အခြေခံပညာ ဆရာဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့တွင် အမှားအယွင်းအချို့ ရှိနေသည်ဟု ဆို
mmtimes.com
|
2020-07-01



မန္တလေးမြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို စောင့်ကြပ်ကြည့်ရှုပေးနေသည့် ဆရာအချို့အား ပြီးခဲ့သည့်ပညာသင်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- အောင်သန့်ခိုင်/ မြန်မာတိုင်းမ်

အခြေခံပညာ ဆရာဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့တွင် အမှားအယွင်းအချို့ ရှိနေသည်ဟု ဆို

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာ ဆရာဆရာမများကို ရာထူးတိုးနှင့် အပြောင်းအရွှေ့များ ပြုလုပ်ရာ၌ မျှတမှုမရှိဘဲ အမှားအယွင်းအချို့ ရှိနေသဖြင့် အကူအညီတောင်းခံလာကြောင်း အခြေခံပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥကဋ္ဌ ဦးမင်းထွဋ်က ပြောသည်။

“အပြောင်းအရွှေ့လုပ်ရာမှာ တစ်ဦးတည်းက ကျောင်းနှစ် ကျောင်းပြောင်းရွှေ့ကျနေတာမျိုးမှားယွင်းမှုက မဖြစ်သင့်ဘူး။နောက်ပြီး လုပ်သက်ရင့်တွေကို အရင်ဆုံး ရာထူးတိုးနဲ့အပြောင်းအရွှေ့လုပ်သင့်တယ်။ကြားရတာက လုပ် သက်များသူက အနီးအနားမရဘဲ နည်းတဲ့သူက အနီးအနားရနေတာမျိုးကြောင့် ကျွန်တော်တို့ဆီ အကူအညီ တောင်းခံလာတာရှိတယ်”ဟု ၎င်းက ပြောသည်။

ဆရာဆရာမများ ခန့်ထားရေးနှင့်ပတ်သက်ပြီး တိကျသည့် မူဝါဒရှိရန် ဝန်ကြီးဌာနနှင့် ဆွေးနွေးခြင်းအပြင် ပြည်သူ့လွှတ်တော်မှ ပညာရေးမြှင့်တင်ရေးကော်မတီနှင့် အလွတ်သဘော တင်ပြဆွေးနွေးထားသကဲ့သို့ အလွှာစုံပါဝင်ဆွေးနွေးပြီး တိကျသည့် မူဝါဒပေါ်ထွက်လာရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းတို့သမဂ္ဂ ဗဟိုကော်မတီကလည်း ဇူလိုင်လအတွင်း ဆွေးနွေးမည်ဟု သိရသည်။

“အပြောင်းအရွှေ့မှာ လုပ်သက်အများဆုံးကနေ အနည်းဆုံးကိုတန်းစီတဲ့ လုပ်သက်ရမှတ်တန်းစီဇယားနဲ့ သူတို့ရဲ့ဆန္ဒပြုမှုရှိတယ်။ တချို့ကကျောင်း၊နာမည်နဲ့တချို့က မြို့နယ်၊ဘယ်ခရိုင်နဲ့လျှောက်တော့ Scope အကျဉ်းအကျယ်ရှိတယ်။ တန်းစီဇယားနဲ့ ဆန္ဒပြုမှုအရ ဦးစားပေးရတာ။အမှတ်များသူက တန်းစီဇယားထိပ်မှာရှိပေမယ့် သူလျှောက်တဲ့ကျောင်းက လစ်လပ်နေရင်ရမှာပါ။မလစ်လပ်ရင် မရဘူး”ဟု မန္တလေးတိုင်းပညာရေးမှူးရုံး၊ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးလျှောက်ထားသူဆရာဆရာမများ၏ လုပ်သက်နှင့် ရမှတ်တန်းစီဇယားကို ရာထူးတိုးအော်ဒါများ မထွက်မီကတည်းက ပညာရေးဝက်ဆိုက်တွင် တိုင်း/ပြည်နယ်အလိုက် ပွင့်လင်းမြင်သာတင်ပြပေးထားသဖြင့် ဆရာဆရာမများ အနေဖြင့် လုပ်သက်ရမှတ်ကို ကြိုတင်သိရှိနိုင်ကြောင်း၊ အဆိုပါ ရမှတ်တန်းစီဇယားနှင့် ဆန္ဒပြုမှုများအရ ရာထူးတိုးလျာထားကြောင်း သိရသည်။

“ကိုယ့်ထက်ရမှတ်ရော လုပ်သက်လည်းနည်းတယ်၊လျှောက်တာချင်းတူတာကို ကိုယ်ကမရဘူး သူကရတယ်။ မမှန်ဘူးထင်ရင် Complain တက်လို့ ရတယ်။အဲဒါဆို ပြန်ပြင်ပေးရမှာပေါ့။ ခုနှစ်ရေးသွင်းတာ မှားရင် အမှတ်တွက်တာ ကွာဟရင် အလုပ်အတူတူဝင်တာကို သူက ရမှတ်ပိုများနေတာနဲ့ တန်းစီဇယားမှာ နောက်ရောက်နေရင် ခရိုင်ပညာရေးမှူးရုံးမှာ တင်ပြခွင့်ရှိတယ်။ပြန်စိစစ်ပေးတယ်။ အချိန်မီပြင်ဆင်ပေးတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆရာဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့များကို အဆင့်ဆင့်စိစစ်ရာတွင် မူလတန်းအဆင့်ကို မြို့နယ် ပညာရေးမှူး၊အလယ်တန်းပြအဆင့်ကို ခရိုင်မြို့နယ်ပညာရေးမှူး၊ အထက်တန်းပြအဆင့်ကို ပြည်နယ်/တိုင်း ပညာရေးမှူးရုံးတို့က ဆောင်ရွက်ပြီး ရမှတ်အနည်းအများနှင့် တန်းစီဇယားကို အခြေခံပညာဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ထပ်မံစိစစ်ကြောင်း သိရသည်။


#ရမှတ်
#အပြောင်းအရွှေ့
#ဇယား
#ဆရာမ
#တိုင်းပညာရေးမှူး

Some text some message..