ပန်းဘဲတန်းမြို့နယ်က ဖိနပ်လမ်း
mmtimes.com
|
2020-02-13



စိန်ဒါးမောက်ပိုင်ရှင် ဦးတင်ထွန်းနှင့်သား ဦးမြင့်ထွန်း။ ဓာတ်ပုံ • သိမ့်မွန်စိုး(ဂျေ)

ပန်းဘဲတန်းမြို့နယ်က ဖိနပ်လမ်း


လေအဝှေ့တွင် ဖိနပ်သားရေနံ့နှင့် ရော်ဘာနံ့များ ပျံ့လွင့်လာတတ်သလို လမ်းထဲသို့ ကုန်တင်ကားငယ်လေးများ မကြာခဏဝင်လာကာ ကားပေါ်မှ ဖိနပ်ထုပ်များ အတင်အချ ပြုလုပ်နေသည့် အလုပ်သမားများသည် ၂၉ လမ်း (အထက်ဘလောက်)၏ နိစ္စဓူဝမြင်ကွင်းများပင် ဖြစ်သည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်းသည် ၂၀ဝ၅ ခုနှစ် ဝန်းကျင်ခန့်အထိတော့ ကွန်ဒို၊ ကန်ထရိုက်တိုက်များနှင့် လူနေအိမ်အိုတချို့ရှိသည့် သာမန်လမ်းကလေးတစ်ခုသာ ဖြစ်ခဲ့သည်။ ယခု ဖိနပ် လမ်းဟုပင် တင်စားခေါ်တွင်ရမတတ် ဖိနပ်ဆိုင် ၄၀ ကျော်ထိ ဖွင့်လာကြသည့် လမ်းဖြစ်လာသည်။ ၂၉ လမ်း (အထက်ဘလောက်)သည် ရန်ကုန်မြို့၏ ဆင်ခြေဖုန်းရပ်ကွက်မှ ဖိနပ်ဆိုင်ပိုင်ရှင်များအပါအဝင် ဖိနပ် လက်ကားဝယ်ယူလိုသူတွေနှင့် အမြဲလိုလိုစည်ကားနေသည့် လမ်းဖြစ်လာတော့သည်။

လူလမ်းလျှောက်ရုံသာသာ နေရာလွတ် ခပ်နည်းနည်းသာရှိပြီး တစ်ခန်းလုံးနီးပါး ဖိနပ်စင်များဖြင့် ပြည့်နေသည့် မြေညီထပ်စတိုခန်းထဲတွင် ဦးမြင့်ထွန်းတစ်ယောက် စာရင်းမှတ်သည့် စာအုပ်တစ်အုပ်ဖြင့် အလုပ်များနေသည်။

ဖိနပ်ငါးရံ တစ်စည်းစာ ထုပ်ပိုးထားတဲ့ ဖိနပ်ထုပ်တွေကနေ ထွက်လာတဲ့ ဖိနပ်သားရေနံ့ဟာ ဆိုင်ထဲကို ဝင်လာသူတွေကို အနည်းငယ် စိတ်နောက်ကျိသွား စေပေမဲ့ အနှစ် ၄၀ လုံးလုံး ဖိနပ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမြင့်ထွန်းအဖို့တော့ အရင်နေ့တွေထက် ထူးသည်ဟု ထင်ပုံမရ။

သက်လတ်ပိုင်းအရွယ် ဦးမြင့်ထွန်းဟာ ခြေညှပ်ဖိနပ်လောကမှာ ဘုရင်ဟု တင်စားခြင်းခံရအောင် ကျော်ကြားခဲ့သည့် စိန်ဒါးမောက်ဖိနပ်ဆိုင်ပိုင်ရှင် ဦးတင်ထွန်း၏ သားအကြီးဆုံး ဖြစ်သည်။

