ထိုင်းရောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆို မည့်သူများ မြဝတီသို့ရောက်ရှိ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏သားသမီးများ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မတ် ၉ ရက် နံနက်ပိုင်းက မြဝတီမြို့သို့ရောက်ရှိလာကြောင်း သိရသည်။
ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ်အတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏သားသမီးများသည် မဲဆောက်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေကြပြီး ယခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မြဝတီစာစစ်ဌာနလေးခုတွင် ကျောင်းသား ကျောင်းသူ ၁၀၄ ခန့် ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
မြန်မာရွှေ့ပြောင်းကျောင်းသားတွေ မြဝတီစာစစ်ဌာနမှာ လာဖြေကြတာ အခုနှစ်နဲ့ဆို ကိုးကြိမ်ရှိသွားပြီဖြစ်ပါတယ်။ မနှစ်က ၁၂၀ ဦးဖြေဆိုကြရာမှာ ၁၆ ဦးအောင်မြင်ခဲ့ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားတွေကို ဆရာတော်အရှင်ဆေကိန္ဒဖောင်ဒေးရှင်းက ကူညီပေးပါတယ်။ ဒီနှစ်မှာတော့ "ဆော" ကျောင်းရယ်၊ "ဆာသူးလေ"ကျောင်းရယ်၊ "သွေးသစ်" ကျောင်းရယ် အဲဒီသုံးကျောင်းက ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၄ ဦး မြဝတီစာစစ်ဌာနလေးခုမှာ လာရောက်ဖြေဆိုဖို့ ယနေ့မြဝတီကိုရောက်ရှိလာခဲ့ကြတာပါ"ဟု မြဝတီမြို့နယ်ပညာရေးမှူး ဦးစောမင်းခင်က ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်း၌ ကျောင်းနေအရွယ်ကျောင်းသား ၄၀ဝဝဝ ခန့်ရှိသော်လည်း မိဘများက ကျောင်းမထားနိုင်ကြသည့်အတွက် ကျောင်းသား ၉၀ဝ၀ ခန့်သာ ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေကြရသည်။
"တစ်ဖက်နိုင်ငံက မြန်မာရွှေ့ပြောင်းကျောင်းသားတွေ ဒီနေ့မှာ မြဝတီကိုရောက်လာကြပြီဖြစ်ပါတယ်။ သူတို့ကို အုပ်ချုပ်သူဆရာ ဆရာမတွေ ဦးဆောင်လာကြတာပါ။ သူတို့ နေထိုင်ရေးအတွက် မဟာစည်သာသနာ့ရိပ်သာရယ်၊ အလက(၄)ကျောင်းရယ်၊ ကျောက်လုံးကြီးဘုန်းတော်ကြီးကျောင်းရယ် သုံးနေရာမှာ တည်းခိုနေထိုင်ဖို့နဲ့ စားသောက်ရေးတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ ကျွန်တော်တို့ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး စာမေးပွဲဖြေဆိုမည့်ရက်တွေမှာ စာစစ်ဌာနတွေကို မော်တော်ယာဉ်တွေနဲ့ ကြို/ပို့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ကျောင်းသားတွေအတွက် ကျပ် ၂၃၇၀ဝဝဝ လှူဒါန်းပေးထားသလို မြဝတီကလုပ်ငန်းရှင်တွေ၊ ပရဟိတအသင်းတွေ NLD ပါတီဝင်တွေနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေး လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမယ့် မြန်မာရွှေ့ပြောင်းကျောင်းသားတွေကို စားရေရိက္ခာနဲ့ အဟာရတွေကိုလည်း လှူဒါန်းပေးသွားမှာဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
ရွှေ့ပြောင်းကျောင်းသားများအား မြန်မာနိုင်ငံအတွင်းမှ သင်ရိုးညွှန်းတမ်းများအတိုင်း စေတနာရှင်ဆရာ ဆရာမများက သင်ကြားပေးကြောင်း သိရသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ထိုင်း–မြန်မာပညာရေးဌာနများချိတ်ဆက်၍ ၂၀၁၂ ခုနှစ်တွင် စတင်ဖြေဆိုခွင့်ပြုခဲ့ရာ ယခုနှစ်သည် ကိုးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။