COVID-19 ကြောင့် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်သို့ မလာကြရန် မေတ္တာရပ်ခံ
mmtimes.com
|
2020-03-20



အမရပူရမဟာဂန္ဓာရုံကျောင်းတိုက်သို့ လာရောက်လေ့လာနေကြသည့် ပြည်ပခရီးသွားများကို တွေ့ရစဉ်။ ဓာတ်ပုံ-လှိုင်ထွေးအောင်

COVID-19 ကြောင့် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်သို့ မလာကြရန် မေတ္တာရပ်ခံ

မန္တလေး အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ COVID-19 ဖြစ်ပွားနေစဉ်အတွင်း ဘုရားဖူးများနှင့် လေ့လာရေးဧည့်သည်များ ကျောင်းတိုက်အတွင်းသို့မလာကြရန် မတ် ၁၈ ရက်မှစတင်၍ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်များနှင့် သံဃာတော်များက မေတ္တာရပ်ခံထားကြောင်း သိရသည်။

မဟာဂန္ဓာရုံကျောင်းတိုက်သည် အမရပူရ တောင်သမန်အင်း၊ ဦးပိန်တံတားနှင့် အလှမ်းမဝေးသည့်နေရာတွင်ရှိသည်။ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သံဃာတော်အပါး ၁၄၀ဝ ခန့် သီတင်းသုံးနေထိုင်ရာ အဆိုပါကျောင်းတိုက်သံဃာတော်များက နေ့စဉ် နေ့ဆွမ်းတန်းချိန်တွင် စည်းစနစ်ကျစွာ ဆွမ်းတန်းဖြင့် အလှူခံကြွရောက်သည်။ အဆိုပါဆွမ်းတန်းချိန်တွင် ပြည်တွင်းဘုရားဖူးများ လာရောက်ကြည်ညိုကြသကဲ့သို့ နိုင်ငံခြားသားများအနေဖြင့် မြန်မာ့ဘာသာရေးယဉ်ကျေးမှုတစ်ခုအဖြစ် လေ့လာကြည့်ရှုမှတ်တမ်း ဓာတ်ပုံရယူခြင်းလည်းဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများစွာ၌ COVID-19 ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုရှိနေသကဲ့သို့ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုမရှိသော်လည်း သံသယရှိ စောင့်ကြည့်လူနာများရှိနေသဖြင့် COVID-19 ရောဂါဖြစ်ပွားနေချိန် တွင် လူစုလူဝေးမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်းဘုရားဖူးခရီးသည်များနှင့် လေ့လာရေးဧည့်သည်များ ကျောင်းတိုက်အတွင်းသို့ လာရောက်ခြင်းမပြုကြရန် မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်များနှင့် ကျောင်းတိုက်သံဃာတော်များက မေတ္တာရပ်ခံစာဖြင့် အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။


#ဂန္ဓာရုံ
#ကျောင်းတိုက်
#အမရပူရ
#မဟာ
#သံဃာတော်

Some text some message..