သင်မသေခင် သင့်ကိုယ်သင်မေးရလိမ့်မယ့် မေးခွန်းများ
lifestylemyanmar.com
|
2020-01-08


သင်မသေဆုံးခင်သင့်ကိုယ်သင်ဘာမေးခွန်းတွေမေးမလဲ။


ကမ္ဘာပေါ်မှာတခြားတယောက်ယောက်ကိုမေးခွန်းမမေးဖူးတဲ့သူဆိုတာမရှိပါဘူး။ လူတွေဟာမေးခွန်းတွေမေးရင်းဖြေရင်းနဲ့ရှင်သန်နေကြတယ်။ ကိုယ်တိုင်ကမေးခွန်းတွေထုတ်သလို ကိုယ့်ကိုလာမေးတဲ့မေးခွန်းတွေကိုလဲအဖြေထုတ်ပေးကြတယ်။
မေးခွန်းမေးရင်းအဖြေစောင့်ရင်း၊ အမေးခံရရင်းအဖြေပေးရင်းနဲ့ သင်ကလက်ညိုးထိုးမေးမြန်းလိုက်၊သင့်ကိုလက်ညိုးထိုးအမေးခံလိုက်နဲ့လည်ပတ်နေခဲ့တယ်။

အဲ့အထဲကမှ သင်မေးခွန်းထုတ်မေးမြန်းဖို့မေ့နေတဲ့သူရှိနေတယ်။သင့်ကိုအဖြေပြန်မပေးဖူးတဲ့သူလဲရှိနေတယ်။ အဲ့ဒါသင်ကိုယ်တိုင်ပါပဲ။ သင်ကသာမေးခွန်းတွေမေးနေခဲ့တာ သင့်ကိုသင်ကောမေးခွန်းထုတ်မေးဖူးပါရဲ့လား။

သင်ကသာအဖြေတွေထုတ်ပေးနေခဲ့တာ။ သင့်အတွက်သင်ကော အဖြေရှာဖူးပါရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။ ဒီအချက်တွေကတော့ သင်မသေခင်မှာ သင့်ကိုသင်မေးရမယ့်မေးခွန်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုမေးခွန်းတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်.။


အကောင်းဆုံးချစ်ခဲ့ရဲ့လား



အချစ်နဲ့ဆက်နွယ်မှုဟာ လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ လိုချင်မှုသက်သက်တင်မဟုတ်ပါဘူး။ချစ်ခြင်းမေတ္တာတွေကို ကျွန်ုပ်တို့လိုအပ်ပါတယ်။ အချစ်နဲ့ဆက်နွယ်မှုတွေဟာ ကျွန်ုပ်တို့အတွက် ဘဝတခုကိုသယ်ဆောင်လာပေးပါတယ်။


အချစ်နဲ့ပက်သတ်သမျှအရာအားလုံးဟာနှလုံးသားတခုသေဆုံးချိန် ဝင်သက်ထွက်သက်ရပ်တန့်သွားချိန်မှသာ အဆုံးသတ်သွားတာပါ။ဘယ်သူမှကိုယ့်အနားမှာဂရုစိုက်မယ့်သူမရှိဘဲ အထီးကျန်စွာနဲ့လူ့လောကကြီးထဲကမထွက်ခွာသွားချင်ကြပါဘူး။ နေ့စဉ်နဲ့အမျှ လူသားတိုင်းဟာချစ်ခြင်းမေတ္တာတရားတွေနဲ့သာ အချိန်တွေကို ကုန်ဆုံးဖြတ်သန်းလိုကြတာပါ။

ဒါကြောင့်အပြန်အလှန်အားဖြင့် ကိုယ်နဲ့စကားပြောမယ့် ကိုယ့်အနားမှာအတူရှိမယ့်ကိုယ်ကိုတိုင်ထက်ပိုပြီးဂရုစိုက်ပေးရမယ့်လူတယောက်ယောက်ကို ရှာဖွေကြတယ်။ တွေ့ဆုံလာကြတယ်။

