မြန်မာ့ဓလေ့တွေကို ခေတ်ပြိုင်ဟန်နဲ့ ဖန်တီးသူ ပန်းချီတင်ဌေးအောင်
mmtimes.com
|
2020-03-18



ဓာတ်ပုံများ - ပေးပို့

မြန်မာ့ဓလေ့တွေကို ခေတ်ပြိုင်ဟန်နဲ့ ဖန်တီးသူ ပန်းချီတင်ဌေးအောင်


ဘီလူးမိသားစု၊ ဘီလူးနဲ့ နဂါးမစုံတွဲ၊ ဘီလူးမသားအမိ ပုံလေးတွေကို နောက်ခံမြန်မာ့ရိုးရာ ကနုတ်တွေနဲ့ ပေါင်းစပ်ထားတဲ့ ချစ်စရာ line &wash ရေဆေးကားလေးတွေ၊ မြန်မာဘုရားပွဲတွေမှာ တွေ့ရတတ်တဲ့ လှည်းဝိုင်းတွေ၊ ထမင်းဟင်းချက်နေပုံတွေ၊ ဘုန်းကြီးကျောင်းတွေကို အဖြူဗြောင် နောက်ခံနဲ့ ရေးထားတဲ့ ပန်းချီကားတွေ တွေ့လိုက်တာနဲ့ ဖန်တီးသူဟာ ပန်းချီဆရာတင်ဌေးအောင်လို့ တန်းသိသာစေတာ ဘယ်သူနဲ့မှ မတူဘဲ ကွဲထွက်နေတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အနုပညာဖန်တီးမှုတစ်ခုကြောင့်ပါ။

သူဟာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (မန္တလေး) ပန်းချီဌာနရဲ့တွဲဖက်ပါမောက္ခလည်းဖြစ်သလို အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။

မော်ဒန်၊ ပို့စ်မော်ဒန်နဲ့ ခေတ်ပြိုင်အနုပညာ စတာတွေကို အနုပညာရှင်အမျိုးမျိုးက တီထွင်ဆန်းသစ်ဖို့ ကြိုးစားနေကြချိန်မှာအသက် ၄၅ နှစ်အရွယ် လူလတ်တန်း ပန်းချီပညာရှင် ဦးတင်ဌေးအောင်ကတော့ မြန်မာ့ရိုးရာပန်းချီကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ မြန်မာ့ရိုးရာဓလေ့ မြင်ကွင်းတွေကို ခေတ်ပြိုင်ပန်းချီဖန်တီးမှုတွေနဲ့ ပေါင်းစပ်ပုံဖော်ပြီး အောင်မြင်အောင် လမ်းသစ်ထွင်ခဲ့သူပါ။

အောင်လံမြို့ ညောင်အိုင်ကျေးရွာသား ပန်းချီဆရာဟာပန်းချီအနုပညာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပြီးမြန်မာရိုးရာ ပန်းချီဆရာကြီး ဦးတင်အေး (မန္တလေး)၊ ဦးကျော်လေး၊ဦးသစ်လွင်စိုး၊ ဦးအောင်သင်းဦးစတဲ့ ဆရာကြီးတွေဆီကသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (မန္တလေး) က ပန်းချီအဓိကနဲ့ ဘွဲ့ရကာ ယဉ်ကျေးမှုတက္ကသိုလ်မှာပဲ ပန်းချီသင်တဲ့ နည်းပြဆရာတစ်ယောက်အဖြစ်ရော၊ ပန်းချီရေးသူတစ်ယောက်အဖြစ်ပါဘဝကို ဖြတ်သန်းခဲ့သူပါ။

မျဉ်းကြောင်းတွေကို အနုအနွဲ့တွေ အပျော့အမာတွေနဲ့ ဖန်တီးရေးဆွဲထားတဲ့ ကနုတ် (ခြူးပန်းခြူးနွယ် မြန်မာမှုကနုတ်ပန်းများ)၊ နရီ (မင်းသမီး၊ မင်းသား၊ နတ်သမီး၊ ဗြဟ္မာများ)၊ ကပီ (မျောက်၊ ခြင်္သေ့၊ ဘီလူးခေါင်း၊ ဂဠုန်၊ ကုမ္ဘဏ်ယက္ခ)နဲ့ ဂဇာ (ဆင်နဲ့ ကိုယ်ထည်ကြီးမားတဲ့ရုပ်ပုံမျိုးစုံ) တွေကို အခြေခံထားတဲ့ မြန်မာ့ရိုးရာပန်းချီကို အထူးစိတ်ဝင်စားလို့ ပန်းချီဆရာကြီး ဦးတင်အေး (မန္တလေး)နဲ့ဆရာကြီး ဦးအေးမြင့် (မြန်မာမှု) တို့ဆီက မြန်မာ့ရိုးရာပန်းချီကို လေ့လာသင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

