စာအံသံ တိတ်ဆိတ်လာနေသည့် အစိုးရကျောင်းများ၏ လားရာ
mmtimes.com
|
2020-03-05



ယခင်က ကျောင်းသူကျောင်းသားများဖြင့် စည်ကားခဲ့ဖူးသော်လည်း ယခုအခါ နှစ်အလိုက် ကျောင်းသားဦးရေ လျော့နည်းလာသည့် အထက(၂) အလုံ။ ဓာတ်ပုံ - ကိုကိုထွေး

စာအံသံ တိတ်ဆိတ်လာနေသည့် အစိုးရကျောင်းများ၏ လားရာ


တည်နေရာက ကြည့်မြင်တိုင်အောက်လမ်းနှင့် အလုံလမ်းထောင့် အတွင်းဘက်ကျသဖြင့် လူခြေတိတ်ဆိတ်လှသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ထွက်ပေါ်နေသော တရားသံနှင့် ကျီးငှက်အော်မြည်သံများက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုနေရာသည် ဒုတိယကမ္ဘာစစ်လက်ကျန် ဗင်တန်ဘုရားရှိခိုးကျောင်း၊ ရန်ကုန်ပိုးကရင်နှစ်ခြင်းအသင်းတော် (ဘရေတန်)နှင့် မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ တည်ရှိရာ ကရင်ခြံဝင်းဧရိယာဖြစ်သည်။

အဆိုပါ ကရင်ခြံဝင်းဧရိယာနှင့်အတူ ထိုနေရာ၌ရှိနေသော အခြားအရာတစ်ခုက အလုံမြို့နယ် ပဲခူးကရင်တန်းမြင့်ကျောင်း ယခု အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (အလုံ)နှင့် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း(အလုံ) တို့ပင်ဖြစ်သည်။

ထိုတိတ်ဆိတ်နေသော ကရင်ခြံကြီးကို ကျောင်းခေါင်းလောင်းထိုးသံတစ်ခုက လှုပ်နှိုးအသက်သွင်းလိုက်သည်။ ညနေခင်းကျောင်းလွှတ်ချိန်ဖြစ်သည်။ ကျောင်းခေါင်းလောင်းသံနှင့်အတူ လမ်းပေါ်သို့ ကျောင်းသားတချို့ပြေးထွက်လာကြသည်။ သို့သော် အထက်တန်းကျောင်းဝင်းရှိ စာသင်ဆောင်အဆောက်အအုံများနှင့် ကျောင်းဝင်းအကျယ်အဝန်း တည်ရှိမှုနှင့် နှိုင်းစာပါက ပြေးထွက်လာသည့် ကျောင်းသားအရေအတွက်မှာ နည်းပါးလွန်းလှသည်။ ခဏချင်းတွင်ပင် တိတ်ဆိတ်မှုက ပြန်လည်လွှမ်းမိုးသွားခဲ့သည်။

"အရင်တုန်းကတော့ ခုလိုကျောင်းလွှတ်ချိန်ဆိုရင် အုန်းအုန်းကျွက်ကျွက်နေတာပေါ့ဗျာ။ ကျောင်းနှစ်ကျောင်းကလည်း ကပ်နေတော့ ပိုဆိုးတယ်။ ကရင်ခြံတစ်လမ်းလုံးအုန်းအုန်းကျွက်ကျွက်ပဲ။ ခုကတော့ ကျောင်းသားတွေ အရမ်းနည်းသွားတော့ တချို့ဆို ကျောင်းဖွင့်ထားမှန်းတောင် မသိကြတော့ဘူး" ဟု ယနေ့ထိ အလုံမြို့နယ် အမှတ် ၂ အခြေခံပညာအထက်ကျောင်းတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ ရုံးစာရေး တာဝန်ထမ်းဆောင်နေသူ ဦးမြင့်အောင်က ပြောသည်။

ပိတ်သိမ်းခဲ့ပြီးနောက် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသော လသာမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ-ရှင်မိုးမြင့်

ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၏ ယခုပညာသင်နှစ် ကျောင်းသားဦးရေစာရင်းများအရ အဆိုပါ အထက်ကျောင်း နှစ်ကျောင်းတွင် စုစုပေါင်း ကျောင်းသားဦးရေ ၃၀ဝ ကျော်သာ တက်ရောက်ပညာ သင်ကြားနေသည်။ ထိုကျောင်းသား ၃၀ဝ ကျော်အနက် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသူက ၂၂ ဦးသာ ရှိသည်။ ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားသည့် ကျောင်းသားဦးရေ ၅၇ ဦးရှိခဲ့ပြီး ၂၀၁၉-၂၀ ပညာသင် နှစ်တွင် ကျောင်းသားဦးရေ ထက်ဝက်ကျော် လျော့နည်းသွားသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလ ကျောင်းသား ၁,ဝဝဝ ကျော် တက်ရောက်ပညာသင်ကြားခဲ့မှုနှင့် နှိုင်းယှဉ်ပါက ကျောင်းသားဦးရေ များစွာကျဆင်းလာသည်။ ထို့ပြင် ပညာရေးမှူးရုံး၏စာရင်းများအရ အဆိုပါကျောင်းများသည် ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းအဆင့် စာသင်ကျောင်းများအနက် ကျောင်းသားဦးရေ အနည်းဆုံးကျောင်းဖြစ်သည်။

တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ၂၂ ဦးသာ ရှိသော အထက(၂) အလုံတွင် အဆောင်တစ်ခု၏ အောက်ထပ်ကို ကျောင်းစာသင်ခန်းအဖြစ် အသုံးပြုထားသည်။ ထိုအဆောင်သည် လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းစွာ မရရှိဘဲ အလုံပိတ် ပြတင်းပေါက်များကြောင့် မှုန်မှိုင်းလျက်ရှိသည်။ ကျောင်းအုပ်ဆရာမကြီး၏ ရုံးခန်းတွင် ကျောင်း၏ သမိုင်းကြောင်း ဖြစ်စဉ်ကို သင်ပုန်းပေါ်၌ ရေးသားထားသည်။ ၁၉၅၂ ခုနှစ်မှစ၍ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်များ၏ အမည်များကို ဖော်ပြထားသည်။

ကရင်ခြံလမ်းဘက်သို့ ကျောပေးထားသော နှစ်ထပ်စာသင်ဆောင်သည် နေထိုင်ရန်မသင့်သော အဆောက်အအုံဖြစ်သည်။ သို့သော် အဆိုပါ စာသင်ဆောင်အပေါ်၌ ကျောင်းဝန်ထမ်းတချို့ နေထိုင်လျက်ရှိသည်။ ကျောင်းပရဝဏ်အတွင်း နေရန်မသင့်သော အဆောက်အအုံနှစ်ခုရှိသည်။ ကျောင်းဆောင်တချို့၏ အမိုးများသည် ပျက်စီးလျက်ရှိသလို ကျောင်းဆောင်တစ်ဆောင်၏ လှေကားထစ်နှင့် ကြမ်းပြင်များသည် ခြစား ယိုယွင်းပျက်စီးလျက်ရှိသည်။ ဆရာ ဆရာမများနေထိုင်ရာ စာသင်ဆောင်သည် နေထိုင်ရန်မသင့်ဟု သတ်မှတ်ထားသည့် အဆောင်များနှင့် သိပ်မကွာလှပေ။

ကျောင်းသားဦးရေ နည်းပါးလာသဖြင့် ပိတ်သိမ်းခဲ့ရသော အမက(၃) လသာ။ ဓာတ်ပုံ - ရှင်မိုးမြင့်နှင့် မာနော်

အလုံမြို့နယ်ရှိ အစိုးရကျောင်းများတွင် ကျောင်းသားဦးရေနည်းပါးခြင်းနှင့် ပတ်သက်ပြီး မည်သို့ အကောင်အထည်ဖော်မည် ဆိုသည့်အချက်ကို ယမန်နှစ်က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ဖူးသော်လည်း ပညာရေးဝန်ကြီးဌာန၏ တိကျသော ဖြေကြားမှု မရခဲ့ကြောင်း အလုံမြို့နယ်မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