မန္တလေးဖိနပ်လောကတွင် လှည်းဘီး၊ စက်ယက္ကန်း၊ ဆင်ခြောက်ကောင်နှင့် မြမာလာတို့ နာမည်ကြီးသလို ရန်ကုန်တွင်လည်း စိန်ဒါးမောက်နှင့် ယင်းမာတို့က ယခုထိတိုင် သက်လတ်ပိုင်းအမျိုးသမီးများ စွဲစွဲမြဲမြဲ စီးသည်ထိ နာမည်ကျန်နေသေးသည်။

စိန်ဒါးမောက်ဖိနပ်ဆိုင်ကို ၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ဈေးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖိနပ်ဆိုင် မဖြစ်ခင်က စိန်ဒါးမောက်အထည်ဆိုင်ဟူ၍ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

"အထည်ဆိုင်က သိပ်မရောင်းရတော့ အဖေက ဖိနပ်တင်ရောင်းတယ်။ အဲဒီအချိန်က နာမည်ကြီးတဲ့ တံဆိပ်အစုံဝယ်ပြီး ရောင်းတာပေါ့။ ရောင်းရင်းနဲ့ နောက်ပိုင်းကျတော့ ကိုယ့်နာမည်လေးနဲ့ကိုယ် ဖိနပ်ထုတ်ရင် ကောင်းမယ်ဆိုပြီး စိတ်ကူးမိလာတယ်" ဟု ဦးမြင့်ထွန်းက ဆိုသည်။

သူ့ဖခင်စိတ်ကူးမိသည့် ခြေညှပ်ဖိနပ်ဒီဇိုင်းလေးများကို စိန်ဒါးမောက်အမည်ဖြင့် စတင်ထုတ်လုပ်ခဲ့ သည်။ ခြေညှပ်ဖိနပ်တစ်ရံကို ခြောက်လထိခံအောင် ကော်သားကအစ ပစ္စည်းအကောင်းကိုပဲ သုံးခဲ့သည့် အတွက် ဆယ်စုနှစ်တစ်ခုအကြာတွင် စိန်ဒါးမောက် ဖိနပ်သည် ခြေညှပ်ဖိနပ်စီးသူ အမျိုးသမီးထုထဲတွင် အစီးခံသည်ဟု ပြောစမှတ်ပြုလာကြသည်။

စိန်ဒါးမောက်ဖိနပ်ကို တစ်နယ်တစ်ကျေးမှ ရန်ကုန်သို့ ကျောင်းလာတက်သည့် ကောလိပ်ကျောင်းသူများကအစ နှစ်ခြိုက်အားပေးကြသဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ် ဈေးမှ ၂၉ လမ်းထဲထိ တိုးချဲ့ဖို့ဖြစ်လာသည်။

ဗိုလ်ချုပ်ဈေးနှင့် နီးသည်ကတစ်ကြောင်း၊ ဆိုင်ခန်းခသက်သာသည်က တစ်ကြောင်းကြောင့် ၂၉ လမ်းက တိုက်အမှတ် ၂၀၃ ၏မြေညီထပ်ကို ငှားရမ်းပြီး ဖိနပ်သိုလှောင်ရုံအဖြစ် ၁၉၉၀ တွင် စတင်အသုံးပြု ခဲ့သည်။

"အဲဒီအချိန်တုန်းက ဒီလမ်းထဲမှာ မန္တလေးက နာမည်ကြီး လှည်းဘီးသားရေဖိနပ် ဖြန့်ချိတဲ့ဆိုင်လေး တစ်ဆိုင်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ရောက်ပြီး သိပ်မကြာခင်မှာပဲ ယင်းမာဖိနပ်ဆိုင် ရောက်လာတယ်" ဟု သူက ပြောသည်။

