
လူအများစုက ရေနွေးအိတ်ဟာ ကိုက်ခဲနာကျင်မှုတွေကိုသက်သာစေတယ်ဆိုတာလောက်ပဲသိကြပါတယ်။ဒါပေမဲ့ ထင်ထားတာထက် ရေနွေးအိတ်ကို အမျိုးမျိုးသုံးပေးနိုင်ပါတယ်။ဘယ်လိုနေရာတွေမှာ ရေနွေးအိတ်ကိုသုံးပေးလို့ရလဲဆိုရင်…
*ကလေးစောစောအိပ်ပျော်စေ

ကလေးလေးတွေက နွေးနွေးထွေးထွေးလေးမှ အိပ်လို့ပျော်ကြတာပါ။အပူချိန်နည်းနည်းပြောင်းလဲတာနဲ့ သူတို့မအိပ်တော့ပါဘူး။ဒါကြောင့် ကလေး အတွက်သက်တောင့်သက်သာနဲ့နွေးနွေးထွေးထွေးဖြစ်ဖို့ ကလေးငယ်ရဲ့ခြေထောက်နားလေးမှာ ထားပေးထားပါ။ဒါမှမဟုတ် အိပ်ရာပေါ်မှာ
ခဏလောက်ကြိုပြီးထားထားမယ်ဆိုရင် အိပ်ရာခင်းနွေးနွေးထွေးထွေးဖြစ်စေပါတယ်။
*နာကျင်ကိုက်ခဲမှုသက်သာစေနိုင်

ကျောနာ၊ခါးနာတာ၊ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတဲ့နေရာတွေကို ရေနွေးအိတ်ကပ်ပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန်သက်သာသွားစေပါတယ်။
*ခရီးထွက်တဲ့အခါ သုံးပေးနိုင်

အေးတဲ့နေရာဒေသတွေကို ခရီးထွက်မယ်၊မိုးကာတဲလေးတွေနဲ့အပန်းဖြေမယ်ဆိုရင် အချမ်းသက်သာစေဖို့ ရေနွေးအိတ်လေးတွေယူသွားနိုင်ပါတယ်။
*ကိုယ်ဝန်ဆောင်ချိန်နာကျင်မှုကိုသက်သာစေနိုင်

ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်တာတွေ မကြာခဏဖြစ်နိုင်ပါတယ်။အဲ့ဒီအခါ ရေနွေးအိတ်လေးကပ်ပေးတာက နာကျင်မှုကိုသက်သာစေပြီး သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။
*လည်ပင်းကြွက်သားနာကျင်မှုသက်သာစေနိုင်

ကွန်ပျူတာရှေ့မှာအကြာကြီးထိုင်ရတဲ့သူတွေ၊စာအုပ်အဖတ်များတာ၊အိပ်စက်တဲ့ပုံစံမမှန်လို့လည်ပင်းနာကျင်နေတာစတဲ့ နာကျင်မှုဝေဒနာတွေလျော့ပါးသက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးနိုင်ပါတယ်။ပိုပြီးအကျိုးသက်ရောက်မှုရှိချင်ရင် ရေခဲအိတ်ကပ်ပြီးမှ ရေနွေးအိတ်လေးပြန်ကပ်ပေးနိုင်ပါတယ်။
*စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုကိုလျော့ကျစေ

စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာ မကြာခဏဆိုသလို စိတ်အတွေးထဲဝင်ရောက်လာနိုင်ပါတယ်။ဒါပေမဲ့ရေနွေးအိတ်ကပ်ပေးတာက သင့်စိတ်ပူပန်မှုတွေကိုလျော့ကျစေတယ်လို့သိရပါတယ်။နောက်တစ်ခါ စိတ်ထဲဝမ်းနည်းနေတာဖြစ်စေ၊စိတ်ဖိစီးမှုတွေများနေတာဖြစ်စေ
ရေနွေးအိတ်လေးကို ကိုင်ထားတာမျိုး၊ရေနွေးအိတ်ဖက်ပြီးအိပ်တာမျိုးလုပ်ပေးပါ။သင့်ရဲ့သွေးလည်ပတ်မှုတွေပိုမိုကောင်းမွန်လာစေပြီး သင့်စိတ်ကို အပန်းဖြေစေပါတယ်။
*ချောင်းဆိုးဝေဒနာသက်သာစေနိုင်

ဆောင်းရာသီမှာဆိုရင် ချောင်းဆိုး၊နှာချေတာတွေ ခဏခဏဖြစ်တတ်ပါတယ်။အထူးသဖြင့် ချောင်းဆိုးရင် ညဘက်တော်ရုံနဲ့အိပ်မပျော်ပါဘူး။အဲ့ဒီလိုအချိန်မျိုးမှာ ရေနွေးအိတ်ကို ရင်ဘတ်ပေါ်မှာတင်ထားတာက အသက်ရှုရတာပိုကောင်းစေပါတယ်။ချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။ဒါပေမဲ့ ရေနွေးအိတ်ကို ရင်ဘတ်ပေါ်တင်တဲ့အခါ နှလုံးနေရာနား မထားမိဖို့ သတိထားသင့်ပါတယ်။
ကဲ အိမ်မှာရှိတဲ့ ရေနွေးအိတ်လေးတွေကို အကျိုးရှိရှိသုံးနိုင်ပါစေနော်…