လွမ်းရနံ့
ထူးထူးခြားခြားပါပဲ။ အင်မတန်ပူတဲ့ နွေညတစ်ညမှာ ပုံမှန်လေပူတွေတိုက်ရမယ့်အစား လေညင်းလေးတွေက ကျွန်တော့်ဆံပင်တွေကို ထိုးဖွသွားလေရဲ့။ ပြီးတော့ အဲဒီလေညင်းတွေဟာ ရနံ့တစ်မျိုးကိုလည်း သယ်ဆောင်လာခဲ့တယ်။ ကျွန်တော်ထာဝရ မေ့လို့မရတဲ့ ရနံ့။ ဘယ်တော့မှ မေ့ပျောက်မပြစ်နိုင်တဲ့ ရနံ့လေး။
ကျွန်တော့်ဘဝမှာ ရူးသွပ်တဲ့အရာတွေရှိတယ်။ မွှေးရနံ့တွေကိုခုံမင်တယ်။ ဟစ်ပ်ဟော့ကို ကြိုက်တယ်။ မန်ချက်စတာယူနိုက်တက်ကိုချစ်တယ်။ ချေဂွေဗားရား၊ အလီကိုဟင်၊ အက်စ်စကိုဘာ၊ ဟိုချီမင်း၊ ဒေါ်စု၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးဗထူးနဲ့ ရေတပ်သေနာပတိ လီဆွန်းရှင်း စသဖြင့်ရူးသွပ်မှု မြောက်မြားစွာရှိတယ်။ နှစ်ကြာကြာရှိနေတဲ့အရာတွေကိုတန်ဖိုးထားတယ်။ စာအုပ်တွေရယ်၊ ကော်ဖီရယ်၊ ဓာတ်ဆီနံ့တွေကို တမ်းတစွဲလမ်းတာရယ်။ အဲဒီထဲကမှ ဘာလို့ရနံ့တွေကို ရူးသွပ်လဲလို့ တစ်စုံတစ်ယောက်က မေးလာရင် ရနံ့တွေက အမှတ်တရတွေကို သယ်ဆောင်လာလို့ ဆိုပြီး ဖြေရမှာပါပဲ။ အနက်ရှိုင်းဆုံးနေရာက အမှတ်တရတွေကိုပေါ့။ ပြီးတော့ သူမကိုပေါ့။
အသက် ၁၉ နှစ်သားမှာ ကမ္ဘာ့အရှေ့ဖျားက နှစ်ပိုင်းကွဲနေတဲ့ တိုင်းပြည်တစ်ခုရဲ့ တောင်ဘက်ပိုင်းဒေသကို ခြေချခဲ့တယ်။ အရာရာဟာ အိပ်မက်ပဲ။ ဇာတ်လမ်းတွဲတွေကတစ်ဆင့် သိပ်ကိုရင်းနှီးနေတဲ့တိုင်းပြည်။ သိပ်လှပတဲ့ဒေသ။ လေပြည်အေးနုနုလေးတွေ၊ ခန္ဓာကိုယ်ပေါ် ကျလာရင်လည်း မပူလောင်တဲ့ နေရောင်ခြည်တွေ၊ ပန်းပင်လှလှလေးတွေ၊ ခပ်ချောချော ပလတ်စတစ်မလေးတွေနဲ့ အရာရာဟာ စိတ်ချမ်းသာစရာချည်း ရှိတဲ့အရပ်ပေါ့။ တစ်ခုပဲ အပူပိုင်းတိုင်းပြည်ကလာတဲ့ ကျွန်တော့်အတွက် အေးချမ်းတဲ့ ရာသီဥတုကို အံတုရတာကတော့ ခြွင်းချက်ပေါ့။
မိခင်ဘာသာစကားနဲ့ ဘာသာပြန်ရင်"ဒယ်အိုး" လို့ အမည်ရတဲ့ ဒီမြို့လေးဟာ ကျွန်တော့်အတွက်တော့ နတ်ပြည်ပါပဲ။ ကမ်းခြေရှိတယ်။တောင်တန်းတွေရှိတယ်။ မျက်စိတစ်ဆုံးမြင်ရတဲ့ ပင်လယ်ကြီးရှိတယ်။ ချိုင့်ဝှမ်းတွေရှိတယ်။ တစ်မြို့တည်းမှာ ဒီလို သဘာဝအလှတရားတွေကို အားလုံးကို ခံစားနိုင်ဖို့ဆိုတာ သိပ်ကိုခဲယဉ်းတဲ့ အရာပါပဲ။ အဲဒီခဲယဉ်းမှု သုခတရားကို