
တကယ့်ချစ်မေတ္တာစစ်မှန်ရင် အင်မတန်ကို အေးချမ်းလှပါတယ်။ပူလောင်မှုတွေ မရှိတဲ့အပြင် စိတ်ချမ်းသာစရာတွေကိုပါ ချစ်မေတ္တာအစစ်အမှန်က ယူဆောင်လာပေးပါတယ်။ ကိုယ်နဲ့ သွေးသားမတော်စပ်လှတဲ့ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းစည်းဖို့၊ ဆုံစည်းဖို့၊ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိဖို့ဆိုတာ လွယ်မယောင်နဲ့ခက်လှပါတယ်။ ဒါကြောင့် တချို့က အချစ်စစ်အချစ်မှန်ကို တွေ့ဖို့ဆိုတာ အင်မတန်ကံကောင်းတဲ့သူမှ တွေ့ရတယ်လို့ဆိုကြတာလို့ ထင်မိပါတယ်။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်အရာကို ခေါ်သလဲ၊ ဘယ်လိုမျိုး ပြုမူပြောဆိုမှုတွေကို ခေါ်သလဲဆိုတာ ပြောပြချင်ပါတယ်။
၁ ။ Love is sharing
ဟုတ်ပါတယ်။ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဝေမျှခြင်းအနုပညာတစ်ခုပါ။ ဘာတွေ ဝေမျှသလဲဆိုတော့ ခံစားချက်တွေ ဝေမျှတယ်၊ ပျော်စရာတွေ ဝေမျှတယ်၊ အတွေ့အကြုံတွေ ဝေမျှတယ်၊ စိတ်ချမ်းသာစရာလေးတွေ ဝေမျှတယ်။ ဘယ်သူမှ မဆို ကိုယ်ရင်နဲ့ စူးစူးနင့်နင့်ချစ်ရတဲ့ ချစ်သူကို အကောင်းဆုံးတွေချည်းပဲ ပေးချင်တာ သဘာဝပါပဲ။ ကိုယ့်ချစ်ရသူကို ပျော်ရွှင်စေချင်တယ်၊ စိတ်ချမ်းမြေ့စေချင်တယ်၊ သူ့ဆီကို ဘာစိတ်ဆင်းစရာစရာကိစ္စမှ မပြောမဆို မရောက်ရှိစေရပေါ့။ ဒီလို လူတိုင်းလိုလိုဟာ ထင်မှတ်ယူကြပါတယ်။ တကယ်တော့ ဒီလို ပြုမူပြောဆိုနေခြင်းက မကောင်းလှပါဘူး။ တကယ့်ချစ်မေတ္တာ အစစ်အမှန်မှာ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်စရာရှိတာ ဖွင့်ပြီး ပျော်စရာတွေချည်းပဲ ရွေးချယ်ပြောဆိုနေရမယ့်အစား ကိုယ်ကြုံတွေ့ခဲ့တဲ့ စိတ်ညစ်စရာတွေ၊ အဆင်မပြေမှုတွေကို တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ရင်ဖွင့်သင့်ပါတယ်။ ဒီလိုမှသာ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပိုမို ရင်းနှီးကျွမ်းဝင်လာမှာ ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေ ရရှိလာမှာပဲဖြစ်ပါတယ်။ တကယ်တော့ အချစ်စစ်ဆိုတာမိုးပေါ်က ကျလာတာတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အချိန်ယူပြီး အသေချာတည်ဆောက်ပြီးမှ ရလာတဲ့ ဘုံဗိမ္မာန်လေးတစ်ခုပါ။

Instagram/JasonMomoa
၂။ အချစ်စစ်ဆိုတာ လုပ်ဆောင်ချက်တစ်ခု
ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင်း၊ တွဲနေကြရင်းနဲ့ ရုတ်တရက်ဆိုသလို တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေက မဖြစ်မနေ ကြုံတွေ့ရမယ့် အခြေအနေတစ်ရပ်မို့ ကြုံကို ကြုံတွေ့မှာပါပဲ။ Relationship တစ်ခု ပြိုကွဲသွားတယ်၊ ပျက်စီးသွားတယ်ဆိုတာ ဒီလို ခဏတာအခြေအနေလေးကို မကျော်ဖြတ်နိုင်တဲ့အတွက် ကြောင့်လည်း ပါဝင်ပါတယ်။ စိတ်ခံစားမှုတွေ ကုန်ခမ်းလာတာ၊ စိတ်ဝင်စားမှုမရှိတော့တာ၊ အရင်လိုမဟုတ်တော့တာမျိုးတွေပေါ့။
တကယ်လို့ တစ်ယောက်နဲ့တစ်ယောက်သာ မခွဲချင်ကြဘူး။ သိပ်ချစ်ကြတယ်ဆိုရင် ဒီလိုအခြေအနေကို နှစ်ယောက်စလုံး သတိလေးထားပြီး ကျော်ဖြတ်သင့်ပါတယ်။ နားလည်မှုလွှဲစေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားတာ၊ သူ မကြိုက်တာကို မလုပ်တာ၊ ကြိုက်တတ်တာလေးတွေကို ပြင်ဆင်ပေးတာနဲ့ အချစ်ကို ပြန်လည်ပူနွေးအောင် ပြုလုပ်လို့ရပါတယ်။ ဒီလို အခြေအနေကို relationship တိုင်း သတိပြုသင့်ပါတယ်။
၃။ စည်းထားထားတာ
