မန်းရွှေစက်တော်ဘုရားပွဲတော် ပထမအကြိမ် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲကျင်းပမည်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပထမအကြိမ် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ကာ ဆုကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းထံက သိရသည်။
"ရွှေစက်တော်ဘုရားပွဲတော်မှာ ဓာတ်ပုံပညာရှင်တွေ အများအပြားတွေ့ရတယ်။ အဲဒါနဲ့ စိတ်ကူးလေးပေါ်လာပြီး ဓာတ်ပုံပြိုင်ပွဲလေး ကျင်းပဖို့ အစီအစဉ်ဖြစ်ခဲ့တာပါ။ ဓာတ်ပုံဆရာတွေရဲ့ မန်းရွှေစက်တော်ဘုရားကြီး ပုံရိပ်တွေဟာ ဖေ့စ်ဘွတ်ခ်တွေပေါ် မှာ ပျံ့နှံ့နေတာလည်း မြင်တွေ့နေရပါတယ်။ နောက် ပြည်သူတွေ အာရုံခံစားမှုတစ်ခုဖြစ်အောင် ဆောင်ရွက်တာလည်းဖြစ်တယ်။ အဲဒီလို ပြိုင်ပွဲကျင်းပတဲ့အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို မူပိုင်အသုံးပြုခွင့်ရရှိကာ ပြက္ခဒိန်ထုတ်တာတို့၊ ပန်းဖလက်တို့မှာ အသုံးပြုမှာဖြစ်ပါတယ်"ဟု ဂေါပက ဥက္ကဋ္ဌဦးဌေးဝင်းက ပြောသည်။
ပထမအကြိမ် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ်ခုနစ်သိန်း၊ တတိယဆု ကျပ်ငါးသိန်း၊ နှစ်သိမ့်ဆုငါးဆုကို တစ်ဆုလျှင် ကျပ်တစ်သိန်းခွဲစီ ချီးမြှင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် မန်းရွှေစက်တော်ဘုရားကြီး၏ ကြည်ညိုသပ္ပာယ်လှပတင့်တယ်ပုံများ၊ မန်းရွှေစက်တော်ဘုရားကြီးပွဲတော်ကာလ ဘုရားဖူးလှည်းတန်းများ၏ အသွား/အပြန် မြင်ကွင်းများ၊ ဘုရားဖူးလှည်းယာဉ်များမှ လူတို့၏ လှူဒါန်း၊ နေထိုင်၊ ချက်ပြုတ်စားသောက်ကြပုံများ၊ ဘုရားပွဲတော်အတွင်းရှိ ကြည်နူးလှပဖွယ် မြင်ကွင်းများပါရှိသည့် ဓာတ်ပုံများဖြင့် ပြိုင်ပွဲဝင်ရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
"နယ်ခံဓာတ်ပုံသမားတွေအနေနဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးက ဓာတ်ပုံပညာရှင်တွေလည်း ဝင်ပြိုင်ကြမယ်လို့ သိရတယ်။ အခုလို ပြိုင်ပွဲကျင်းပပေးတာလည်း ဘုရားကြီးအတွက် ကောင်းမွန်တဲ့ ပြယုဂ်တစ်ခုပါ။ ဆုရဖို့မရဖို့ထက် ဓာတ်ပုံရှုခင်းကောင်းတွေရရှိအောင် ရိုက်ပြီး ပြိုင်ပွဲဝင်မှာပါ"ဟု မင်းဘူးမြို့နေ ဓာတ်ပုံပညာရှင် ကိုကျော်ဇောဟန်က ပြောသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံပညာရှင်များသည် ပြိုင်ပွဲဝင်ပုံစံတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ဖြင့် ပုံစံဖြည့်ကာ ပြိုင်ပွဲဝင်တစ်ဦးလျှင် ၁၂ လက်မ _ ၁၈ လက်မ အရွယ်အစားဓာတ်ပုံ ငါးပုံအထိ တင်သွင်းရမည်။ ပြိုင်ပွဲတွင် စည်းကမ်း ချက် ၁၆ ချက် သတ်မှတ်ထားပြီး စည်းကမ်းနှင့်အညီ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဧပြီ ၂၂ ရက် ညနေ ၅ နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဆုရ ဓာတ်ပုံရွေးချယ်ပွဲကို ဧပြီ ၂၅ ရက်တွင် မန်းရွှေစက်တော်ဘုရားကြီးရှိ သုံးထပ်ဆောင်သာသနာ့ဗိမာန်ဆောင်တွင် ကျင်းပမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။