"မြန်မာရိုးရာပန်းချီကို မြတ်နိုးတဲ့အတွက် ကျောင်းသားဘဝမှာကတည်းက ဆရာကြီးဦးတင်အေး (မန္တလေး) ဆီမှာ လေ့လာခဲ့တယ်။ဆရာကြီး ဦးအေးမြင့် (မြန်မာမှု) နဲ့တော့ အပြင်မှာ သင့်ကြားခွင့်နည်းခဲ့ပေမဲ့ ဆရာကြီးရေးတဲ့ ရတနာမွန်မဂ္ဂဇင်းက မျက်နှာဖုံးပန်းချီတွေတော်တော်များများကို ကူးရေးပြီး လေ့လာခဲ့တယ်။ နောက်ပုဂံနဲ့ တခြားဒေသတွေက နံရံဆေးရေးပန်းချီတွေကို ကူးဆွဲပြီး လေ့လာခဲ့တယ်။ ကျောင်းဆရာဖြစ်တဲ့ အချိန်မှာလည်း ကျောင်းမှာ မြန်မာရိုးရာပန်းချီကိုပဲ အဓိက သင်ပေးရတယ်" လို့ ဆရာဦးတင်ဌေးအောင်က ပြောပါတယ်။

ဆရာတင်ဌေးအောင်ဟာ မြန်မာရိုးရာပန်းချီကို အမြတ်တနိုး တန်ဖိုးထားသလို ခေတ်ကို မျက်ခြည်ပြတ်မခံဘဲ ခေတ်ပြိုင်ပန်းချီတွေကို နိုင်ငံတကာအထိ သွားရောက်လေ့လာဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာမဟာဘွဲ့M.A (Oil Painting) ဘွဲ့ကို ၂၀ဝ၇ ခုနှစ်နဲ့Ph.D (Fine Arts)ဘွဲ့ကို ၂၀၁၄ ခုနှစ်တွေမှာ တရုတ်နိုင်ငံChina Academy of Art Hangzhou မှာ လေ့လာ သင်ယူလာခဲ့သူပါ။

တရုတ်ပြည်မှာ မဟာဘွဲ့တက်နေတဲ့ တစ်လျှောက်မှာ နောက်ခံဘက်ဂရောင်းအဖြူခံ ဗြောင်နဲ့ အကြောင်းအရာခပ်နည်းနည်း ပေါင်းစပ်ဖန်တီးတဲ့ နည်းလမ်းကို လေ့လာတွေ့ရှိခဲ့ပြီး အဖြူရောက်နောက်ခံနဲ့ ပန်းချီကားတွေကို ၂၀ဝ၃ ခုနှစ်က ၂၀ဝ၇ အတွင်း တောက်လျှောက် ရေးဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာတော့ မြန်မာတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ပြယုဂ်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားပွဲတော်တွေကို လာတတ်တဲ့လှည်းဝိုင်းတွေ၊ ထမင်းဟင်းချက်နေတဲ့ ပုံရိပ်တွေကိုနောက်ခံအဖြူဗြောင် များများချန်ပြီး စတင် ဖန်တီးရေးဆွဲခဲ့ပါတယ်။

နောက်ခံအဖြူဗြောင်ပေါ်မှာ အနီ၊ အဝါ၊ လိမ္မော်၊ ခရမ်းလိုအပူရောင်တွေ၊ မျက်စိအေးစေမယ့် အစိမ်းဖျော့ဖျော့လို အရောင်တွေနဲ့ မြန်မာ့ဓလေ့တွေ ပေါင်းစပ်ထားတဲ့ ဆရာတင်ဌေးအောင်ရဲ့ အဖြူခံပန်းချီကားတွေဟာ ပန်းချီမြတ်နိုးသူတွေနဲ့ ပန်းချီကားစုဆောင်းသူတွေ အမြတ်တနိုး စုဆောင်းရတဲ့ ပန်းချီကားတွေဖြစ်လာခဲ့ပါတယ်။ မြန်မာမှုဓလေ့တွေကို အနောက်တိုင်းဆန်ဆန် ခေတ်ပြိုင်ဟန်နဲ့ ပေါင်းစပ်ထားတဲ့ အနုပညာရသမြောက်တဲ့ သူ့ပန်းချီကားတွေနဲ့အတူ ပန်းချီတင်ဌေးအောင်ဆိုပြီး အောင်မြင်တဲ့ ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

"အဖြူခံ ကားလေးတွေကတော့ တရုတ်က ပန်းချီရေးဟန်က အဖြူများများ ချန်တဲ့ဟန်ကို သဘောကျပြီး အောက်ဒိုးရေးရင်း စရေးဖြစ်ခဲ့တာ။ မြန်မာပြည်ပြန်ရောက်တော့ ကျွန်တော်က မြန်မာမှုတွေ မြန်မာဓလေ့တွေ နှစ်သက်တဲ့သူဆိုတော့ အဲဒါလေးတွေကို အဖြူခံနဲ့ တွဲရေးရာကနေ စရေးဖြစ်ခဲ့တာပါ"လို့ ဆရာတင်ဌေးအောင်က ဆိုပါတယ်။