တစ်ယောက်နဲ့ တစ်ယောက်တွဲတာ ရေရှည်ဖြစ်လာပြီ၊ နှစ်တွေ များလာပြီဆိုရင်တော့ ကိုယ်စီ ကိုယ်စီစည်းလေး ဘောင်လေးတွေ တော့ ထားသင့်တာက ပိုပြီး ကောင်းမွန်စေမှာပါ။ တစ်ယောက်နဲ့တစ်ယောက်နဲ့ မတူညီကြတဲ့အတွက်လည်း သူ့ရဲ့မိတ်ဆွေတွေ၊ အလုပ်တွေဟာလည်း တူညီမှာမဟုတ်ပါဘူး။ ဒါ့အပြင် လူတစ်ယောက်မှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာဆိုတာ လိုကို လိုအပ်လှပါတယ်။ အမြဲတမ်းချည်း တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်တယ်၊ ဆုံချင်တယ်၊အနားလေးမှာ ၂၄ နာရီ အချိန်ပြည့်ကပ်နေတယ်ဆိုတာမျိုးတွေက သက်တမ်းတိုနေတဲ့ relationship တွေမှာသာ ကောင်းပေမယ့် ရေရှည် နှစ်ကာလကြာရှည်လာပြီဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ရေရှည် relationship တစ်ခုဖြစ်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရှိနဲ့ နေထိုင်ဖို့ လိုအပ်လာပါပြီ။ စည်းလေးတွေလည်း လိုအပ်လာပါပြီ။ တစ်ယောက်ကလည်း ရိုးရိုးသားသားနဲ့ နေထိုင်မယ်၊ တစ်ယောက်ကလည်း ယုံကြည်မှုရှိမယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။ အချစ်စစ် အချစ်မှန် မှန်သမျှကို စတင်ဖျက်ဆီးသူကတော့ သံသယလို့ ခေါ်တဲ့ အရာပါ။ သံသယကင်းကင်းနဲ့ နှစ်ဦးနှစ်ဖက်နေထိုင်မယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

Instagram/RyanReyonlds
၄။ ရည်မှန်းချက်တူညီနေခြင်း
ဘဝဆိုတာ ခရီးရှည်ပါ။ ဒီလို ခရီးရှည်ကြီးထဲမှာ ကိုယ့်နံဘေးနားက ချစ်ရသူနဲ့ ကိုယ်နဲ့ လျှောက်လှမ်းတဲ့ နေရာမှာ နှစ်ဦးစလုံးရဲ့ ပန်းတိုင်၊ ရည်မှန်းချက်တွေ တူညီနေဖို့လိုပါတယ်။ ဒီနေရာမှာ သူက ဆရာဝန်ဖြစ်ချင်တယ်၊ ကိုယ်က ကွန်ပျုတာပညာရှင်ဖြစ်ချင်တယ်ဆိုတဲ့ ပန်းတိုင်တို့၊ ရည်မှန်းချက်တို့ကို ဆိုလိုတာမဟုတ်ပါဘူး။ မိသားစုဘဝလေးကို ဆောက်တည်ချင်တယ်၊ ကလေးတွေနဲ့ နေချင်တယ်၊ နှစ်ယောက်တည်းပဲ နေချင်တယ်ဆိုတဲ့ အခြေခံကျတဲ့ ပန်းတိုင်လေးတွေကိုဆိုလိုတာဖြစ်ပါတယ်။
နောက်ခံမိသားစု အသိုင်းအဝန်းမတူညီတဲ့ လူ ၂ ယောက် ပေါင်းစည်းကြတဲ့ နေရမှာ တစ်ယောက်နဲ့တစ်ယောက် Harmony ဖြစ်ဖို့ဆိုတာ အလွန်ပဲ အရေးကြီးလှပါတယ်။ နှစ်ယောက်သား သွားချင်တဲ့ ပန်းတိုင်တွေ၊ လုပ်ချင်တဲ့ ဆန္ဒတွေ တူညီဖို့လည်း လိုအပ်လှပါတယ်။ လူ့ဘဝ ခရီးရှည်ကို လျှောက်လှမ်းကြတဲ့ လူနှစ်ယောက်ဟာ ပန်းတိုင်မတူဘူး၊ ဆန္ဒတွေ မတူညီကြဘူးဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒါကြောင့် အခြေခံအချက်အားဖြင့်တော့ ကိုယ်နဲ့ အဆင်ပြေစေမယ့် ကိုက်ညီမယ့် ဘဝခရီးဖော်ကို ရွေးချယ်သင့်ပါတယ်။
၅။ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း
Relationship တစ်ခုအတွက် တစ်ယောက်နဲ့တစ်ယောက် တာဝန်ယူတာ ၊ တာဝန်ခံမှုရှိတာမျိုးတွေ လိုကို လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်နေတယ်ဆိုရင်တော့ အဲဒီ relationship တစ်ခုဟာ တဖြေးဖြေးနဲ့ ယိုယွင်းလာမှာဖြစ်ပြီး နောက်ဆုံးမှာ လုံးဝကို ပျက်စီးသွားနိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုကြောင့် တစ်ဖက်နဲ့တစ်ဖက်လည်းနာကျင်စရာတွေဖြစ်လာမှာဖြစ်ပြီး အပြစ်လည်း မြင်လာနိုင်ပါတယ်။ စကားချည်းပဲ ပြောမနေဘဲ ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုလေးတွေကိုလည်း ပြုမူတာက အချစ်စစ် အချစ်မှန်ရဲ့ လက္ခဏာတစ်ရပ်ပါ။ တစ်ခုခုဆိုရင် စိတ်ကူးယဉ်နယ်မြေထဲမှာ မနေဘဲ လက်တွေ့လုပ်ဆောင်ပေးလိုက်တာက ပိုပြီး အဆင်ပြေစေမှာပါ။ ယုံကြည်မှုလည်း ရရှိစေမှာပါ။
YYK