ကျွန်တော်ရခဲ့တယ်။ ဒါပေမဲ့ အလှအပနဲ့ သုခဆိုတာဘဝမှာ အမြဲရနိုင်ခွင့်မဟုတ်ဘူးဆိုတဲ့ လောကဓမ္မအရ ထိုအေးချမ်းသာယာတဲ့ နတ်ပြည်တမျှ ဒေသမှာ ဒုက္ခတရားကလည်း ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ (တစ်ခုရှိတာက ဒီဒုက္ခ အစပျိုးမှုကနေ ပျော်ရွှင်မှုကိုကျွန်တော်ရရှိခဲ့ပေမဲ့ အားလုံးအဆုံးသတ်မှာ အဆပေါင်းများစွာ ဆိုးရွားတဲ့ ဒုက္ခကို ကျွန်တော်ထပ်ရလိမ့်မယ်ဆိုတာ ကြိုတင်သိမထားခဲ့တာပါပဲ။)
တစ်ရက်ပေါ့။ အဲဒီတစ်ရက်။ သင်ကြားရေးမှာ လိုအပ်တဲ့ စာအုပ်တွေကို ရှာဖွေခိုင်းလိုက်တဲ့ ဆရာရဲ့ ညွှန်ကြားချက်ကြောင့် စာသင်ဆောင်ကနေ မြို့ကလေးဆီကို ကျွန်တော်လာခဲ့ရတယ်။ စာသင်ဆောင်တွေနဲ့ ကျွန်တော်နေထိုင်ရတဲ့ အဆောင်က ဟိုးတောင်ထိပ်မှာဖြစ်ပြီး မြို့ကလေးကဟိုးတောင်အောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေရောပေါ့။ ဆိုတော့ စာအုပ်ဝယ်ဖို့ဆိုရင် တောင်အောက်ကို မဖြစ်မနေ ဆင်းရတာပါပဲ။ စာအုပ်ဝယ်ဖို့ အခန်းဖော်နဲ့အတူ ကျွန်တော်တို့ တောင်အောက်ဆင်းခဲ့ကြတယ်။ အခန်းဖော်က စိနတိုင်းသွေးပါတော့ သူကစိနတိုင်းသားတွေနဲ့ စကားပြောဆိုပြီး ဘော်ဒါရတာ မြန်တယ်။ ကျွန်တော်တို့ အဆောင်ကနေ စာအုပ်ဆိုင်ကို ထွက်လာတော့ အခန်းဖော်ခေါ်လာတဲ့ စိနတိုင်းသားတွေလည်း ပါလာခဲ့တယ်။
စာအုပ်ဆိုင်ထဲ မွှေနှောက်ရှာဖွေပြီး ပြန်အထွက် အခန်းဖော်ခေါ်လာတဲ့ စိနအဖွဲ့ကတခြားအဖွဲ့တစ်ခုနဲ့ ထပ်မံပေါင်းမိသွားခဲ့တယ်။ အဲဒီမှာ သူမကိုကျွန်တော်စတွေ့မိတာပါပဲ။ တစ်ခဏလေးပါပဲ။ မျက်လုံးကို တစ်ချက်ဝေ့လိုက်တဲ့ တစ်ခဏ၊ တကယ့်ကို တစ်ခဏလေးပါပဲ။ သူမကိုကျွန်တော် စတွေ့မိခဲ့တာပါပဲ။
သူမ...။ စိနတိုင်းသူစစ်စစ်ဖြစ်တဲ့ သူမ...။ လကမ္ဘာတစ်ခြမ်း မျက်နှာပေါ် ရောက်နေသလား ထင်မှတ် မှားရအောင် အဖုအပိမ့်လေးတွေနဲ့ လှနေတဲ့သူမ...။ သူမကို အကြည့်ချင်းဆုံရုံ ရိုးရှင်းလွန်းစွာတွေ့ဆုံခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ကျွန်တော့်အကြည့်တွေ သူမဆီက ဘယ်လိုမှ ဖယ်ခွာမရအောင် ဖြစ်ခဲ့ပါတယ်။ မြင်မြင်ချင်းအချစ်ဆိုတာကို တစ်သက်လုံး မယုံခဲ့တဲ့ ၁၉ နှစ်သား ကျွန်တော့်ကို လဲပြိုကျရှုံးသွားအောင် သူမ ညှို့နိုင်ခဲ့တာပါပဲ။
