အချစ်ဆိုတဲ့စကားလုံးကိုမသုံးစွဲဖူးတဲ့သူဆိုတာမရှိပါဘူး။ တနည်းနည်းနဲ့တော့တယောက်ယောက်ကိုချစ်နေကြတဲ့သူတွေချည်းပါပဲ။ ချစ်မိပြီဆိုတဲ့ခံစားချက်တွေ ဝင်ရောက်လာတာနဲ့တပြိုင်နက် ကြည်နူးမှုတွေခံစားရသလို စိတ်ပင်ပန်းမှုတွေလဲ ခံစားလာရမှာအမှန်ပါပဲ။
အနည်းဆုံးတော့ ကိုယ်ချစ်ရသူနဲ့ပတ်သတ်ပြီး သဝန်တိုခြင်းတွေ၊ စိုးရိမ်ပူပန်ရခြင်းတွေ ခံစားလာရမယ်မဟုတ်ပါလား။ ကျွန်တော်ကိုယ်တိုင်လည်း မျက်တောင်လေးတစ်ခုကိုစွဲလမ်းခဲ့ဖူးပါတယ်။ မျက်တောင်လေးကတစ်ဆင့်မျက်ဝန်းနက်နက်လေးတွေထဲငေးမောကြည့်ရုံနဲ့အချစ်ကိုခံစားမိခဲ့ဖူးတယ်။
အချစ်ဆိုတာ ရည်းစားတွေ ၂ယောက် ၃ ယောက်ထားဖူးမှ အချစ်လို့ခေါ်ဆိုလို့ရနိုင်တာမျိုးမှမဟုတ်တာ။ တခါတလေပါးပြင်ပေါ်က အကြောစိမ်းစိမ်းလေးကိုဖြစ်ဖြစ် ရှည်လျားကော့သွယ်နေတဲ့ မျက်တောင်လေးကိုငေးမိရာကဖြစ်ဖြစ် အချစ်အကြောင်းဘာမှမသိတဲ့မျက်ဝန်းနက်နက်လေးထဲစီးမျောမိသွားရာမှဖြစ်ဖြစ် အချစ်အကြောင်းကိုဆုံးခန်းတိုင်နားလည်သွားတတ်ပါတယ်။ ဒီတော့ အချစ်ဆိုတာဘယ်လိုအရာလဲဆိုတာနဲ့ အချစ်ရဲ့ဝိသေသလက္ခဏာတွေအကြောင်း ဆွေးနွေးကြည့်ရအောင်..
အချစ်နဲ့ အချစ်၏အဓိပ္ပါယ်
လူတိုင်းအချစ်ဆိုတဲ့စကားလုံးကိုကိုယ်ချစ်ရတဲ့သူတွေနဲ့ဆုံတဲ့အခါဖြစ်ဖြစ် ဝေးနေတဲ့အခါမှာပဲဖြစ်ဖြစ် မမေ့မလျော့ပြောဆိုတတ်ကြပါတယ်။ သို့သော် အချစ်ဆိုတာ ပြောရလွယ်သလောက် ခံစားဖို့ခက်တဲ့အရာတခုပါ။
ဘာလို့ခံစားဖို့ခက်ခဲရသလဲဆိုရင် လူတယောက်ရဲ့စကားလုံးဟာ အကြားအာရုံဖြစ်စေတဲ့နားထဲကိုသာဝင်ရောက်သွားနိုင်တာပါ။ ဒါပေမယ့် ခံစားမှုဆိုတာကတော့ လူတယောက်ရဲ့ အသွေးအသားထဲထိစီးဝင်သွားတာကြောင့်ပါပဲ။
ဒါကြောင့် လူတယောက်ကိုချစ်မိပြီဆိုရင် “ချစ်တယ်” ဆိုတဲ့စကားလုံးလေးကိုသူကြားအောင်ပြောဖို့၊ သင်ချစ်နေတာကိုသူသိသွားအောင် “ဖွင့်ပာ”ပြဖို့ဆိုတာလွယ်ပါတယ်။ ဒါဟာလူတိုင်းလုပ်နိုင်တဲ့အခြေအနေတခုပါ။ သို့သော် အဲ့လောက်အနေ အထားကို အချစ်လို့သတ်မှတ်လို့မရပါဘူး။ အမှားကြီးမှားသွားနိုင်ပါတယ်။
သင်ပြောတဲ့စကားလုံးလေး သူ့နားထဲမှာကြားလိုက်ရလို့ သူသိသွားရုံတင်မကဘဲ သူ့စိတ်နှလုံးသား၊ အသွေးအသားထဲထိပါခံစားမိအောင် လုပ်ပေးနိုင်စွမ်းရှိတာကမှသာ အချစ်ပါ။ သူပြောတဲ့စကားလုံးလေး သင့်နားထဲမှာကြားလိုက်ရလို့ သင်သိလိုက်ရရုံတင်မကဘဲ သင့်စိတ်နှလုံးသား၊ အသွေးအသားထဲကပါခံစားမိတယ်ဆိုမှသာ အချစ်ပါ။
