ဒုတိယအကြိမ်မြောက် ရန်ကုန်ကဗျာစာပေဆု ကဗျာဆရာသားဦး ရရှိ
mmtimes.com
|
2020-03-08



ဒုတိယအကြိမ်မြောက် ရန်ကုန်ကဗျာစာပေဆု ကဗျာဆရာသားဦး ရရှိ

ဒုတိယအကြိမ်မြောက် ရန်ကုန် ကဗျာစာပေဆုကို ကဗျာဆရာသားဦးက ရရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် ရန်ကုန် ကဗျာစာပေဆုပေးပွဲအခမ်းအနားကို မတ် ၇ ရက်က အမျိုးသားစာကြည့် တိုက်(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်ကဗျာ စာပေဆုသည် ကဗျာတစ်ပုဒ်၊ ကဗျာစာအုပ်တစ်အုပ် အတွက် ရည်ရွယ်ပေးအပ်ခြင်းမဟုတ်ဘဲ ကဗျာဆရာ၏ဘဝဖြတ်သန်းမှုနှင့် ကဗျာအပေါ်ထားရှိသည့် စိတ်ထား၊ ကဗျာဆရာ၏ ရေးသားမှုအပေါ် မူတည်ဆုံးဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း ဆုရွေးချယ်ရေးကော်မတီမှ သိရသည်။

''ရန်ကုန်ကဗျာဆုကိုရွေးချယ်တဲ့ နေရာမှာ ကဗျာအားဖြင့်သော်လည်း ကောင်း၊ လူအားဖြင့်သော်လည်းကောင်း ရွေးချယ်ခဲ့ကြတဲ့အတွက် ဘယ်ကဗျာ ကို ပေးခြင်းမှမဟုတ်ပါဘူး။ ကဗျာ တစ်ပုဒ်ချင်းကို ပေးခြင်းလည်းမဟုတ် ပါဘူး။ ကဗျာဆရာရဲ့နေထိုင်မှုနဲ့ သူ့ရဲ့ ကဗျာရေးသားမှုအပေါ်မူတည်ပြီး တော့ ကျွန်တော်တို့ကရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဗျာတစ်ပုဒ် တလေကြောင့် ပေးတဲ့ဟာမျိုးမဟုတ် ဘဲနဲ့ ကဗျာဆရာရဲ့ ဘဝအပေါ်မူတည် ပြီး ပေးတဲ့ဆုလည်း ဖြစ်ပါတယ်။ ဒီကဗျာအပေါ်မှာ ဆက်လက်သွားမယ် ဆိုတာ ကျွန်တော်တို့က ကျိန်းသေ နေတဲ့ လူတစ်ယောက်အဖြစ်လည်း မြင်နေရပါတယ်။ ဒီအတွက် ဝမ်းသာ အားရလည်း ဖြစ်ရပါတယ်''ဟု ဆု ရွေးချယ်ရေးကော်မတီမှ ကဗျာဆရာ ဝင်းမြင့်က ပြောသည်။

ယခုနှစ်အတွက် ရန်ကုန်ကဗျာ စာပေဆုရရှိခဲ့သည့် ကဗျာဆရာသားဦး အား ဂုဏ်ပြုဆုတံဆိပ်နှင့်အတူ ငွေ သားကျပ် ၁ဝ သိန်း၊ အမှတ်တရဂုဏ် ပြုလက်မှတ်နှင့် အမှတ်တရပန်းချီကား နှစ်ကား ပေးအပ်ချီးမြှင့်ခဲ့သည်။

''ကျွန်တော်က စာမျက်နှာပေါ် စရောက်တာ ၂ဝဝဝ ပြည့်နှစ်လောက် ကပေါ့။ အခု လက်ရှိအချိန်အထိ ဖြတ်သန်းခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ဒီဆုအပါအဝင် သုံးဆုရခဲ့ပါတယ်။ ရန်ကုန်ကဗျာဆုက ကဗျာတစ်ပုဒ်ချင်း ဆီမှာ ပေးတာမဟုတ်ဘဲနဲ့ ကဗျာ ဆရာရဲ့ဖြတ်သန်းမှုနဲ့ သူ့ရဲ့နေထိုင်မှု အပေါ်မှာပေးတယ်ဆိုတော့ ပိုပြီး ဝမ်းသာရတာပေါ့''ဟု ကဗျာဆရာ သားဦးက ပြောသည်။

ရန်ကုန်ကဗျာဆုကို ပြီးခဲ့သည့် နှစ် ၂ဝ၁၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်ကဗျာဆု အဖြစ် ကဗျာဆရာ ခင်ဇော်မြင့်နှင့် ရန်ကုန်ကဗျာဆောင်းပါးဆုအဖြစ် ဆရာမျိုးသန့်တို့ ရရှိခဲ့သည်။


#ကဗျာ
#ကဗျာဆရာ
#သားဦး
#ရန်ကုန်
#စာပေ

Some text some message..