ပညာရေးမှူးရုံး၏ မှတ်တမ်းစာရင်းများအရ တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေနည်းပါးလာသည့် အခြေခံပညာ ကျောင်းများကို ပညာရေးဝန်ကြီးဌာနက ကျောင်းစာရင်းက ပယ်ဖျက်ပိတ်သိမ်းပြီး ပညာရေးဆိုင်ရာ အခြားအဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။ ယမန်နှစ်အတွင်း ထိုသို့ပိတ်သိမ်းကာ ပညာရေးဆိုင်ရာ စာအုပ်ဂိုဒေါင်၊ ဝန်ထမ်းအိမ်ရာနှင့် ပညာရေးမှူးရုံးများအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည့် အခြေခံပညာမူလတန်းကျောင်း ခုနစ်ကျောင်း ရှိခဲ့သည်။

ကျောင်းသားဦးရေနည်းပါးသော အစိုးရကျောင်းများကို ဆက်လက် ဖွင့်ထားခြင်းသည် အကျိုးမရှိသဖြင့် အကျိုးရှိသည့် ပညာရေးဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ ကျောင်းသားဦးရေနည်းပါးသည့် ရန်ကုန်မြို့၏ မြို့နယ်အချို့ရှိ ကျောင်းများကို School Catchment Area မူဝါဒအတိုင်း အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်အတွင်း နီးစပ်ရာကျောင်းများသို့ ပြောင်းရွှေ့ပူးပေါင်းစေပြီးမှသာ ပိတ်သိမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"ကျောင်းမှာ ကျောင်းသားမရှိဘဲ ဖွင့်ထားလို့ ဘာအကျိုးရှိမှာလဲ။အကျိုးရှိတဲ့ဟာ တစ်ခုခုလုပ်မှာပေါ့"ဟု ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာရေးဦးစီးဌာန၏စာရင်းအရ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် ၁ နှင့် အမှတ် ၃၇ အခြေခံပညာမူလတန်းကျောင်း၊ လမ်းမတော်မြို့နယ်ရှိ အမှတ် ၃ နှင့် အမှတ် ၄ အခြေခံပညာ မူလတုန်းကျောင်း၊ လသာမြို့နယ်ရှိ အမှတ် ၃ အခြေခံပညာမူလတန်းကျောင်း၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် ၂၇ အခြေခံပညာမူလတန်းကျောင်းနှင့် တာမွေမြို့နယ်ရှိ အမှတ် ၂၄ အခြေခံပညာမူလတန်းကျောင်းများသည် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားသည့် ကျောင်းသားဦးရေ နည်းပါးသဖြင့် ပိတ်သိမ်းခဲ့ရသည်။




ယခင်ကာလများက ကျောင်းတက်ကျောင်းဆင်းချိန် စည်ကားနေတတ်သည့် အထက (၂) အလုံကဲ့သို့ အခြေခံပညာ ကျောင်းများ၏ ပုံရိပ်များသည် ယခုအခါ မှေးမှိန်ပျက်ပြယ်လာခဲ့ပြီဖြစ် . . .

ပိတ်သိမ်းထားသော လသာမြို့နယ် အမှတ် ၃ အခြေခံပညာ မူလတန်းကျောင်းကို ယနေ့အချိန်ထိပြုပြင်ခြင်းမရှိဘဲ နေထိုင်ရန်မသင့်သော အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

အခြေခံပညာမူလတန်းကျောင်း ဖြစ်ခဲ့ဖူးကြောင်း ယနေ့ထိ ရှိနေဆဲ ကျောင်းဆိုင်းဘုတ်က သက်သေအဖြစ်ရှိနေခဲ့သော်လည်း စာသင်ဆောင်နှင့် အိမ်သာအခန်းများအားလုံး ပျက်စီးယိုယွင်းလျက်ရှိသည်။