ဒါကြောင့် အချစ်ဆိုတာ ကိုယ့်နှုတ်ကပြောပြဖို့လွယ်သလောက် ကိုယ်ပြောသလို ကိုယ့်အသွေးအသားထဲကခံစားမိဖို့ခက်တဲ့အရာတခုပါ။ ကိုယ့်နားကကြားဖို့လွယ်သလောက်ကိုယ်ကြားသလို ကိုယ့်စိတ်နှလုံးသားထဲကခံစားမိဖို့ခက်တဲ့အရာတခုပါ။
လူတယောက်ကကိုယ့်အပေါ် လိုတာထက်ပိုပြီးဂရုစိုက်နေရင်၊ အလေးအနက်ထားဆက်ဆံရင် သူကိုယ့်ကိုသဘောကျနေတယ်၊ စိတ်ဝင်စားနေတယ်ဆိုတာလူတိုင်းရိပ်မိကြပါတယ်။ သိကြပါတယ်။ သူ့ရဲ့ဂရုစိုက်မှု၊ အလေးထားမှုတွေမှာ စကား လုံးတွေလဲမပါသလို သင်လဲမကြားရပါဘူး။ ဒါဆိုသင်ဘာလို့ရိပ်မိတာလဲ။ သိနိုင်တာလဲ။
တဖက်လူရဲ့အပြုအမူတွေက သင့်စိတ်နှလုံးသားထဲကို ခံစားမှုတွေအဖြစ်ချက်ချင်းဝင်ရောက်လာလို့မဟုတ်ပါလား။ ခံစားမှုကြောင့်သာ သင်ရိပ်မိသိရှိလာနိုင်တာပါ။ ဒါကြောင့် နှုတ်ကပြောဖို့၊ နားကကြားရဖို့ထက် တစ်ဖက်လူကိုခံစားမှုတွေပေးစွ မ်းနိုင်ဖို့၊ ကိုယ်ကိုတိုင်ခံစားမိဖို့ကသာအဓိကကျတာပါ။ ဒီလိုမှသာအချစ်လို့ခေါ်နိုင်မှာဖြစ်ပါတယ်။
အချစ်နဲ့ အစစ် အတု ပြဿနာ
များသောအားဖြင့် သမီးရည်းစားတွေပဲဖြစ်ဖြစ် အိမ်ထောင်သည်တွေကြားမှာပဲဖြစ်ဖြစ် အငြင်းပွားနေကျ စကားလေးတစ်ခုရှိပါတယ်။ “နင်ကငါ့ကိုတစ်ကယ်မှမချစ်တာ နင့်အချစ်ကအတုအယောင်ပဲ”ဆိုတာလေ။
တစ်ကယ်တော့ အချစ်မှာ အချစ်စစ်၊ အချစ်တုဆိုတာမရှိပါဘူး။ အတုအစစ်ခွဲနေရအောင် အချစ်ဆိုတာshoppingထွက်ရင်ကိုင်မယ့်အိတ်တအိတ်လဲမဟုတ်သလို ဝတ်ဆင်မယ့်ရွှေထည်ငွေထည်တွေလဲမဟုတ်ဘူးလေ။
ဒီစကားလုံးတွေကအချစ်သဘောတရားကိုရှုပ်ထွေးအောင်လုပ်နေကြတဲ့စကားလုံးတွေသက်သက်ပါပဲ။ လူတယောက်ကိုချစ်တယ်၊ မချစ်ဘူးဒီနှစ်ခုပဲရှိပါတယ်။ လူတယောက်ကိုချစ်မိတယ်ဆိုတာစကားလုံးတွေ၊အတွေးတွေ၊ စိတိကူးယဉ်မှုတွေ၊ လှပမှုတွေ၊ ကြွယ်ဝမှုတွေ၊ ကောင်းမွန်မှုတွေ၊ အောင်မြင်မှုတွေသက်သက်မဟုတ်ဘဲ သူ့ဖြစ်တည်မှုကို ကိုယ့်နှလုံးသားထဲကနေခံစားမိခြင်းပါ။
ကိုယ်ခံစားမိတဲ့အတိုင်း ကိုယ်ချစ်ရသူကိုလဲခံစားမိစေအောင်လုပ်ပေးနိုင်ခြင်းပါ။ ချစ်မိမှသာဒီလိုခံစားရတာပါ။ ရှင်းရှင်းလေးပါပဲ။ ဘယ်လိုအတုအစစ်မှမရှိပါဘူး။ နှုတ်ခမ်းဖျားကထွက်သမျှ ချိုမြိန်တဲ့စကားလူံးတွေတိုင်းလဲ အချစ်ဖြစ်မနေပါဘူး။