အောက်ခံသားရေပြားကအစ နင်းလိုက်လို့ ခြေထောက်ပြန်အကြွမှာ ကန်အားလေးပါပြီး သက်သောင့်သက်သာဖြစ်အောင် လုပ်ထားသည့်အပြင် ပုံကျပြီး တာရှည်ခံတာကြောင့် ဖိနပ်စီးတဲ့သူတွေက တစ်ဆင့်စကားတစ်ဆင့်နားဖြင့် လူအများ လက်ခံလာသည့် စိန်ဒါးမောက်ဖိနပ်ဆိုင်သည် ထိုခေတ်က တစ်လကို ဖိနပ်အရံ ရှစ်သောင်းမှ တစ်သိန်းအထိ ထုတ်လုပ်ခဲ့ရသည်။

ယခုအချိန်တွင် ပိုးစိန်မှုံပုံတော်၊ ပုံတော်ထိပ်ဝိုင်း၊ ပိုးကွင်းထိုး၊ ငွေမှုန်ဘောင်ပတ် စသည်ဖြင့် မြန်မာ့ရိုးရာ ကတ္တီပါဖိနပ်ကလေးများကို စီးချင်စဖွယ်ဖြစ်လာအောင် ဖန်တီးထုတ်လုပ်နေသော စိန်ဒါးမောက်ဖိနပ် မိသားစုလုပ်ငန်းသည် တရုတ်၊ အိန္ဒိယနှင့် ဗီယက်နမ်မှဝင်လာသော စက်များဖြင့် ထုတ်လုပ်သော ဖိနပ်များကြောင့် တစ်လကို အရံ ၂၀,ဝဝဝ မှ ၃၀,ဝဝဝ ထိသာ လျော့ကျ ထုတ်လုပ်ရတော့သည်။

၂၉ လမ်း(အထက်ဘလောက်)ရှိ ဖိနပ်ဆိုင်တန်းရှေ့မှ အမျိုးသမီးကြီးတစ်ဦး ဖြတ်လျှောက်စဉ်။ ဓာတ်ပုံ • သိမ့်မွန်စိုး(ဂျေ)

"၂၀ဝ၅ ခုနှစ်နောက်ပိုင်းမှာ တရုတ်ဖိနပ်တွေ စဝင်လာတယ်။ လူငယ်ပိုင်းကတော့ ကြိုက်နှစ်သက်ရာ ဖိနပ်ကို ရွေးသုံးလာကြတယ်။ ခုထိလည်း စိန်ဒါးမောက်၊ ယင်းမာဆိုပြီး စွဲစွဲလမ်းလမ်း စီးနေကြတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ သက်လတ်ပိုင်းတွေ ဖြစ်သွားပါပြီ" လို့ ဦးမြင့်ထွန်းက ပြောသည်။

၂၉ လမ်းထဲတွင် မိရိုးဖလာ လက်ဆင့်ကမ်းလုပ်ကိုင်လာသော ဖိနပ်ဆိုင်များရှိသလို ဖိနပ်လုပ်ငန်းအား စမ်းသပ်လုပ်ကိုင်လိုသဖြင့် လမ်းထဲတွင် အပြိုင်ဖွင့်လာသော ဆိုင်များလည်း ရှိသည်။

ပန်းချီဆရာဦးအေးကိုသည်လည်း ဖိနပ်ချုပ်သမားတစ်ဦးဖြစ်သည့် ဖခင်၏ လက်ငုတ်လက်ရင်းအလုပ်အား ဆက်ခံကာ ငွေဗျိုင်းဖြူဟူသည့်အမည်ဖြင့် ၂၉ လမ်းထဲတွင် ဖိနပ်ဆိုင်ဖွင့်လာသည်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်သည်။