မြန်မာမှုသရုပ်ဖော် ပန်းချီတချို့ကိုလည်း မဂ္ဂဇင်းတွေအတွက် ဖန်တီးပေးခဲ့သလို မြန်မာမှုရိုးရာပန်းချီရဲ့ အရသာကို ပေးစွမ်းနိုင်တူဲ့line & washပန်းချီကားလေးတွေကိုလည်း လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်မှာ စတင်ဖန်တီးခဲ့ပါတယ်။

သူ့ရဲ့ ဘီလူးမိသားစုကားလေးတွေမှာ မျက်လုံးလေးတွေ၊ ပန်းနွယ်ပန်းခက်၊ အကွေ့အဝိုက် ကနုတ်ကလေးတွေ၊ အသက်ဝင်နေတဲ့ မျဉ်းတွေနဲ့ အဖိအဖော့ရေးချက် ခပ်သွက်သွက်တွေကြောင့် အင်မတန်လှပသက်ဝင်ပြီး နှစ်သက်စရာ မြန်မာမှုပန်းချီကားလေးတွေအဖြစ် လူကြိုက်များခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆရာတင်ဌေးအောင်ဟာ မြန်မာမှုကို အင်မတန်ပိုင်နိုင်ပြီး လှပချစ်စရာကောင်းတဲ့ မြန်မာမှုပန်းချီကားတွေဖန်တီးသူ အဖြူခံမှာ မြန်မာ့ရိုးရာဓလေ့တွေ ဖန်တီးသူပန်းချီဆရာတစ်ယောက်အဖြစ် အောင်မြင် လူသိများလာခဲ့ပါတယ်။

"မြန်မာရိုးရာပန်းချီက ကိုယ်တိုင်ကလေးတွေကို စာသင်ရင်းလည်းရေးပြနေတော့ ဘီလူးတို့၊ နဂါးတို့ ဂဠုန်တို့ဆိုတာ လက်ထဲမှာအသားတကျ ဖြစ်နေတယ်။ ဒါလေးတွေကို မြန်မာမှု ကနုတ်လေးတွေနဲ့ပေါင်းစပ်ပြီးရေးရတာဟာ ကျွန်တော့်အတွက် အင်မတန်လွယ်တယ်။လက်က ကျင့်သားရနေပြီးသား ဖြစ်တဲ့အတွက် ပျော်စရာလည်းကောင်းနေတယ်။ အဲဒါကြောင့် ဒီဘီလူးမိသားစုလေးတွေ ဘီလူးနဲ့နဂါးစုံတွဲလေးတွေကို မြန်မာရိုးရာ ရေးဟန်နဲ့ ရေးဖြစ်တာပါ။အဓိက ရေးဖြစ်တာတော့ ပျော်စရာလည်းကောင်းပြီး လွတ်လပ်လို့ပါ။ နောက်မြန်မာ့ရိုးရာပန်းချီကို တတ်နိုင်သမျှ ဖြန့်ဝေချင်တာကြောင့်လည်း ပါတာပေါ့"လို့ ဆရာတင်ဌေးအောင်က ဆိုပါတယ်။

ပန်းချီဆရာက မြန်မာမှုတွေ မြန်မာ့ရိုးရာပန်းချီတွေကို လူငယ်တွေလက်ကို တတ်နိုင်သမျှ ပိုပြီး ပျံ့နှံ့စေချင်ပြီး ရိုးရာပန်းချီ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ လူငယ်တွေကိုလည်း မျှဝေပေးမယ်လို့ ဆိုပါတယ်။

"နောက်ထပ်လည်း ဒီလို ရိုးရာပန်းချီကို မြတ်နိုးတဲ့သူတွေများလာရင်တော့ ပိုပြီး ထိန်းသိမ်းသွားနိုင်မှာပေါ့။ ကိုယ်တိုင်လည်း ဒီမြန်မာမှုတွေ ရိုးရာပန်းချီတွေကို စိတ်ဝင်စားလို့ နောက်ဆုံးအချိန်ထိ ဖန်တီးသွားမှာပါ" လို့ ဆရာတင်ဌေးအောင်က ဆိုပါတယ်။

ဆရာတင်ဌေးအောင်ဟာ သူ့ရဲ့ ၅ ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲကို မတ်လ ၅ ရက်က မန္တလေးမြို့မှာ ပြသခဲ့ပြီး အုပ်စုလိုက်ပြပွဲပေါင်း များစွာကိုလည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါသွားရောက် ပြသခဲ့ပါတယ်။ နိုင်ငံတကာက ပန်းချီနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာလည်း မြန်မာမှုနဲ့ ခေတ်ပြိုင်ဟန် ပေါင်းစပ်ထားတဲ့ ပန်းချီကားတွေ၊ မြန်မာရိုးရာပန်းချီတွေကို သွားရောက်ဖန်တီးရေးဆွဲရင်း မြန်မာရိုးရာပန်းချီကို ကမ္ဘာကသိအောင်

ကမ္ဘာကသိအောင် ဖန်တီးနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။


#ပန်းချီ
#မြန်မာမှု
#ဌေးအောင်
#ရိုးရာ
#ပန်းချီကား

Some text some message..