ဒီလိုနဲ့အချိန်တွေကိုအတူတကွကုန်ဆုံးကြတယ်။ ဒါကြောင့်နေ့ရက်တရက်ကုန်ဆုံးတိုင်း ကုန်ဆုံးတိုင်းမှာ ကိုယ်တန်ဖိုးထားရတဲ့ ကိုယ့်အပေါ်တန်ဖိုးထားတဲ့လူတွေကို ကိုယ့်ဘက်ကအကောင်းဆုံးချစ်ခင်ကြင်နာခဲ့ရဲ့လားလို့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရပါလိမ့်မယ်။


အကောင်းမွန်ဆုံးနေထိုင်ခဲ့ရဲ့လား




ကိုယ်ဘယ်လိုနေထိုင်ခဲ့သလဲ။ လူဆိုးတယောက်လား။ လူကောင်းတယောက်လား။ သူစိမ်းတွေနဲ့ဘယ်လိုအပြန်အလှန်ဆက်နွယ်ပေါင်းသင်းမလဲ။ ကောင်းကောင်းနေထိုင်ခဲ့လား။ ကိုယ်ယူတာထက်ပိုပြီးပေးခဲ့ဖူးရဲ့လား။ ဒါတွေဟာစေ့စေ့တွေးပီးမေးမြန်းရမယ့်မေးခွန်းအချို့ပါပဲ။

နေ့ရက်တိုင်းဟာ ကိုယ့်ရဲ့အပြုအမူ ရွေးချယ်မှုတွေနဲ့ရှင်သန်နေထိုင်ကြရတာပါ။ ဒီနေ့တနေ့တာကိုကိုယ်ဘယ်လိုဖြတ်သန်းခဲ့လဲ။ မနက်ဖြန်တိုင်းကိုဒီနေ့ကထက်ပိုကောင်းမွန်အောင် ကိုယ်ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာတွေးနေသင့်ပါတယ်။ နောင်တဆိုတာရတိုင်းကောင်းတဲ့အရာမဟုတ်ပါဘူး။

နောင်တရပြီးအမှားသိလို့အမှန်ပြင်တာ ကောင်းတဲ့အရာဆိုပေမယ့်လဲ။ နောင်တဆိုတာရတိုင်းကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒီနေ့မှာကိုယ်လုပ်နိုင်စွမ်းရှိသလောက် မလုပ်ခဲ့ဘဲ ပိုကောင်းတဲ့မနက်ဖြန်တွေကိုမျှော်လင့်လို့မရပါဘူး။ မနက်ဖြန်တိုင်းကိုနောင်တတွေနဲ့ပုံဖော်လို့မရပါဘူး။

ဒီနေ့မှာကြိုးစားနိုင်သလောက်မကြိုးစားခဲ့ရင် ပိုကောင်းတဲ့မနက်ဖြန်တွေထက် မနက်ဖြန်တိုင်းဟာ နောင်တတွေနဲ့သာပြည့်နှက်နေပါလိမ့်မယ်။ဒီတော့ ကိုယ့်ကိုကိုယ်ဒီတနေ့တာအတွက် အကောင်းဆုံးနေထိုင်ဖြတ်သန်းခဲ့ရဲ့လားလို့မေးခွန်းထုတ်ရင်း သုံးသပ်စဉ်းစားဖို့လိုပါတယ်။


ဘဝရည်မှန်းချက်ကဘာလဲ




ဒီလိုတနေ့တာကိုဖြတ်သန်းနေရင်းနဲ့ ကိုယ့်ဘဝရဲ့ရည်ရွယ်ချက်ကိုလဲ သိဖို့လိုပါတယ်။ ရည်မှန်းချက်ဆိုတာ ကိုယ်တနေ့တာရှူနေတဲ့အောက်စီဂျင်တွေရနိုင်ဖို့ထက်ပိုပါတယ်။ လူတိုင်းမှာရည်မှန်းချက်ဆိုတာရှိကြပါတယ်။ ဒါကိုရှာဖွေ့တွေ့ရှိဖို့လိုပါတယ်။

ဘဝရည်မှန်းချက်ကိုရှာတွေ့တဲ့အခါ နောင်တတရားတွေနဲ့ပြည့်နေတဲ့ဘဝထဲကနေ လွတ်မြောက်ဖို့အကြောင်းတရားတွေကို သင်တွေ့မြင်လာရပါလိမ့်မယ်။ အခက်အခဲတွေကိုရင်ဆိုင်နိုင်မယ့်စွမ်းအားတွေနိုးထလာပါလိမ့်မယ်။ ဒါကြောင့် သင့်ဘဝရဲ့ရည်မှန်းချက်ကဘာလဲဆိုတာ သင့်ကိုသင်မေးဖို့မမေ့ပါနဲ့။