အချစ်ကို ကိုယ်ကိုတိုင်တောင်မခံစားတတ်ဘဲ တဖက်လူကိုခံစားမိအောင်မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အချစ်ကိုဘာမှန်းမသိရင်တောင်ချစ်တယ်လို့တော့ပြောလို့ရတယ်။ အချစ်ကိုမခံစားရရင်တောင် ချစ်တယ်လိုတော့ပြောလို့ရတယ်။
ဒီလိုအချစ်ကိုအလွယ်တကူအသုံးချလို့ရနေတဲ့အတွက် နှလုံးသားထဲကခံစားမှုကို မြင်အောင်ကြည့်တတ်ဖို့ အားနည်းလာကြတယ်။ ဒါကြောင့် အချစ်ဟာဘယ်လိုမျိုးလဲဆိုရင် အချစ်ဆိုတာခံစားမိဖို့ခက်ခဲတယ် “ပာဖို့၊ကြားဖို့”သိပ်လွယ်တယ်။ ချစ်မိဖို့ကခက်ခဲတယ်၊ ချစ်တယ်လို့ပြောဖို့ကတော့သိပ်လွယ်တယ်။ ဒီလိုသတ်မှတ်ချင်ပါတယ်။
အချစ်နဲ့မျှော်လင့်ချက်ပြဿနာ
လူတိုင်းဟာကိုယ်နှစ်သက်တဲ့ပုံစံအတိုင်း ကိုယ့်အပေါ်ဆက်ဆံတာမျိုးကို လိုလားကြပါတယ်။ ချစ်ခင်ယုယမှုတွေပိုပိုပြီးလိုချင်ကြတယ်။ ဘဝကိုကိုယ်ချစ်ရသူနဲ့ဖြောင့်ဖြူးသာယာစွာဖြတ်သန်းလိုကြတယ်။
ရည်မှန်းချက်တွေ၊ လိုအင်တွေပြည့်အောင် ကြိုးစားအားထုတ်နေကြတယ်။ ဒီအရာတွေအားလုံးဟာမျှော်လငိ့ချက်တွေနဲ့ရှင်သန်နေတာပါ။ တစုံတယောက်ကိုချစ်မိပြီဆိုရင်သူဟာကိုယ့်ဘဝရဲ့လိုအပ်ချက်တခုလိုဖြစ်လာပါတယ်။ ဒီလိုအပ်ချက်ပြည့်ဖို့ရာ ကိုယ်ချစ်ရသူရဲ့လက်ခံမှုလေးထပ်လိုလာပါတယ်။ ဒီတော့သူလက်ခံနိုင်ဖို့မျှော်လင့်ကြတယ်။
ဒါဖြစ်ရိုးဖြစ်စဉ်တခုပါ။ သို့သော်ချစ်မိတဲ့သူဟာ ကိုယ့်မျှော်လင့်ချက်ပြည့်ဝဖို့ ဘာမဆိုလုပ်မယ့်သူမျိုးမဟုတ်ပါဘူး။ မျှော် လင့်ချက်တစ်စုံတစ်ရာမပါဝင်ပါဘဲပေးဆပ်ကာသာရင်မှာပျော်တယ်ဆိုသလိုပါပဲ။ သူလက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင် သည်ဖြစ်စေ ကိုယ့်နှလုံးသားထဲကခံစားမိတဲ့အချစ်တခုကို မျှော်လင့်ချက်တွေနဲ့မသတ်ပစ်လိုက်ပါဘူး။
မျှော်လင့်ချက်ဆိုတာကိုယ်ချစ်မိလို့သာဖြစ်လာရတာမို့ မျှော်လင့်လို့မရတော့ရင်တောင် အချစ်ကိုခံစားလို့ရတယ် မျှော်လင့်သလိုဖြစ်မလာခဲ့ရင်တောင် ချစ်ရတဲ့ သူကိုအချစ်သက်သက်နဲ့ချစ်နေလို့ရတယ်လို့သတ်မှတ်ထားကြသူတွေပါ။ ဒါဟာတကယ့်ကိုရိုးရှင်းလှပတဲ့အချစ်ရဲ့ ဝိသေသလက္ခဏာတခုပါပဲ။ ပြောရမယ်ဆိုရင် မျက်တောင်လေးက သင်ပေးခဲ့တာပေါ့…..