သူမကို တွေ့ပြီးနောက်ပိုင်း ထပ်မံတွေ့ဆုံနိုင်ဖို့ မသိစိတ်က အလိုလို မျှော်လင့်လာမိတယ်။ သူမကိုတွေ့ရရင်ဆိုတဲ့ အတွေးလေးတစ်ခုက လူတစ်ယောက်ကို ဒီလောက်ပျော်ရွှင်စေနိုင်မယ်လို့ ခပ်ညံ့ညံ့ကျွန်တော် တစ်သက်လုံး မတွေးခဲ့မိဘူး။
ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ဟန်ဆောင်ကောင်းတယ်လို့ နီးစပ်တဲ့သူတိုင်းကပြောကြတယ်။ သူမနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ဟန်ဆောင်မှုဆိုတာ ကျွန်တော် သိမှုထဲမှာ မပါဝင်ခဲ့ဖူးတဲ့ စာသားလိုဖြစ်ခဲ့တယ်။ သူမနဲ့အတူ အခါအခွင့်သင့်တိုင်း အပြင်ထွက်ဖို့ အခွင့်အရေးတွေရအောင် ဟန်မဆောင်နိုင်စွာပဲ ကျွန်တော် ဖန်တီးမိခဲ့တယ်။
ဈေးဝယ်ထွက်ဖို့ ပျင်းလွန်းတဲ့ကောင်က သူမအင်္ကျီသွားဝယ်မလို့ဆိုရင် ငေါက်ခနဲ မဆိုင်းမတွ လိုက်ခဲ့မိတယ်။ သူမအနားမှာ အရိပ်လို ရှိနေနိုင်အောင် ကြိုးစားခဲ့တယ်။ ရက်တော်တော်များများ ဒီလိုပဲ မုသားဖြူတွေသုံးပြီး သူမနဲ့ တွေ့ခွင့်ရအောင် ကျွန်တော် ဖန်တီးခဲ့တယ်။ သူမဘေးမှာ အရိပ်တစ်ခုလို ရှိနေနိုင်ဖို့ ကြိုးစားဖန်တီးနေဆဲ တစ်ရက်မှာပဲ ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားတဲ့ စကားတစ်ခု သူမဆီကကြားခဲ့ရတယ်။
"မင်းကိုယ့်ကို ချစ်နေတယ် မဟုတ်လား၊ ဘယ်အချိန်ထိမျိုသိပ်ထားမှာလဲ"
အနားကို ကပ်ပြီး ပြောလာတဲ့ သူမစကားကြောင့် ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်နေတဲ့ သွေးတွေ အေးခဲ ရပ်တန့်သွားသလို ကျွန်တော် ဆွံ့အ တုန်လှုပ်သွားတယ်။ ကိုယ် တိတ်တခိုးချစ်နေရသူ ကောင်မလေးက ကိုယ့်ကို အခုလို အနားကပ်ပြီး ခုလိုပြောလာလိမ့်မယ်လို့ ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားခဲ့တာ အမှန်ပါပဲ။ ကျွန်တော် ဘယ်အရာကိုမှ သတိမပြုမိတော့။ ကျွန်တော့်ရင်ဘတ်ဟာ ပေါက်ကွဲ ထွက်တော့မယ့် ဗုံးတစ်လုံးလို တဒိန်းဒိန်း တုန်လှုပ်ခုန်ရီနေခဲ့တယ်။