"မြို့နယ်ပညာရေးမှူးရုံးအဖြစ် ပြောင်းဖို့ စာထွက်ပြီးသားပါ။ ဒါပေမဲ့ အခုအနေထားနဲ့ ရုံးလုပ်လို့မရသေးဘူး။ အကြီးစားပြင်ဆင်ပြီးမှ ပြောင်းရမယ်။ ကျောင်းကလည်း ကိုလိုနီလက်ထက်ကတည်းက အဆောက်အအုံဆိုတော့ ပြန်ပြင်မှကိုရမယ်" ဟု လသာမြို့နယ် ပညာရေးမှူး ဒေါ်စုစုခိုင်က ပြောသည်။

နှစ်ပေါင်း ၁၀ဝ နီးပါး သက်တမ်းရှိသည့် အဆိုပါသုံးထပ် ကျောင်းဆောင်၏ မြေညီထပ်တွင် ပညာရေးမှူးရုံးဝန်ထမ်းအချို့နေ ထိုင်လျက်ရှိပြီး ကျန်အပေါ်အထပ်များတွင် လူနေထိုင်၍မရဘဲ ပညာရေးဦးစီးဌာနနှင့်သက်ဆိုင်သော စာအုပ်များ သိုလှောင်ထားသည်။ အဆိုပါကျောင်းမှာ အဆောက်အအုံပျက်စီးခြင်းထက် မြို့နယ်အတွင်း ကျောင်းအပ်နှံသည့် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ကျောင်းပိတ်ခဲ့ရခြင်းဖြစ်ပြီး လွန်ခဲ့သောသုံးနှစ်ခန့်က စတင်အကောင်ထည်ဖော်ခဲ့သည့် School Catchment Area နယ်ကျော် ကျောင်းထားမှုကို တားမြစ်လိုက်ခြင်း အကျိုးဆက်တစ်ခုဖြစ်သည်။

"ဒဂုံ ၁၊ TTC ကျောင်းတွေမှာလည်း ခုနှစ်ပိုင်းနည်းသွားတာပဲ။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က နယ်ကျော်အပ်ထားတဲ့ ကျောင်းသားတွေကိုပဲ ဆက်ပြီး လက်ခံထားတယ်။ ဒီဘက်နှစ်မှာ လက်မခံတော့ နာမည်ကြီးကျောင်းတွေလည်း ကျောင်းသားနည်း သွားတာပဲ"ဟု ဒေါ်စုစုခိုင်က ပြောသည်။

ပိတ်သိမ်းပြီးနောက် ပညာရေးမှူးရုံးအဖြစ် ပြောင်းလဲဖွင့်လှစ် ထားသည့် အမက(၁) သင်္ဃန်းကျွန်း။ ဓာတ်ပုံ - ရှင်မိုးမြင့်နှင့် မာနော်

ပညာရေးဝန်ကြီးဌာန၏ ဗဟိုချုပ်ကိုင်မှု မူဝါဒဖြေလျှော့ခဲ့ပြီးနောက်ပိုင်း ပုဂ္ဂလိကကျောင်းများ ပေါ်ပေါက်လာခြင်းနှင့် လူလတ်တန်းစားမိသားစု အများစု၏ ပညာရေးနှင့်ပတ်သက်သည့် ယူဆချက်ပြောင်းလဲ လာမှုကလည်း အစိုးရအခြေခံပညာ ကျောင်းများ၌ တက်ရောက်ပညာသင်ကြားသည့် ကျောင်းသားဦးရေ လျော့ကျလာခြင်း အချက်တစ်ခုဖြစ်သည်။

သို့သော် ကျောင်းသားဦးရေ လျော့ကျခြင်း၏ကောင်းကွက်သည် တစ်ဦးချင်းစီ သင်ကြားရသဖြင့် ကျောင်းသား အရည်အသွေး မြင့်မားလာနိုင်ပြီး တက်ရောက်သင်ကြားသူနည်းပါးသော မြို့ပြကျောင်းများကို ပိတ်သိမ်းကာ အမှန်တကယ် လိုအပ်နေသော ကျေးလက်ဒေသများတွင် အစိုးရပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရန် ပိုမိုအာရုံစိုက်လာနိုင်ကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လေ့ကျင့်ရေး) ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။

