
ဒီတစ်ခါမှာတော့ MODA ပရိသတ်ကြီးအတွက် သိထားသင့်တဲ့ ဗဟုသုတ ရစရာအကြောင်းအရာတစ်ခုကို ဖော်ပြပေးသွားပါမယ်။ ဒီအကြောင်းလေးကတော့ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်က ပေးအပ်တဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့ ချီးမြှင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး ဘယ်လိုလူတွေက ဘာကြောင့် ဒီဆုတွေကို ထိုက်ထိုက်တန်တန်ရရှိကြတာလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ဝတ်ဆင်ကြတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်အကြံပေးမှုတွေလည်း များစွာပေါ်ပေါက်ခဲ့ပါသေးတယ်။
သီရိသုဓမ္မသိင်္ဂီ ဘွဲ့ ဆိုတာဟာ သာသနာ့ကျက်သရေဆောင် သိင်္ဂီရွှေပမာ နှိုင်းယှဉ်အပ်သူ အမျိုးသမီး ဥပါသိကာ(ဒုတိယအဆင့်) ဟူ၍ဖြစ်ပါတယ်။ (လူပုဂ္ဂိုလ် အမျိုးသားဆိုလျှင် ဥပါသကာ ဟုရေး၍ အမျိုးသမီး ဆိုလျှင် ဥပါသိကာ လို့ ရေးသားပါတယ်။ )
ဒီဘွဲ့ကို ရရှိတဲ့သူဟာ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာဝရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်းနဲ့ ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း စတဲ့ အလှူဒါနပြုလုပ်သူများပဲ ဖြစ်ပါတယ်။
၎င်းတို့ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ယုံကြည်သူတွေဖြစ်ပြီး ဘုရားသာသနာ ပျက်စီးမည့်အရေး တွေ့မြင်ပါက သာသနာတော် ကြီးပွားရာ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း၊ အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှုမရှိသည့်အပြင် မိမိအသက် ကိုပဓာန မထားဘဲ မိမိကိုးကွယ်ရာ ဆရာ( ဘုရား) မှ အခြားအယူပျက်သော တိတ္ထိဆရာများကို မိမိ၏ဆရာ အဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း၊ ကာယကံ၊ ဝစီကံ စောင့်ထိန်းခြင်း၊ အတူနေပုဂ္ဂိုလ်များနှင့် သင့်တင့်ညီညွတ်စွာ နေထိုင် တတ်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာ တော်ကို ခုတုံးလုပ်၍ ဟန်ဆောင်ပလွှား ဝါကြွားမှု မပြု ခြင်း စတဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ ညီညွတ်သူတွေလည်း ဖြစ်ကြပါတယ်။
ယခုနှစ်မှာတော့ ဒီဆုကို မင်းသမီး နန္ဒာလှိုင်၊ ယမင်းကိုကိုတို့လည်းရရှိသလို အသက်အငယ်ဆုံးဖြစ်တဲ့ ဒေါ်ပိုးအိဖြူမောင်တို့ကလည်း ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် နာမည်ကြီး မြင့်မြင့်ခင်ထိုးမုန့်ပိုင်ရှင် ၊ နေနတ်သားဆေးတိုက်ပိုင်ရှင်အစရှိတဲ့ နာမည်ကြီးသူဌေးတွေလည်း ရရှိခဲ့တဲ့ ဘွဲ့ဖြစ်တာကြောင့် အလွန်အားကျစရာကောင်းတဲ့ ဘွဲ့ချီးမြှင့်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
Photo - Original Uploader