Relationship တစ်ခု ရေရှည်တည်မြဲပြီး ချစ်ခင်လေးစားမှုတွေ မလျော့ဖို့ကို စုံတွဲတိုင်း အလိုရှိကြပါတယ် ။ သို့သော်လည်း ကိုယ်တိုင် လုပ်မိနေကြတဲ့ တစ်ချို့ အကျင့်စရိုက်တွေကြောင့် Relationship တစ်ခုဟာ ပျက်စီးချိန်မတန်ဘဲပျက်စီး ၊ ထိခိုက်တာမျိုးတွေ မကြာခဏ မြင်တွေ့နေရပါတယ် ။
၁။အတ္တကြီးတာ
အနည်း၊အများကွာပေမယ့် လူတိုင်းမှာ အတ္တကိုယ်စီတော့ ရှိကြပါတယ်။ သို့သော် ဒီလိုအတ္တကြီးတာဟာ တစ်ယောက်တည်းသမားတွေအတွက် ကိစ္စမရှိပေမယ့် နှစ်ယောက်ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ပုံစံအတိုင်း အတ္တကြီးနေလို့ မရတော့ပါဘူး ။ သမီးရည်းစားဘဝမှာဖြစ်ဖြစ် လင်မယားဘဝမှာဖြစ်ဖြစ် ကိုယ့်အတွက်သာ ကိုယ်သိပြီး ၊ ကိုယ်ပဲအသာလိုချင်နေလို့ မဖြစ်တော့ပါဘူး ။ လျှော့သင့်တာလျှော့ ၊ အနစ်နာခံသင့်တာခံ ၊ ဦးစားပေးသင့်တာကို ဦးစားပေးမှ အဆင်ပြေတဲ့ ဆက်ဆံရေးဖြစ်မှာပါ ။ အမြဲတမ်း ကိုယ်ပဲ သာနေချင်ရင်တော့ တစ်ယောက်တည်း လွတ်လပ်စွာ နေတာ အကောင်းဆုံးပါ ။
၂။ညှိနှိုင်းမှုမရှိတာ
ကိစ္စတိုင်းကို တစ်ယောက်နှင့်တစ်ယောက် ညှိနှိုင်းနေရမယ်လို့ မဆိုလိုပါဘူး ။ သို့သော် ပြောသင့်ပြောအပ်တဲ့ ကိစ္စတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေး တိုင်ပင်သင့်ပါတယ် ။ ချစ်သူသမီးရည်းစားဘဝမှာ သိပ်အရေးမကြီးသော်လည်း အိမ်ထောင်သည်ဘဝ ရောက်သွားရင်တော့ အရာရာဟာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရတော့ပါဘူး ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စတစ်ခုကို မလုပ်ခင်မှာ နှစ်ယောက် ဆွေးနွေးညှိနှိုင်းသင့်ပါတယ် ။လုပ်ချင်တာလုပ်ပြီးမှ အသိပေးလိုက်တာမျိုးဟာ တစ်ကိုယ်ကောင်းဆန်သလို တစ်ဖက်လူအပေါ်လည်း အလေးမထားရာ ရောက်ပါတယ် ။
၃။မိဘတွေကိုတိုင်တောတာ
ခဏခဏ မြင်တွေ့ဖူးပါတယ် ။ သမီးရည်းစား ၊ လင်မယား စကားများရန်ဖြစ်တိုင်း သူ့မိဘကို တိုင် ၊ ကိုယ့်မိဘကိုတိုင်တောတာမျိုးတွေ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး ။ ဒါဟာ သူ့မိဘ ၊ ကိုယ့်မိဘအပေါ် လေးစားမှု လျော့နည်းစေသလို တစ်ဖက်လူအပေါ်မှာလည်း အမြင်စောင်းမှုတွေ ဖြစ်စေပါတယ် ။ နှစ်ဦးကြားက ပြဿနာတိုင်းကို နှစ်ဖက်မိဘတွေ သိစရာ မလိုပါဘူး။ ရေရှည်လက်တွဲဖို့ စဉ်းစားထားကြတဲ့ ချစ်သူစုံတွဲတွေဆိုလျှင် ဒီလိုအပြုအမူတွေက မိဘနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက် ကောင်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ် ။ နှစ်ယောက်အဆင်ပြေသွားလည်း သူ့မိဘက ကိုယ့်အပေါ် အမြင်မကြည်သလို သူ့မိဘကလည်း ကိုယ့်အပေါ်မှာ အထင်လွဲ အမြင်စောင်းနိုင်ပါတယ် ။ ပါးနပ်မှုရှိမယ်ဆိုလျှင် ကိုယ့်မိဘရှေ့မှာ ကိုယ့်လက်တွဲဖော်ရဲ့ ဆိုးကွက်ထက် ကောင်းကွက်တွေကိုသာ ပြောပေးသင့်ပါတယ် ။
၄။ရန်ဖြစ်ရင်လက်ပါခြေပါတာ
