
မီတာခတွေ ဈေးတက်လာပြီမို့ အရင်လို ဖလန်း ဖလန်း လုပ်နေလို့ မရတော့ဘူးမို့လား။ တစ်ခုခုဆိုရင် မီတာခတွေ အများကြီး ကျနေဦးမယ်ဆိုတဲ့အတွေးနဲ့ အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို သုံးဖို့ စဉ်းစားနေမိတာမျိုးလည်း သေချာပေါက် ဖြစ်နေမှာနော်။
လကုန်လို့ မီတာစာရွက် ရောက်လာရင်လည်း အဲဒီ မီတာစာရွက်ကြီးကိုကြည့်ပြီး စိတ်ညစ်နေရပြန်ရော။ တစ်လထက် တစ်လ များလာတဲ့ မီတာခတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်လာပြန်ရော။ ဒီတော့ မီတာခတွေကို အလွယ်တကူလျော့ချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပြီး အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်…။
(၁)။ မီတာတက်စေမယ့် လျှပ်စစ်ပစ္စည်းတွေကို လိုမှ သုံးပါ
အခန်းထဲမှာ အဲကွန်းကို အချိန်ပြည့် ဖွင့်ထားတာမျိုး၊ ရေခဲသေတ္တာကို တချိန်လုံးဖွင့်ထားတာမျိုး စတဲ့ အမူအကျင့်တွေက သင့်ရဲ့ မီတာခ ကို ထင်ထားတာထက် ပိုပြီး ကုန်ကျစေပါလိမ့်မယ်။ မနက်ခင်းတွေ ဒါမှမဟုတ် ညနေခင်းတွေမှာ အဲကွန်းမဖွင့်ပဲနဲ့လည်း နေလို့ရတာပဲ မဟုတ်လား။ အဲဒီလိုပဲ အိမ်မှာရှိတဲ့ မီးလုံးတွေ၊ မီးချောင်းတွေကို နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဖွင့်ထားတတ်တာကလည်း သင့်ရဲ့ မီတာခတွေ ပိုပြီး တက်လာစေမယ့် အကြောင်းရင်းတစ်ခုပါပဲနော်။

Butsaya/Shutterstock
(၂)။ အပြင်သွားပြီဆိုတာနဲ့ မိန်းချဖို့မမေ့ပါနဲ့
ဒီအလေ့အကျင့်က သင့်ရဲ့ မီတာခအတွက်တင်မဟုတ်ပဲ နေအိမ်လုံခြုံရေးအတွက်ပါ အထောက်အကူဖြစ်ပါတယ်။ အပြင်ကို ခဏလေး သွားတာပဲဖြစ်ဖြစ်၊ ကြာကြာသွားတာပဲဖြစ်ဖြစ် မိန်းချပြီးမှ သွားတာ အကောင်းဆုံးပါပဲ။ အိမ်ထဲက လျှပ်စစ်ပစ္စည်းတွေအတွက် (၁၀)မိနစ်လောက်တောင် ပိုက်ဆံအပိုမကုန်စေဖို့ မိန်းခလုတ်ကို ပိတ်သွားတာ အကောင်းဆုံးပါ။ သင် အိမ်မှာမရှိတဲ့အချိန် ဝါယာရှော့ ဖြစ်မှာ၊ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲရာကနေ မီးလောင်တာမျိုးကိုလည်း တားဆီးပြီးသား ဖြစ်သွားမယ်လေ။
(၃)။ ရေမော်တာကို ခဏခဏ မမောင်းနဲ့
ရေလေးတစ်ခါချိုးလိုက်၊ ကန်ထဲမှာ ရေလျော့သွားလိုက်၊ ရေမောင်းလိုက်။ အဲဒီလိုမျိုး ခဏခဏ လုပ်နေမယ့်အစား ရေကန်ထဲမှာ ရေသိသိသာသာလျော့သွားတော့မှ တစ်ခါတည်းမောင်းလိုက်တာက သင့်ရဲ့ မီတာခကိုချွေတာပြီးသား ဖြစ်သွားပါလိမ့်မယ်။ မီတာခတွေ သက်သာဖို့ဆိုရင် ရေကိုလည်း ချွေတာဖို့ လိုပါပြီ။ အရင်လိုမျိုး ကန်ထဲမှာ ရေတွေလျှံနေတဲ့အထိ ရေတင်ထားမိတာ၊ ဘေစင် က ရေပိုက်ကို ဘာမှမသုံးပဲနဲ့ ဖွင့်ထားမိတာ…စသဖြင့် ရေကို အပိုမသုံးဘူးဆိုရင်သင့်ရဲ့ မီတာခလည်း တစ်နည်းအားဖြင့် သက်သာသွားမှာပါ။
(၄)။ မီတာဆောင်ဖို့မမေ့ပါနဲ့
မီတာစာရွက်ကြီးက ကိုယ့်အိမ်ကိုရောက်လာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆောင်ဖြစ်တာမျိုး၊ မေ့နေတာမျိုး မဖြစ်ပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ မီတာဆောင်ဖို့ သတ်မှတ်ထားတဲ့ ရက်တွေ ကျော်သွားတာနဲ့ ဒဏ်ကြေးဆောင်ရမှာမို့ပါပဲ။ ဒဏ်ကြေးဆိုတာ မီတာခနဲ့တော့ မဆိုင်ပေမယ့် ကိုယ့်အိတ်ထဲကနေ ထွက်သွားရတဲ့ ပိုက်ဆံပဲမို့ မီတာဆောင်ဖို့ မမေ့ပါနဲ့လို့ပဲ သတိပေးချင်ပါတယ်။

Brilliant Eye/Shutterstock
(၅)။ လရောင်ကို ခံစားပါ
တစ်ခါတလေတော့လည်း လပြည့်နေ့လို ညမျိုးမှာ တစ်အိမ်လုံးက မီးတွေ ပိတ်ထားပြီး လရောင်လေးကို ရိုမန်းတစ်ဆန်ဆန် ခံစားကြည့်လိုက်ပါလား။ အခန်းထဲကို ဖြာကျနေတဲ့ သဘာ၀ လရောင်လေးက ဘယ်လောက်အေးချမ်းသလဲဆိုတာ နားလည်သွားမှာဖြစ်သလို တစ်ဖက်မှာလည်း မီတာခတွေလျော့ပြီး ဘယ်လောက်တောင် သက်သာသွားသလဲဆိုတာ နားလည်သွားပါလိမ့်မယ်နော်….။
Linn