သင်ချန်ခဲ့မယ့်အမွေကဘာလဲ




လူသားတိုင်းသေဆုံးကြပါတယ်။ သို့သော်လူသားတိုင်းကတော့ကောင်းမွန်စွာအသက်ရှင်သန်ခဲ့ကြတာမဟုတ်ပါဘူး။ သင်သေတဲ့အခါနောင်လာနောက်သားတွေတန်ဖိုးထားဖို့ဘာတွေများချန်ရစ်ခဲ့မလဲ ။ ဆရာဇော်ဂျီရဲ့သင်သေသွားသော်ဆိုတဲ့ ကဗျာထဲကလိုပေါ့။ သင်သေသွားတဲ့အခါ သင့်နိုင်ငံ သင့်လူမျိုးအတွက်သင်ဘာတွေချန်ထားရစ်မလဲ။

သင့်ရဲ့မျိုးဆက်တွေအတွက် ဘာတွေလက်ဆင့်ကမ်းချန်ခဲ့မလဲဆိုတာအရေးကြီးပါတယ်။ ဒါကြောင့်အသက်ရှင်နေတယ်ဆိုတာအောက်စီဂျင်ရနေလို့သက်သက်ချည်းတော့မဖြစ်သင့်ပါဘူး။ တန်ဖိုးရှိတာတခုခုတော့ရခဲ့ဖို့လိုပါတယ်။ဒါမှသာသင်သေတဲ့အခါချန်ထားရစ်ခဲ့နိုင်မှာပါ။ ဒါကြောင့် ဒီလောက ဒီကမ္ဘာ၊ ဒီနိုင်ငံ၊ ဒီလူမျိုးဒီမိသားစုအတွက် သင်ထားရစ်ခဲ့မယ့်အမွေကဘာလဲဆိုတာ သင့်ကိုသင်မေးကြည့်လိုက်ပါဦး။


လူသားတယောက်အဖြစ်မွေးလာပြီးလူသားဆန်ခဲ့ရဲ့လား




လူသားအချင်းချင်း ကိုယ်တိုင်ရှာတွေ့တဲ့အရာတွေထက် ပိုကောင်းတဲ့အရာတွေကိုပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒါဟာကြီး ကျယ်မြင့်မြတ်တဲ့စရိုက်လက္ခဏာတခုပါပဲ။ကိုယ်ကိုတိုင်ဘဝကိုကောင်းကောင်းဖြတ်သန်းချင်သလိုမျိုး အခြားသူတွေအပေါ်ကိုလဲ ကိုယ်တတ်စွမ်းနိုင်သလောက် ကောင်းမွန်စွာဆက်ဆံပေးဖို့လိုပါတယ်။

သင့်ရှေ့မှာရှိနေတဲ့လူတွေကို ချစ်ခင်ကြင်နာဖို့လိုပါတယ်။ သည်းခံနားလည်ခွင့်လွတ်တတ်ဖို့လိုပါတယ်။ သင်ရပ်တည်နေတဲ့ အခြေအနေထက်ပိုကောင်းမွန်သာယာတဲ့ အခြေအနေတွေ ချန်ထားခဲ့နိုင်ဖို့ သင့်ကိုသင်မေးပါ။

သင်မသေဆုံးခင်မှာ လူသားတယောက်အနေနဲ့ လူသားကောင်းကျိုးတွေသယ်ပိုးဖို့ လူသားစိတ်ထားတွေပြည့်ဝဖို့ သင့်ဘဝထဲကို ဘာတွေဖြည့်စွက်ထည့်ပြီးပြီလဲ။ အခြားသူတွေရဲ့ဘဝကိုဘာတွေဖြည့်ဆည်းပြီးပြီလဲ…