အချစ်နဲ့ ချုပ်နှောင်ထားခြင်း ပြဿနာ
လူတော်တော်များကတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုစွန့်ခွာသွားမှာ ထားသွားမှာစိုးရိမ်တတ်ကြပါတယ်။ ဒါက လူ့သဘာဝပါပဲ။ ကျွန်တော်သတ်မှတ်ထားတဲ့ အချစ်ဆိုတဲ့အရာကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။
တယောက်ယောက်ကိုချစ်တယ်ဆိုတာ ဖမ်းချုပ်ထားရတာမဟုတ်ပါဘူး။ သင့်အချစ်ကြောင့်မွန်းကြပ်နေရတာမျိုး၊ စိတ် ညစ်နေရတာမျိုးဖြစ်နေရရင်ဒါဟာ အချစ်မဟုတ်တော့ပါဘူး။ ချစ်တယ်ဆိုရင် လွတ်လပ်မှုပေးလိုက်ပါ။ ဒီလွတ်လပ်မှုနဲ့အတူ သင့်အချစ်ကိုသူခံစားမိတယ်ဆိုရင် သူဟာသင့်အတွကိပဲရှိနေမှာပါ။
ဒီလွတ်လပ်ခြင်းကိုလဲ အလွဲသုံးစားလုပ်မှာမဟုတ်ပါဘူး။ အချစ်ဆိုတာကိုယ်ပိုင်ဆိုင်ဖို့သက်သက်ပဲကြည့်ရတာမဟုတ်ပါဘူး။ အဲ့လိုကြည့်ပြီးလှောင်အိမိထဲကငှက်ကလေးလို ချုပ်ခြယ်ထားခြင်းမျိုးလဲမဟုတ်ပါဘူး။
ချစ်တယ်ဆိုတာကိုယ့်ရဲ့ပိုင်ဆိုင်မှုတစ်ခုထပ်တိုးအောင် ကိုယ့်အကျိုးအမြတ်ရဖို့ကိုသာကြည့်လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုမဟုတ်ဘူးလေ။
ကိုယ်ချစ်ရသူဆိုတာကလဲ အကျိုးအမြတ်အနေနဲ့ရလာတဲ့ငွေကြေးတွေကို သော့ခတ်သိမ်းဆည်းထားသလို လှောင်ပိတ်ပြီးသိမ်းထားရမယ့်အရာမဟုတ်ဘူးလေ။
အပြန်အလှန်ချစ်တတ်ကြတဲ့သူတွေဆိုတာ ချစ်ရတဲ့သူကိုကိုယ်ပိုင်ဆိုင်ဖို့သက်သက် ချုပ်နှောင်ထားတာမျိုးမဟုတ်ဘဲ လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားမှုတွေနဲ့ ထိန်းကွပ်ပြီးအချစ်ရဲ့အနှစ်သာရကိုအတူတကွခံစားတတ်ကြသူတွေပါ။ ဒီလိုဝိသေသဟာလဲ အချစ်ရဲ့ကောင်းမွန်တဲ့ဝိသေသတခုပါပဲ။
ကဲ..ဒါတွေကတော့နှလုံးသားထဲကခံစားပြီးချစ်မိသူတိုင်းမှာ ရှိနေကြတဲ့အချစ်ရဲ့ဝိသေသလက္ခဏာလေးတွေပဲဖြစ်ပါတယ်။
လေပြေညှင်းလေးလို ညင်ညင်သာသာတိုးဝင်လာတဲ့ နူးညံ့တဲ့ခံစားမှုတွေကို အရိုးသားဆုံးခံစားတတ်မှသာအချစ်ရဲ့အဓိ ပ္ပါယ်ကိုသိနားလည်မှာပါ။ ဒါမှသာကိုယ့်အပေါ်ချစ်ခင်ပေးနေသူတွေရဲ့တန်ဖိုးအနှစ်သာရကိုလဲသိနားလည်လာမှာပါ။
အချစ်ဆိုတာနှလုံးသား အသွေးအသားထဲမှာ ခံစားမှုတွေချက်ချင်းထိတွေ့ပေါက်ဖွားလာမှုပါပဲ။ အချစ်ဆိုတာနှလုံးသားနှစ်ခုဟာ တစ်ခုထဲဖြစ်သွားသလို ထပ်တူကျခြင်းမျိုးမဟုတ်ဘဲ နှလုံးသားအချင်းချင်း ခံစားနားလည်ပေးနိုင်တာမျိုးပါ။
ဒီတော့ချစ်သူစုံတွဲတွေလဲကိုယ့်ရဲ့relationshipမှာဘယ်လိုဝိသေသလက္ခဏာလေးတွေရှိလဲဆိုတာဆန်းစစ်ကြည့်လိုက်ကြရအောင်နော်။ ချစ်မိကြသူတိုင်း အချစ်အဓိပ္ပါယ်ပြည့်ဝကြပါစေ…ကမ္ဘာဦးအစကတညည်းကအငြင်းပွားခဲ့တဲ့ချစ်ခြင်းရဲ့ဝိသေသလက္ခဏာများ(အပိုင်း_၂)ကိုလည်းဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်….
#Lifestyle_Myanmar
#Mg_Htet
#huffpost.com