ဘယ်အချိန်ကတည်းက သူမ ကျွန်တော့်ရင်ခုန်သံတွေကို ခိုးနားထောင်ခဲ့သလဲ မသိရပေမဲ့ အဲဒီနေ့ကစလို့ ကျွန်တော်တို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ တောင်တွေအတူတူ၊ ပင်လယ်ကမ်းစပ်တွေအတူတူ၊ ကော်ဖီဆိုင်တွေအတူတူ လက်ချင်းယှဉ်တွဲ မခွဲတမ်း ခရီးတွေ ကျွန်တော်တို့ အတူတူထွက်ခဲ့ကြတယ်။ တိတ်ဆိတ်တဲ့ ဆောင်းညတွေမှာ ကျွန်တော်တို့ အသက်ရှူသံဟာ အကျယ်လောင်ဆုံး ရင်ခုန်သံတွေဖြစ်ခဲ့တယ်။
သူ့နိုင်ငံရဲ့ သမိုင်းကြောင်းကို သူ့ထက် ပိုသိနေတဲ့ ကျွန်တော့်ကို မျက်လုံးအဝိုင်းသားနဲ့ သူမက ကြည့်နေတတ်တယ်။ ကျွန်တော်ပြောတဲ့ စကားဆုံးသွားတိုင်း ]မင်းကိုချစ်လိုက်တာကွာ} လို့ ပြောရင်း အနမ်းတွေ ခြွေတတ်တယ်။ အဖွဲ့လိုက်ဖြစ်စေ၊ ကျွန်တော်တို့ နှစ်ယောက်တည်း ဖြစ်စေ ခရီးသွားတဲ့အခါ ပြီးပြည့်စုံတဲ့ ခရီးတွေကို သူမစီစဉ်ပေးနိုင်ခဲ့တယ်။ သူမဟာ အင်မတန်စေ့စပ်သေချာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်။
သူမဟာ ကျွန်တော့်ရဲ့ ပထမဆုံးတွေဖြစ်တယ်။ လူပျိုဘဝ၊ ကုန်းပိုးခြင်း၊တစ်စုံတစ်ယောက် ကိုမျက်ရည်ကျ လောက်အောင် ချစ်ရခြင်း၊ စတာတွေပေါ့။ ကျွန်တော့်အတွက် အရာရာ ပထမဆုံးတွေ သယ်ဆောင်လာပေးတဲ့ သူမနဲ့ အမြဲတမ်း တည်မြဲမယ်ဆိုပြီး လောကရဲ့နိယာမကို ခြေစုံကန်ခဲ့တဲ့ထိ ကျွန်တော် ရူးသွပ်ခဲ့တယ်။
ဘဝက ခက်ခဲလာတဲ့အပြင် ကျွန်တော်နဲ့ မတွေ့ရတဲ့ကာလတွေရဲ့ လွမ်းဆွတ်မှုဒဏ်နှစ်ခုကို ခံနိုင်ရည်မရှိလို့ ဆုံးဖြတ်ခဲ့တဲ့ သူမရဲ့ အဆုံးသတ်လမ်းခွဲမှုဟာ . .
ဒါပေမဲ့ မမြဲခြင်းတရားက ကျွန်တော့်တစ်ယောက်တည်းကို ဝကွက်ပြီး ချန်မထားခဲ့ပါဘူး။ သူမရော ကျွန်တော်ပါ ကျောင်းပြီးလို့ မွေးရပ်မြေ တိုင်းပြည် အသီးသီးကို ပြန်ခဲ့ရတယ်။ သူမကို လေဆိပ်လိုက်ပို့ပြီးအပြန် အခန်းဖော်ကို ကျွန်တော်ဖက်ပြီး ငိုခဲ့ရတဲ့မျက်ရည်ဟာ ကျွန်တော့် အဖေဆုံးပြီးတော့ ကျိတ်ငိုခဲ့ရတဲ့ ငိုကျွေးမှုနဲ့ နင်လားငါလားပဲ။ အဲဒီနေ့က မောပြီးအိပ်ပျော်သွားတဲ့ထိအောင် ကျွန်တော်ငိုခဲ့ရတယ်။ အဲဒီနေ့ဟာ သူမနဲ့ကျွန်တော် နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး ကိုယ်စီသိခဲ့ကြတယ်။
သူမဟာ သူ့မွေးရပ်မြေပြန်ရောက်ပြီးနောက် လကမ္ဘာကို ပထမဆုံးခြေချနိုင်ခဲ့တဲ့ တိုင်းပြည်ကို မဟာတန်းတက်ရောက်ဖို့ ထွက်ခွာသွားခဲ့တယ်။
