အခြေခံပညာ ကျောင်းများ မူ၊လယ်၊ထက် ၁ အချိုး ၂၂ ဖြစ်ဟု ပညာရေးဝန်ကြီးပြောဆိုချက် ကျောင်းအုပ် အချို့ငြင်းဆို
mmtimes.com
|
2020-06-16



ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတစ်ခုတွင် ဇွန် ၁၃ ရက်က အောင်စာရင်းထုတ်ပြန်ကြေညာထားရာ ကြည့်ရှုနေသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ- မာနော်/ မြန်မာတိုင်းမ်

အခြေခံပညာ ကျောင်းများ မူ၊လယ်၊ထက် ၁ အချိုး ၂၂ ဖြစ်ဟု ပညာရေးဝန်ကြီးပြောဆိုချက် ကျောင်းအုပ် အချို့ငြင်းဆို

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ မူ၊လယ်၊ထက် ကျောင်းများ၌ ဆရာနှင့်ကျောင်းသား ၁ အချိုး၂၂ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီး၏ ပြောဆိုချက်မှာ မြေပြင်အနေအထားနှင့် လွဲချော်နေပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်မှာပင် ၁အချိုး၂၂ ဖြစ်ရန် မလွယ်ကူသေးကြောင်း မူလတန်းကျောင်းအုပ်အချို့က ပြောသည်။

ဇွန် ၁၂ ရက် နေပြည်တော်တွ် ပြုလုပ်သော ပညာရေးဝန်ကြီးဌာန၏ စတုတ္ထ(၁)နှစ်တာကလအတွင်း ဆောက်ရွက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းရာတွင် ဒေါက်တာမျိုးသိမ်းကြီးက အဆိုပါအချိုးကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခြေခံပညာ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာဆိုရင် ဆရာနဲ့ကျောင်းသားအချိုးက ၁ အချိုး၂၂ဖြစ်ပါတယ်။ အစိုးရ နည်းပညာနှင့် သက်မွေးအထက်တန်းကျောင်းမှာဆိုရင် ဆရာနဲ့ကျောင်းသားက ၁ အချိုး ၄နဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်မှာဆိုရင်ဆရာနဲ့ကျောင်းသား ၁ အချိုး ၂၅ ဖြစ်ပါတယ်’’ဟု ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ဆရာနှင့် ကျောင်းသားအချိုးမှာ အမှန်တယ်ကယ်စာသင်ခန်းထဲတွင်မရှိကြောင်း ပဲခူးတိုင်း မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။ ပဲခူးတိုင်းအတွင်း ၎င်းကျောင်းတစ်ခုတည်း မဟုတ်ဘဲ ကျောင်းအများစုတွင်တွေ့ နိုင်ပြီး ပုံမှန်အားဖြင့် ဆရာနှင့်ကျောင်းသားအချိုးမှာ ၁ အချိုး ၅၀ ဝန်းကျင်ဖြစ်ကြောင်း အဆိုပါ မူလတန်းကျောင်းအုပ်ကပြောသည်။

“ကျောင်းတိုင်းမှာတော့ ဝန်ကြီးပြောသလို ၁အချိုး ၂၂ မဖြစ်တာတော့ သေချာတယ်။ ရန်ကုန်မြို့ပေါ်တစ်ခုပဲ အစိုးရကျောင်းတွေမှာ ကျောင်းသား မရှိတာပါ။ ကျွန်မတို့ ပဲခူးလိုနယ်ကျောင်းမပြောနဲ့ ရန်ကုန်ဆင်ခြေဖုံးမြို့နယ် တွေမှာတောင် ဆရာနဲ့ ကျောင်းသားအင်အားမမျှတာ ဆရာအားလုံးအသိပဲလေ’’ဟု အထက်ပါ မူလတန်းကျောင်းအုပ်ကပြောသည်။

အဆိုပါ မူလတန်းအုပ်ကျောင်းတွင် ကျောင်းသား ၆၀ ကျော်ကို ဆရာ၂ ဦးက ဘာသာရပ်စုံကို သင်ကြားနေရသဖြင့် သင်ရိုးသစ်တွင်စာသင်ချိန်များသည့်အပြင် ကျောင်းသားအင်အားခြင်းကြောင့် ဆရာဦးရေး တိုးခန့်ပေးရန် အဆိုပါကျောင်းအုပ်ကပြောသည်။

“မူလတန်းဆိုတာ အလယ်နဲ့ အထက်တန်းကျောင်းတွေနဲ့ မတူဘူး။ စာသင်လည်း ဒီဆရာမ၊ဂီတလည်း ဒီဆရာမပဲ။ ပန်းချီလည်း ဒီဆရာမပဲ။ တကယ်တော့ စနစ်သစ်မှာ ဘာသာရပ်သင်ဆရာ၊ဆရာမဆိုတာ သီးသန့်ရှိပြီးသားပါ။ ခုထိလည်း ဆရာမတွေ ထပ်မချပေးသေးဘူး’’ဟုယင်းကျောင်းအုပ်က ဆက်ပြောသည်။

ရန်ကုန်တိုင်း ပညာရေးမှူးရုံးအခြေစိုက်ရာ အလုံမြို့နယ်အပါအဝင် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေနည်းသဖြင့် ဆရာဦးရေလျှော့ချနေသည်ဟု ကရင်ခြံအတွင်း ဖွင့်လှစ်ထားသော အလုံအထက (၂)အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။ အဆိုပါကျောင်းတွင် ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ကျောင်းသား ၂၅ဦးသာတက်ယောက်ခဲ့ပြီး သင်ကြားရေးဆရာ ၁၅ ဦးကျော်ရှိသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်္ဃန်းကျွန်း၊ လမ်းမတော်၊ လသာနှင့် မရမ်းကုန်းမြို့နယ်များရှိ အစိုးရ အခြေခံပညာမူလတန်းကျောင်း ၆ ကျောင်းတွင် ကျောင်းသားများမရှိသဖြင့် အဆိုပါကျောင်းများကို ပိတ်ခဲ့ရသည်။


#အချိုး
#ကျောင်း
#ကျောင်းသား
#မူလတန်းကျောင်းအုပ်
#ဆရာ

Some text some message..