"Decentralization (ဗဟိုချုပ်ကိုင်မှုမူဝါဒဖြေလျှော့ခြင်း) လုပ်လိုက်လို့ အခုလို ကျောင်းသားတွေ နည်းသွားတယ်လို့ ထင်တယ်။ ကောင်းတဲ့ အချက်တစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ကောင်းတာတွေအများကြီးရှိနိုင်တယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ ၂၀၁၀-၁၁ ပညာသင်နှစ်မှ ၂၀၁၉-၂၀ ပညာသင်နှစ်အထိ ၁၀ နှစ်အတွင်း အခြေခံပညာကျောင်းများ၏ နှစ်အလိုက် ကျောင်းသားဦးရေစာရင်းများအရ နှစ်စဉ် ပျမ်းမျှကျောင်းသားဦးရေ ၁၀,ဝဝဝ ခန့် တိုးလာသည်။ ၂၀၁၀-၁၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၂ç၆၉၅ ကျောင်းရှိခဲ့ရာမှ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း ၂,၇၅၃ ကျောင်းထိ ရှိလာခဲ့သည်။

သို့သော် လက်တွေ့တွင် ဆင်ခြေဖုံးပြင်ပရှိ အခြေခံပညာကျောင်း အများစုတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသားဦးရေသည် နှစ်အလိုက် လျော့နည်းလာသည်။

ထိုသို့ တက်ရောက်ပညာသင်ကြားသည့် ကျောင်းသားဦးရေ လျော့နည်းလာခြင်းကြောင့် ပညာရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှစ၍ အခြေခံပညာကျောင်းတချို့ကို ပိတ်သိမ်းရန် ပြင်ဆင်ခဲ့သော်လည်း ကျောင်းသားဟောင်းများနှင့် ကျောင်းသားမိဘများက ကန့်ကွက်မှုကြောင့် ပိတ်သိမ်းရန် ကြန့်ကြာနေဆဲ ကျောင်းတချို့လည်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

"ကန့်ကွက်လို့ ပိတ်သိမ်းဖို့ ကနေ့ထိ ကြန့်ကြာနေတာတွေရှိတယ်။ ပိတ်သိမ်းပြီးရင် ဌာနက အမှန်တကယ်သုံးစွဲကြောင်း တင်ပြရမယ်။ လိုအပ်ရင် အကောင်အထည်ဖော်ပါမယ်" ဟု အဆိုပါအရာရှိက ဆိုသည်။

မကြာမီတွင် ၂၀၁၉-၂၀ ပညာသင်နှစ် ကုန်ဆုံးမည်ဖြစ်သည်။ တက်ရောက်ပညာသင်ကြားသည့် ကျောင်းသူကျောင်းသားဦးရေ နည်းပါးလာမှုကြောင့် ကျောင်းရန်ပုံငွေနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိနေသလို၊ ပိတ်သိမ်းရန် လျာထားသည့် အခြေခံပညာကျောင်းများစာရင်းက အခြေခံပညာဦးစီးဌာန မှတ်တမ်းတွင် အသင့်ရှိနေခဲ့သည်။

ယခင်ကာလများက ကျောင်းတက်ကျောင်းဆင်းချိန် စည်ကားနေတတ်သည့် အထက (၂) အလုံကဲ့သို့ အခြေခံပညာကျောင်းများ၏ ပုံရိပ်များသည် ယခုအခါ မှေးမှိန်ပျက်ပြယ်လာခဲ့ပြီဖြစ်သည်။ ထိုပျက်ပြယ်မှု ပုံရိပ်က တစ်ဆင့် ၂၀၂၀-၂၁ ပညာသင်နှစ်အတွင်း ပိတ်သိမ်းမည့်စာရင်းထဲသို့ မည်သည့်ကျောင်းများ ပါဝင်မည်ဆိုသည်ကမူ မတွက်ဆနိုင်သေးသော မေးခွန်းတစ်ခုပင်ဖြစ်သည်။


#ကျောင်း
#ဦးရေ
#ကျောင်းသား
#အလုံ
#ကရင်ခြံ

Some text some message..