မဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းကပ်အလှူရှင် ၁၅ ဦးခန့်သာ လာလောင်းလှူရန် သတ်မှတ်
mmtimes.com
|
2020-03-27



မန္တလေး အမရပူရမဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းခံကြွ သံဃာတော်နှင့် သာမဏေများအား နိုင်ငံခြားခရီးသွားများက ဓာတ်ပုံရိုက်ယူမှတ်တမ်းတင်နေကြသည်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- စိုးမိုးအောင်

မဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းကပ်အလှူရှင် ၁၅ ဦးခန့်သာ လာလောင်းလှူရန် သတ်မှတ်

မန္တလေး အမရပူရမဟာဂန္ဓာရုံကျောင်းတိုက်သို့ လာရောက်လှူဒါန်းသည့် ဆွမ်းကပ်အလှူရှင်များအား ၁၅ ဦးမျှသာ လာရောက်လောင်းလှူကြပါရန် အဆိုပါကျောင်းတိုက်မှ အသိပေးကြေညာထားကြောင်း သိရ သည်။

အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သံဃာအပါး ၁၄၀ဝ ခန့် သီတင်းသုံးလျက်ရှိရာ မဟာနာယက၊ နာယက၊ အနုနာယက ဆရာတော်ကြီးများက မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်တွေ့ရှိသဖြင့် မတ် ၂၅ ရက် ညနေက အရေးပေါ်အစည်းအဝေးခေါ် ယူကာ ဆုံးဖြတ်အတည်ပြုချက်အရ ကျောင်းတိုက်သံဃာတော်များနှင့် ဆွမ်းအလှူရှင်များ သိရှိလိုက်နာနိုင်ရန်အတွက် ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်တွင် ကျောင်းတိုက်သံဃာတော်များCOVID-19 မဖြစ်ပွားစေရေးအတွက် ရောဂါဖြစ်ပွားစဉ်ကာလများအတွင်း ကျောင်းသံဃာတော်များအနေဖြင့် မိမိတို့၏ ရပ်ရွာအသီးသီးသို့ ပြန်လိုက ပြန်နိုင်ကြောင်းနှင့် မပြန်လိုသောကျောင်းရှိ သံဃာတော်များအနေဖြင့် တတ်နိုင်သမျှ ကျောင်းအပြင်မထွက်ရန်၊ အရေးကိစ္စရှိ၍ အပြင်ထွက်ပါက ကျန်းမာရေးလမ်းညွှန်ချက်များကို သေသေချာချာလိုက်နာပေးကြပါရန် ပါရှိသည်။

အလားတူ ဆွမ်းကပ်အလှူရှင်များအနေဖြင့် မိမိဆွမ်းကပ်လှူသည့်နေ့တွင် အလွန်ဆုံး ၁၅ ဦးမျှသာ လာရောက်လောင်းလှူပေးရန်ပါရှိပြီး အပြင်မှလာသည့်အတွက် လိုအပ်ပါက ကျန်းမာရေးစိစစ်ချက်များကို လက်ခံနာယူပေးရန်နှင့် နေ့စဉ်ဝေယျာဝစ္စလုပ်သူများ အပြင်ထွက်နည်းနိုင်သမျှ နည်းပေးပါရန်၊ အပြင်မှ ပြန်လာတိုင်း ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပါရန် စသည်များကို မဟာနာယက၊ နာယက၊ အနုနာယကဆရာတော်ကြီးများ အရေးပေါ်စည်းဝေးတိုင်ပင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး COVID-19 စောင့်ကြည့် / သံသယ လူနာစာရင်း

#ကျောင်းတိုက်
#ဂန္ဓာရုံ
#နာယက
#သံဃာတော်
#မဟာ

Some text some message..