ဘယ်လိုမှတ်တမ်းမျိုးနဲ့မှတ်မိစေချင်လဲ




ကမ္ဘာကြီးက သင့်ကိုဘယ်လိုမှတ်မိစေချင်သလဲ။ စစ်ပွဲတပွဲကိုနိုင်ရင် ဘာကြောင့်ဆိုတာကိုရှင်းပြစရာမလိုဘူး။ ရှုံးတယ်ဆိုရင်လဲ ဘာကြောင့်ဆိုတာရှင်းပြနေဖို့ အသက်ရှင်စရာမလိုဘူးလို့ဆိုခဲ့တဲ့ လူသန်းပေါင်းများစွာကိုသတ်ဖြတ်ခဲ့တဲ့ ဂျာမန်အာဏာရှင်ဟစ်တလာလိုလား။ အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်လိုလား။ အကြမ်းမဖက်နည်းနဲ့ ဗြိတိသျှအစိုးရကိုဆန့်ကျင်ပြီး အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမဂန္ဒီလိုလား။

မြန်မာပြည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလိုလား။အကြင်နာတရားဆိုတဲ့စကားလုံးဟာ တိုလဲတိုတယ် ပြောရတာလည်းလွယ်တယ်။ ဒါပေမယ့် သူ့ရဲ့ ပဲ့တင်သံကတော့ ရှည်လျားကျယ်ပြောပါတယ်လို့ဆိုခဲ့တဲ့ အယ်ဗေးနီးယန်းလူမျိုး အိန္ဒိယနိုင်ငံသားမဟာဂရုဏာရှင် ပရဟိတသူတော်စင် မာသာထရီဇာလိုလား။

အမျိုးသမီးပညာသင်ခွင်ရရေးအတွက်တာလီဘန်တွေကိုအံတုသူ သာမန်ဆက်ကျော်သက် အရွယ်ကျောင်းသူလေးက နေကမ္ဘာ့အသက်ငယ်ဆုံးနိုဘယ်ဆုရှင်ဖြစ်လာတဲ့ ပါကစ္စတန်နိုင်ငံသား မာလာလာ လိုလား။သင့်ကိုကောဘယ်လိုသမိုင်းဘယ် လို မှတ်တမ်းမျိုးနဲ့ မှတိမိစေချင်သလဲ ဒါကသင်ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။

သင့်အပေါ်မှာသာမူတည်တာပါ ကြီးကျယ်ခမ်းနားမှ ကမ္ဘာမှာထင်ရှားနေမှ သူရဲကောင်းလူကောင်းလို့သတ်မှတ်ခေါ်ဝေါ်တာမဟုတ်ပါဘူး။ သင့်အနီးအနားမှာရှိနေတဲ့လူသားတွေအပေါ်ချစ်ခင်ကြင်နာတဲ့ ကမ္ဘာကမသိတဲ့လူကောင်းတွေသူရဲကောင်းတွေအများကြီးရှိပါတယ်။


နောက်ဆုံးအတွေး

ဘယ်အရာကိုမှကြီးကျယ်ခမ်းနားဖို့မျှော်လင့်ပြီးမလုပ်ပါနဲ့။ ဒါပေမယ့်အသေးအမွှားကိစ္စလေးတွေကိုတော့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရားနဲ့ဆောင်ရွက်ပါ။ ဒါကသာမြင်မြတ်ခမ်းနားခြင်းအစစ်အမှန်ပါလို့မာသာထရီဇာကဆိုခဲ့ပါတယ်။ဒါကြောင့်သင်ဟာလူကောင်းတယောက်ဖြစ်ဖို့သင့်ကိုသင်ကောင်းမွန်စွာအရင်ဆကိဆံတတ်ဖို့လိုပါတယ်။

ဒီလိုဆိုရင်သငိ့အနီးနားကလူတွေဆီသင့်ရဲ့ ကောင်းမွန်မှုတွေကူးစက်သွားပါလိမ့်မယ်။ ကဲ သင်ကောဘယ်လိုမှတ်တမ်းမျိုးဘယ်လိုသမိုင်းမျိုးနဲ့သင့်အနားကလူတွေသင့်ကိုမှတ်မိစေချင်သလဲ.။ သင့်ဘဝမှာဘာတွေကအရေးကြီးလဲလို့သင့်ကိုသင်မေးခွန်းထုတ်ပြီးအဖြေရှာဖို့ကအရေးကြီးတဲ့အရာတခုပါ။ ကောင်းမွန်စွာအသက်ရှင်သန်နေထိုင်ပါ။

#May_Htet

#Lifestyle_Myanmar


#မေးခွန်း
#နောင်တ
#လူကောင်း
#နေ့တာ
#လူသား

Some text some message..