်လိုပြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကြီးကို မေ့ပြီး ပျော်ခဲ့ဖူးတဲ့အချိန်လေးတွေကို သတိရနေမိတာမျိုးပေါ့။ အဲဒီလိုဆိုရင် စိတ်ထဲမှာ သူနဲ့ ပြန်တွဲရရင်ကောင်းမှာပဲ ဆိုတဲ့အတွေးလေး ဝင်လာတတ်တာပါ။ ဒီလိုအတွေးမျိုးက ကိုယ့်စိတ်ထဲမှာ အမြဲတမ်းရှိနေရင် ပြဿနာမရှိပေမယ့် တစ်ခါတလေမှ ဝင်လာတဲ့အတွေးမျိုးဆိုရင်တော့ ပြန်တွဲဖို့အထိ မစဉ်းစားနေပါနဲ့။


Rido/Shutterstock

(၂)။ သူကရော ကိုယ့်ကိုချစ်နေသေးတယ်ဆိုတာ သေချာရဲ့လား

ကိုယ်ကသာ သူနဲ့ ပြန်တွဲချင်စိတ်ရှိနေရုံနဲ့တော့ ပြန်တွဲဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သူ့ဖက်ကလည်း ကိုယ့်နဲ့ ပြန်တွဲချင်ရဲ့လား၊ ကိုယ့်ကိုချစ်နေသေးတာလားဆိုတာ သေချာဖို့လိုသေးတယ်လေ။ ဒီလိုမှ မဟုတ်ရင် ကိုယ်ကပဲ ပြန်တွဲချင်တဲ့စိတ်နဲ့ စကားတွေသွားပြော၊အဆက်အသွယ်တွေ သွားလုပ်နဲ့ တစ်ဖက်သတ်ကြီး ဖြစ်နေမှာပါ။ အချိန်အကြာကြီး တွဲခဲ့တဲ့ ချစ်သူတွေဆိုရင်တော့ စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်တာနဲ့ သူကိုယ့်ကို ပြန်တွဲချင်နေလား၊ မတွဲချင်ဘူးလားဆိုတာ သိနိုင်တာမို့ အခြေအနေမဟန်ဘူးဆိုရင် နောက်ဆုတ်လိုက်တာပဲ ကောင်းပါတယ်။


Rido/Shutterstock

(၃)။ ကိုယ်နဲ့လမ်းခွဲပြီးတဲ့နောက် သူ နောက်တစ်ယောက်ကိုချစ်ခဲ့သေးလား

ကိုယ်နဲ့လမ်းခွဲပြီးတဲ့နောက် သူ နောက်တစ်ယောက်ကို ချစ်ခဲ့သေးလား ဆိုတာလည်း စောင့်ကြည့်ရမယ့်အချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုမမေ့နိုင်ခဲ့တာ၊ ကိုယ်နဲ့ပြတ်သွားတဲ့နောက် ဘယ်သူ့ကိုမှ ထပ်ချစ်ဖို့မကြိုးစားတော့တာ ဆိုရင် ပြန်တွဲဖို့ စဉ်းစားသင့်တယ်လေ။ ဒီလိုမဟုတ်ဘူး၊ သူက ကိုယ်နဲ့ပြတ်သွားပေမယ့် သိပ်ခံစားမနေပဲ နောက်ထပ် ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားနေတယ် ဆိုရင် သူနဲ့ပြန်တွဲဖို့ မစဉ်းစားတာပဲ ကောင်းပါလိမ့်မယ်။

(၄)။ သူနဲ့ပြတ်သွားတဲ့အကြောင်းရင်းကို စဉ်းစားပါဦး

သူနဲ့ပြန်တွဲဖို့ စဉ်းစားနေပြီဆိုရင် သူနဲ့ပြတ်သွားခဲ့တဲ့အကြောင်းရင်းကိုလည်း ပြန်ပြီး စဉ်းစားကြည့်ဖို့ လိုပါဦးမယ်နော်။ ကိုယ်နဲ့ သူ ပြတ်ခဲ့တဲ့ အကြောင်းက သူက ကိုယ့်ကို သစ္စာဖောက်သွားတာမျိုး၊ သူနဲ့ကိုယ်နဲ့ကြားမှာ မတူညီတာတွေက များလွန်းနေတာမျိုး စတာတွေကြောင့် ဖြစ်ရတာဆိုရင် နောက်တစ်ခေါက် ပြန်တွဲရင်လည်း ဒီလိုမျိုးတွေ ထပ်ဖြစ်လာနိုင်သေးတာမို့ သေချာစဉ်းစားကြည့်ဖို့တော့ လိုပါလိမ့်မယ်နော်…။


Rido/Shutterstock

Linn


#တွဲ
#လား
#အတွေး
#လမ်းခွဲ
#စနေ

Some text some message..