ကလေးအများစုဟာ ၁၂လအရွယ်မှာ လမ်းလျှောက်တတ်ဖို့ သင်ယူကြပါတယ်။ ကလေးတိုင်းရဲ့ ဖွံ့ဖြိုးမှုနှုန်းက မတူညီကြပါဘူး။ အချို့က ၁၂လနောက်ပိုင်းမှ လမ်းစလျှောက်နိုင်ပါတယ်။ လမ်းလျှောက်တတ်အောင် ကလေးငယ်တွေကို ကူညီဖို့ မိဘ ၅၀-၇၇ ရာခိုင်နှုန်းလောက်ဟာ (Baby Walker) လမ်းလျှောက်ထိုင်ကွင်းလေးတွေ သုံးကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒါဟာ အိုင်ဒီယာကောင်းတစ်ခုမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတာသိဖို့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါနော်။
Baby Walker အသုံးပြုခြင်းက အန္တရာယ်ကင်းပါသလား?
Baby Walker တွေက အန္တရာယ်မကင်းပါဘူး။ အသက် ၃နှစ်အောက် ကလေးတွေကို ဒဏ်ရာရစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ကလေးကျွမ်းကျင်သူများက ဒီပစ္စည်းကိရိယာတွေ အသုံးပြုခြင်းကို တညီတညွတ်တည်း တားဆီးထားပါတယ်။ အမေရိကန် ကလေးအထူးကု အကယ်ဒမီ (APP) က ဘီးပါတဲ့ ကလေးလမ်းလျှောက်ထိုင်ကွင်းတွေကို ban ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးငယ်ကို အန္တရာယ်ကင်းစေဖို့ လမ်းလျှောက်ထိုင်ကွင်း အသုံးပြုတာကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။
လမ်းလျှောက်ထိုင်ကွင်းတွေက မွေးကင်းစကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေသလား?
အမေရိကန် ကလေးအထူးကု အကယ်ဒမီရဲ့ အဆိုအရ လမ်းလျှောက်ထိုင်ကွင်းတွေဟာ ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာ သင်ယူစေခြင်းထက် ကလေးရဲ့ လမ်းလျှောက်ချင်စိတ်ကို ဖယ်ရှားပေးပါတယ်။ ထိုအပြင် ဒီWalker တွေကို မသုံးမီမှာ နှစ်ကြိမ်စဉ်းစားရမယ့် အခြားအကြောင်းရင်းတွေ ရှိပါတယ်။ ဒီအရာတွေကတော့
၁။ လှေကားထစ်များမှ ပြုတ်ကျခြင်း အန္တရာယ်- သင့်အိမ်မှာ လှေကားတွေရှိတဲ့အခါ ကလေးလမ်းလျှောက်ထိုင်ကွင်းတွေက အန္တရာယ်ရှိပါတယ်။ ယူအက်စ် စားသုံးသူကုန်ပစ္စည်း အန္တရာယ် ကင်းရှင်းရေးကော်မရှင် (CPSC) ရဲ့အဆိုအရ Walker နှင့်ပတ်သတ်သော ထိခိုက်ဒဏ်ရာရမှုအများစုတွင် ကလေးတွေဟာ လမ်းလျှောက်ထိုင်ကွင်းထဲကနေ ရွေ့လျားသွားလာတဲ့အခါ လှေကားအစွန်းကနေ ပြုတ်ကျတာတွေ ဖြစ်ပွားလေ့ရှိပါတယ်။