"မင်းနဲ့ အတူရှိနေခဲ့တဲ့အချိန်တွေက ငါ့အတွက်တော့ နိဗ္ဗာန်ပဲ။" ငါ အခု တကယ့်လောကကြီးထဲကို ရောက်သွားပြီကွာ။ မင်းကိုသိပ်လွမ်းတာပဲ။ အမြန်ပြန်တွေ့ချင်လှပြီ"
သူမဟာ ကျွန်တော့်ဆီကို အမြဲတမ်း ဖုန်းခေါ်ခဲ့တယ်။ ဖုန်းဗီဒီယို ကော်လ်ထဲက မျက်ရည်တွေနဲ့ သူမဟာ ကျွန်တော်ကို ပိုပြီး အလဲလဲအပြိုပြိုဖြစ်စေခဲ့တယ်။ အဆိုးရွားဆုံးလဲပြိုမှုကတော့ လမ်းခွဲရအောင်ဆိုပြီး အဆုံးသတ်တဲ့ သူမရဲ့ စာအရှည်ကြီး ကျွန်တော့်အတွက် ရောက်လာခဲ့တာပါပဲ။ ဘဝက ခက်ခဲလာတဲ့အပြင် ကျွန်တော်နဲ့ မတွေ့ရတဲ့ ကာလတွေရဲ့ လွမ်းဆွတ်မှုဒဏ်နှစ်ခုကို ခံနိုင်ရည်မရှိလို့ ဆုံးဖြတ်ခဲ့တဲ့ သူမရဲ့အဆုံးသတ်လမ်းခွဲမှုဟာ ကျွန်တော့်ကို ညဘက်တွေ အယောင်ယောင်အမှားမှား နိုးထမှုတွေနဲ့ သူမနာမည်ကို ရက်ပေါင်းများစွာ တမ်းတ အော်ဟစ်စေခဲ့တဲ့ အိပ်မက်ဆိုးညတွေ ဖြစ်စေခဲ့တယ်။
"မင်းကို ကိုယ်မမုန်းဘူးကွာ...၊ နှစ်ယောက်လုံးခံရမယ့် ဒဏ်ကိုကြိုမြင်လို့ လမ်းခွဲတာပါ"
လ နည်းနည်းထပ်ကြာတော့ သူ့ဆီက နောက်ဆုံး အီးမေးလ်တစ်စောင် ကျွန်တော်ထပ်မံရရှိခဲ့တယ်။ အရာရာဟာ ပြိုလဲကွဲရှခဲ့တာပါပဲ။
အချိန်တွေဟာ ကုန်ဆုံးတာ မြန်တယ်တဲ့။ အခုတော့လည်း အရာရာဟာ ဒဏ်ရာတစ်ခု ပျောက်ဆုံးကင်းစင်ပြီးနောက် ထင်ကျန်ရစ်ခဲ့တဲ့ အမာရွတ်တစ်ခုလိုပါပဲ။ ပြန်တွေးကြည့်တိုင်း ကျန်ရစ်ခဲ့ရသူလိုပဲ ချန်ထားခဲ့ရသူတွေလည်း ခံစားရမယ်ဆိုတာနားလည်ခဲ့တယ်။ နှစ်တွေကြာလာတော့ အရင်တုန်းကလို အမြဲတမ်းနီးပါး သတိရစိတ် လျော့ပါးလာခဲ့ပေမဲ့ အချစ်ဦးဆိုတဲ့ အခန်းကို နှလုံးသားထဲမှာ ပိုင်ဆိုင်ထားသူမို့ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါတိုင်း သူမအကြောင်း မှတ်ဥဏ်တွေက တိုးထွက်လာစမြဲပါပဲ။ ကျွန်တော်ကြိုက်တဲ့ ကင်းမြီးကောက်အဖွဲ့ရဲ့ "ALWAYS SOMEWHERE MISS YOU WHERE I’VE BEEN" သီချင်းလိုပါပဲ။ အခုတော့ သူမအကြောင်းကို နာကျင်မှုတွေကြားကပဲ ရယ်ရယ်မောမော ပြောတတ်ခဲ့ပါပြီ။ ကိုယ့်ဘဝနဲ့ကိုယ် အဆင်ပြေမှာပါလို့ တွေးရင်းလေပြည်ညင်းတွေထဲမှာ တစ်ခါတစ်ခါ ရတတ်တဲ့ သူမရဲ့ ရနံ့ကို
ညင်သာတိုးတိတ်စွာ နမ်းရှိုက်ခံစားတတ်ခဲ့ပါပြီ။
Read More