သိပ်ကိုဆိုးရွားတဲ့ အပြုအမူပါပဲ ။မိန်းကလေးကလည်း ယောက်ျားလေးကို ရိုက်ပုတ်ခြင်း မလုပ်သင့်သလို ယောက်ျားဘက်ကလည်း မိန်းမကို အားသုံးရိုက်နှက်ခြင်း လုံးဝ မပြုလုပ်သင့်ပါဘူး ။ ယောကျာ်းကောင်း ယောကျာ်းမြတ်တို့မည်သည် ဘယ်သောအခါမှ အမျိုးသမီးကို အားသုံးကာ အနိုင်ကျင့်ခြင်းမျိုး ပြုလုပ်လေ့ မရှိပါ ။ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မယ်ဆိုတဲ့စကား အိမ်သာတွင်းထဲ ပစ်လိုက်ပါ။
၅။လူကြားထဲသိက္ခာကျအောင်လုပ်တာ
တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေကို လူကြားထဲ လှောင်ရယ်ပြောတာ ၊ အရှက်ခွဲတာ ၊ ဆဲဆိုမာန်မဲတာမျိုးဟာ ဆိုးရွားတဲ့ အကျင့်တစ်ခုပါ ။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် အခြားသူတွေရဲ့ တန်ဖိုးမထားပြောဆိုခြင်းတွေကို ခံရပါလိမ့်မယ် ။
၆။အတွင်းမီး အပြင်သယ် ၊ အပြင်မီး အတွင်းသယ်လုပ်တာ
ဒါကတော့ အများအားဖြင့် မိန်းကလေးတွေ လုပ်တတ်ပါတယ် ။ နှစ်ဦးကြားက ပြဿနာ ၊ ကိစ္စရပ်တွေကို အခြားသူတွေကို မလိုအပ်ပဲ ပြောတာမျိုးကို ယောက်ျားလေးအများစု မုန်းကြပါတယ် ။ မလိုအပ်ပဲ သူများကို ကိုယ့်အကြောင်း မပြောပါနဲ့ ။ အပြင်မီး အတွင်းသယ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ လုပ်ငန်းခွင်းမှာဖြစ်စေ အပေါင်းအသင်းနဲ့ဖြစ်စေ အဆင်မပြေတာကို အိမ်အထိသယ်ပြီး ကိုယ့်ရဲ့ ဇနီး ၊ ခင်ပွန်းကိုပါ ရောကာ အမြင်မကြည် မာန်မဲတာမျိုးတွေ မလုပ်သင့်ပါဘူး။
၇။ လိမ်ညာတာ
လိမ်ညာခြင်းကတော့ အဆိုးဆုံးပါပဲ ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အမှန်အတိုင်းပြောပြီး ရလာမယ့် ရလဒ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တာက လူကောင်းတွေရဲ့ စိတ်ဓါတ်ပါ ။ နောင်ဖြစ်မှ နောင်ရှင်း ၊ ပြီးစလွယ်ပြောတာမျိုး ဘယ်သူမှ မကြိုက်ကြပါဘူး ။
၈။ကတိမတည်တာ
ယောက်ျားလေးတွေထက်စာရင် မိန်းကလေးတော်တော်များများက ကတိကို တန်ဖိုးထားတတ်ပါတယ် ။ စုံတွဲတိုင်းမှာ မိန်းကလေး အတော်များများ မုန်းတဲ့အကျင့်ကို မေးကြည့်တဲ့အခါ ကတိမတည်တဲ့ အကြောင်းအရင်းက အမြဲပါပါတယ် ။ ကတိကို လွယ်လွယ်မပေးပါနဲ့ ။ ပေးပြီးရင်လည်း တည်အောင် စွမ်းဆောင်တာ အကောင်းဆုံးပါ ။
၉။ အလိုက်မသိတာ
မရှိတာထက် မသိတာက ပိုဆိုးပါတယ် ။ အလိုက်သိခြင်း ၊ မသိခြင်းဆိုတာ ကိုယ်တိုင်သိမြင်ပြီး ကိုယ်တိုင်ဆင်ခြင်မှ ဖြစ်တာပါ ။ ကိုယ်ဟာ အလိုက်သိတဲ့သူတစ်ယောက် ဟုတ်လား ၊ မဟုတ်ဘူးလားဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီး အရာရာမှာ ကြိုးစားနေထိုင်ဖို့ အကြံပြုလိုပါတယ် ။
ဒီလို အကျင့်ဆိုးတွေကို လက်တွေ့ဘဝမှာ အမြဲမြင်တွေ့နေရလေ့ရှိပါတယ် ။ ကိုယ့်ရဲ့ relationship ကို ခိုင်ခိုင်မာမာနဲ့ ရှုည်ကြာချင်တယ်ဆိုရင်တော့ ဒါတွေကို ဆင်ခြင်ရမှာပါ ။ ။ ကိုယ့်ရဲ့ Relationship ကို ကိုယ်တိုင် မရိုက်ချိုးမိပါစေနဲ့ ။
CHAN (ရွှေအင်းလေး)