"အရင်တုန်းကတော့ ပုသိမ်မှာ ဖွင့်တာ။ ကျွန်တော့်ရဲ့ မိရိုးဖလာပေါ့။ အဖေက ဖိနပ်သမား။ ရှူးဖိနပ်တွေ ချုပ်တယ်။ ပုသိမ်မှာ နိုင်ငံခြားသင်္ဘောတွေ ဆိုက်တဲ့အခါ အဖေက ရှူးဖိနပ်တွေ သူကိုယ်တိုင်ချုပ်ပြီး ရောင်းတယ်။ ကျွန်တော်တို့လက်ထဲရောက်တော့ ကျွန်တော်က ခြေညှပ်ဖိနပ်လုပ်ငန်းကို ဆက်လုပ်တယ်" ဟု ဦးအေးကိုက ဆိုသည်။

ဦးအေးကိုမှာ ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ပါဝင်ခဲ့ပြီး အဖမ်းအဆီးခံရကာ ၁၉၉၃ ခုနှစ်တွင်ထောင်မှ ပြန်လွတ်လာသော်လည်း ထောက်လှမ်းရေးက အချိန်ပြည့်စောင့်ကြည့်နေသဖြင့် ရန်ကုန်ကို ရွှေ့လာခဲ့ရသည်။

"အဲဒီအချိန်တုန်းက ဒီလမ်းထဲမှာ ဖိနပ်ဆိုင်သုံးဆိုင်ပဲ ရှိသေးတယ်။ အရင်တုန်းကတော့ ကိုယ်ပိုင်အလုပ်သမား ရှိတယ်။ နောက်ပိုင်းတော့ ရုံတွေကို ခွဲလိုက်ပြီး အလုပ်သမားတွေက အိမ်မှာပဲ ချုပ်ကြတော့တယ်။ အလုပ်သမားတွေကို ပိုက်ဆံကြိုချပေးပြီး ကိုယ့်တံဆိပ်နဲ့ ကိုယ်ရိုက်ခိုင်းပြီး နယ်ကို ပြန်ဖြန့်တယ်။ မြန်မာတစ်ပြည်လုံး ပို့တယ်" ဟု ငွေဗျိုင်းဖြူဖိနပ်ဆိုင်ပိုင်ရှင် ဦးအေးကိုက ဆိုသည်။

ငွေဗျိုင်းဖြူက ဒေါက်ဖိနပ်၊ ကလေးစီး၊ ယောကျာ်းစီးနှင့် တရုတ်ဖိနပ်တွေကိုပါ လက်ကားရောင်းချပေးသည်။ သူ၏ဆိုင်ခန်းသည် အခြားဆိုင်များထက် ပိုကျယ်ပြီး အလုပ်သမားအင်အားလည်း ပိုတောင့်တင်းသည်။

"လမ်းထဲက ဖိနပ်ဆိုင်တွေကို ကျွန်တော် ရေတွက်ကြည့်တာ ဆိုင် ၄၀ ကျော်ရှိတယ်။ ၂၀ဝ၅ နောက်ပိုင်းမှာ လမ်းထဲမှာ ဖိနပ်ဆိုင်တွေ များလာတယ်။ ဗိုလ်ချုပ်ဈေးက ဖိနပ်ဆိုင်တွေက တဖြည်းဖြည်း ပြုတ်လာပြီ။ အဲဒီကလူတွေ တော်တော်များများက ဒီဘက်ကို ရွှေ့လာတယ်။ မင်္ဂလာဈေး မီးလောင်တော့ ဆိုင်တွေက ဒီလမ်းထဲကို ရွှေ့လာတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်းများလာပြီး တစ်လမ်းလုံး ဖိနပ်လမ်းလို ဖြစ်သွားတယ်" ဟု သူကပြောသည်။




လက်ဖြင့်ချုပ်လုပ်သော မြန်မာမှုဖိနပ်များကို နွေရာသီအတွက်ပဲ ထုတ်လို့ရပြီး မိုးစီးဖိနပ်ကို တရုတ်က လွှမ်းမိုးသွား . . .