၂။ ကလေးငယ်ရဲ့ ဟန်ချက်ညီမှုကို ဆုံးရှုံးစေနိုင်ပါတယ်- ကလေးငယ်တွေဟာ လမ်းလျှောက်ထိုင်ကွင်းတစ်ခုနဲ့ ကြမ်းပြင်ပေါ်မှာ လျောတိုက်သွားတဲ့အခါ သူတို့ရဲ့ ဟန်ချက်ညီမှု ဆုံးရှုံးနိုင်ပါတယ်။ AAP ရဲ့အဆိုအရ ကလေးဟာ walker ထဲမှာဆိုရင် တစ်စက္ကန့်လျှင် ၃ပေအမြန်နှုန်းဖြင့် ရွေ့လျားနိုင်ပါတယ်။ ဒီအမြန်နှုန်းဖြင့် ရွေ့လျားခြင်းက ကလေးငယ်တွေအတွက် လွှမ်းမိုးလာနိုင်ပြီး ဟန်ချက်ညီမှုကို ဆုံးရှုံးသွားစေနိုင်ပါတယ်။
၃။ လမ်းလျှောက်ထိုင်ကွင်းကနေ လဲကျတဲ့အခါ ခေါင်းကို အများဆုံးထိခိုက်ပါတယ် – ကလေးငယ်ဟာ လမ်းလျှောက်ထိုင်ကွင်းထဲမှာ ဟန်ချက်မညီဘဲ လဲကျတဲ့အခါ ခေါင်းကိုပြင်းထန်စွာ ထိခိုက်စေပါတယ်။ လေ့လာမှုတစ်ခုအရ လမ်းလျှောက်ထိုင်ကွင်းကနေ လဲကျခြင်းရဲ့ ၈၂ ရာခိုင်နှုန်းက မွေးကင်းစကလေးငယ်တွေမှာ ခေါင်းထိခိုက်ခြင်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်က ဖွံ့ဖြိုးဆဲဖြစ်ပြီး ဦးခေါင်းခွံရိုးတွေက နူးညံ့တာကြောင့် ကလေးဦးခေါင်းဟာ အရမ်းနုနယ်ပါတယ်။ ပြင်းထန်တဲ့ ဘယ်ဒဏ်ရာမဆို ကလေးရဲ့ ဘဝပေါ်မှာ ရေရှည်သက်ရောက်မှုရှိစေနိုင်ပါတယ်။
၄။ မတော်တဆ သေဆုံးခြင်းအန္တရာယ်ကို တိုးစေပါတယ် – Baby walker တွေက လဲကျစေယုံသာမက အခြားဖြစ်ရပ်တွေကိုပါ ဦးတည်စေနိုင်ပါတယ်။ ဆေးပညာကျွမ်းကျင်သူများက လမ်းလျှောက်ထိုင်ကွင်းပေါ်က ကလေးတစ်ယောက်ဟာ သူတို့ခေါင်းပေါ်ကို ပြုတ်ကျနိုင်တဲ့ စင်ပေါ်က ပစ္စည်းတွေကို ဆွဲချနိုင်တယ်လို့ ဆိုပါတယ်။ အလွယ်တကူ အသုံးပြုနိုင်ခြင်းကြောင့် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေ၊ ပူလောင်တဲ့ အစားအစာတွေကို လှမ်းဆွဲနိုင်တဲ့ အန္တရာယ်တိုးစေသလို ရေချိုးကန်နှင့် ရေကူးကန်လိုနေရာမျိုးမှာ ပြုတ်ကျသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
လမ်းလျှောက်ထိုင်ကွင်းတွေနှင့် မတော်တဆမှုတွေက ကလေးနားမှာ လူကြီးတွေရှိနေရင်တောင် ဖြစ်ပွားနိုင်ပါတယ်။ အခြေအနေကို တုန့်ပြန်ဖို့ အချိန်မရှိလောက် မြန်ဆန်တာကြောင့် မိဘတွေဟာ မမျှော်လင့်သော အဖြစ်အပျက်တွေထဲမှာ အနည်းငယ်သာ လုပ်နိုင်ပါတယ်။ လမ်းလျှောက်ကွင်းတွေက အန္တရာယ်များယုံသာမက ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။
Baby Walker တွေက ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုမှာ ကူညီပါသလား?