ဖိနပ်လမ်းထဲတွင် ယင်းမာနှင့် စိန်ဒါးမောက်ကဲ့သို့ သော နာမည်ရဆိုင်များသာလျှင် သူတို့ထုတ်သော ဖိနပ်တစ်မျိုးတည်းသာ ရောင်းချကြသော်လည်း ကျန်သည့် ဆိုင်များသည် တရုတ်၊ အိန္ဒိယနှင့် ဗီယက်နမ်မှဝင်လာသော ဒီဇိုင်းဆန်းဆန်း ဖိနပ်များကို ရောင်းချကြသည်။

"ဒီလမ်းက ဖိနပ်ဆိုင်တွေများတဲ့အပြင် တရုတ်ဖိနပ်တွေ ဝင်လာတော့ ဈေးအပြိုင်ရောင်းကြတော့ ရပ်တည်ဖို့ မလွယ်ဘူး။ သိပ်မကြာခင်ကပဲ ဆိုင်နှစ်ဆိုင် ပိတ်လိုက်ရသေးတယ်" ဟု ဧရာဖိနပ်ဆိုင်ပိုင်ရှင် ကိုလော့ပ်က ပြောသည်။

လက်ဖြင့်ချုပ်လုပ်သော မြန်မာမှုဖိနပ်များကို နွေရာသီအတွက်ပဲ ထုတ်လို့ရပြီး မိုးစီးဖိနပ်ကို တရုတ်က လွှမ်းမိုးသွားသည်။ ပြည်တွင်းဖြစ်တစ်မျိုးပဲ ရှိသည့်အချိန်တွင် အများစုက အလုပ်ဖြစ်ကြသော်လည်း တရုတ်ဖိနပ်များ ဝင်လာသည့်အခါ ပြည်တွင်းဖြစ်က ၂၅ ရာခိုင်နှုန်းပဲ ထုတ်ကြရပြီး ကျန်သည့် ၇၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားဖိနပ်တွေက နေရာယူသွားသည်။

"ကျွန်တော်တို့ဆီမှာ ကုန်ကြမ်းလည်း ဘာမှမထွက်ဘူး။ ဒါကြောင့် တရုတ်နဲ့ယှဉ်ဖို့က မဖြစ်နိုင်ဘူး။ တရုတ်ဖိနပ်တွေက စက်နဲ့ထုတ်ကြတော့ ပြီးမြောက်မှုက ကျွန်တော်တို့ လက်နဲ့ထုတ်တာနဲ့ မညီမျှဘူး။ ကျွန်တော်တို့က စက်တွေနဲ့ လုပ်လို့မရဘူးလားဆိုတော့ ရတယ်။ ဒါပေမဲ့ ကုန်ကြမ်းက သူတို့ဆီက ဝယ်ရမယ်။ စက်ကလည်း သူတို့ဆီက ဝယ်ရမယ်။ နည်းပညာလည်း ယူရမယ်ဆိုတော့ ဒီမှာလာထုတ်ရင် သူ့ထက်ပိုပြီး ဈေးကြီးသွားမယ်။ စရိတ်စကတွေက အရမ်းတက်သွားတာပေါ့" ဟု ဦးမြင့်ထွန်းက ပြောသည်။

၂၉ လမ်းအထက်ဘလောက်တစ်လျှောက်ရှိ မြေညီထပ်အခန်းတော်တော်များများ၏ မျက်နှာစာသည် တရုတ်မှတင်သွင်းလာသော ရောင်စုံဖိနပ်များဖြင့် တစ်မျိုးဆန်းနေသည့်ကြားတွင် မိရိုးဖလာဖိနပ်ဆိုင်လေး များသည်လည်း ဆက်လက်တောင့်ခံထားနိုင်ဖို့ ပြည်တွင်းမှ ခြေညှပ်ဖိနပ်နှစ်သက်သူများ၏ အားပေးမှုက အရေးကြီးစွာ လိုအပ်နေတော့သည်။


#ဖိနပ်
#ဦးမြင့်ထွန်း
#ဆိုင်
#မောက်
#လမ်း

Some text some message..