လူကြိုက်များတဲ့ ယုံကြည်ချက်နှင့် မတူတာက Baby Walker တွေဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အထောက်အကူမပေးယုံသာမက ကလေးတွေကို ပိုမိုကောင်းမွန်စွာ လမ်းလျှောက်စေနိုင်ခြင်းလည်း မရှိပါဘူး။ ကလေးငယ်ဟာ မတ်တပ်ရပ်ပြီး ခြေထောက်တွေ အဆင်သင့်ဖြစ်ပြီဆိုရင် Baby Walker သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ သူတို့ဘာသာသူတို့ လမ်းလျှောက်ပါလိမ့်မယ်။
ဖွံ့ဖြိုးမှုနှင့် အမူအကျင့်ဆိုင်ရာ ကလေးအထူးကုဂျာနယ်မှာ ဖော်ပြထားတဲ့ မွေးကင်းစကလေး ၁၀၉ဦးအား လေ့လာမှုတစ်ခုအရ walker သုံးတဲ့ မွေးကင်းစကလေးတွေဟာ ဖင်ဒရွတ်တိုက်သွားတတ်ကြပြီး မသုံးတဲ့ကလေးတွေထက် နောက်ကျမှ လမ်းလျှောက်ကြတယ်လို့ သိရပါတယ်။ လမ်းလျှောက်ထိုင်ကွင်းတွေက သူတို့ရဲ့ ခြေထောက်ကြွက်သားတွေကို ပုံမှန်ထက် မတူညီစွာ သုံးစေခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ဒါ့အပြင် လမ်းလျှောက်ထိုင်ကွင်းများက ကလေးတွေ ကြမ်းပြင်ပေါ်မှာနေတဲ့ အချိန်ကို လျှော့ချပေးပါတယ်။ ဒါက သူတို့ရဲ့ လမ်းလျှောက်တဲ့ မိုင်တိုင်တွေသို့ ရောက်ဖို့ လိုအပ်တဲ့ အရေးကြီးသော ထပ်ခါတလဲလဲ လှုပ်ရှားမှုကို ပျက်ပြယ်စေပါတယ်။ ကလေးတွေဟာ လမ်းလျှောက်ထိုင်ကွင်း အသုံးပြုတဲ့အခါ ခြေချောင်းတွေကို သုံးတတ်ကြပါတယ်။ ဒါက သူတို့ရဲ့ ခြေထောက်ကြွက်သားတွေကို တင်းကျပ်စေပြီး ပုံမှန်လမ်းလျှောက်ခြင်း ဖွံ့ဖြိုးမှုကို ဝင်ရောက်စွက်ဖက်ပါတယ်။ ဒီအလေ့အကျင့်က walker မသုံးတော့ဘဲ သူ့ဘာသာလမ်းလျှောက်တဲ့အချိန်မှာတောင် ခြေဖျားထောက်သွားတဲ့ အကျင့်ပါသွားနိုင်ပါတယ်။ ဒါက သူတို့ရဲ့ လမ်းလျှောက်ခြင်း အလေ့အကျင့်အပေါ် သက်ရောက်မှုရှိပါတယ်။
Baby Walker တွေကို ဘာနဲ့အစားထိုးမလဲ?
ကလေးတွေ ကစားတဲ့ ခြံ (Play yard)နှင့် stationary activity center တွေကို Baby Walker နေရာမှာ အစားထိုးနိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်ဘဲ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို မြှင့်တင်ပေးပါတယ်။ Stationary activity center တွေက ဘီးမပါတဲ့ Baby Walker နှင့်တူပြီး နေ့စဉ် နာရီအနည်းငယ် အသုံးပြုနိုင်ပါတယ်။
ဒီ activity center တွေကို ကလေးအသက် ၈နှစ်အရွယ်ကစပြီး သုံးနိုင်ပါတယ်။ Play yard ကတော့ ဘယ်အသက်အရွယ်မှာမဆို အသုံးပြုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေ ထိုင်နိုင်၊ မတ်တပ်ရပ်နိင်၊ လဲလျောင်းနိုင်ပြီး အန္တရာယ်ကင်းစွာ လမ်းလျှောက်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
လမ်းလျှောက်ထိုင်ကွင်းတွေက ဘယ်အသက်အရွယ်မှာမဆို Safe မဖြစ်ပါဘူး။ သင့်ကလေးဟာ သူတို့အဆင်သင့်ဖြစ်တဲ့အခါမှာ မတ်တတ်ရပ်ပြီး လမ်းလျှောက်တတ်အောင် သင်ယူပါလိမ့်မယ်။ ဖြတ်လမ်းလိုက်တာက သူတို့ရဲ့ မိုင်တိုင်တစ်ခုကို ခပ်စောစော ရောက်အောင် မကူညီနိုင်ပါဘူး။ ဒါ့ကြောင့် လမ်းလျှောက်ထိုင်ကွင်းသုံးတာက အိုင်ဒီယာကောင်းတစ်ခု မဟုတ်ပါဘူးနော်။
Chit_MayMay
LM_Nandar
Source-momjunction.