နေပြည်တော်၊ ဇွန်လ ၁၀။
ကြည်ညိုဖွယ်မကောင်းဟုဆိုကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖယ်ရှားခိုင်းသည့် ပျဉ်းမနားမြို့နယ်မှ ဆင်းတုတော်များကို အနေကဇာတင်ပြီး ပြန်လည်တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်ကတော့ မန္တလေးမှာ ပြင်ဆင်ထုဆစ်နေပါတယ်။ ထုဆစ်လို့ပြီးတဲ့အချိန်တော့ ပြန်ပြီး ပင့်ဆောင်လာမှာဖြစ်ပါတယ်။ ပင့်ဆောင်လာပြီးရင် နေပြည်တော်တိုင်းသဃနာယကနဲ့ ဆရာတော်ကြီးတွေကို ပင့်ဆောင်ပြီး ဘုရားအနေကဇာတင်မှာပါ။ အနေကဇာတင်ရင်တော့ အားလုံးကိုအွန်လိုင်းကနေ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။”ဟု စိန္တာမုနိမင်းဝံတောင်ဘုရားကျောင်းမှ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ဆိုသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ လမ်း နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပုရဝုဏ်အတွင်းရှိ ကြည်ညိုဖွယ်မဆောင်သည့် ဗုဒ္ဓရုပ်ပွားတော်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။
စိန္တာမုနိမင်းဝံတောင်ဘုရားပုရဝုဏ်အတွင်းရှိ ဓာတ်တော်စေတီတော်ပတ်လည်တွင် ဉာဏ်တော် လက်မ ၃၀ ရှိ ရုပ်ပွားတော် ၁၂ ဆူ၊ သိဒ္ဓိရှင်မိုးကောင်းစေတီတော်ပတ်လည်တွင် ၄ဆူ၊ ညောင်ပင်ပတ်လည်တွင် ၄ ဆူ၊ ၃၁ ဘုံဘုရားပတ်လည်တွင် ၄ ဆူ၊ စုစုပေါင်းဉာဏ်တော်လက်မ ၃၀ ရှိ ရုပ်ပွားတော် ၅၁ ဆူနှင့် ဘော်ကြိုဘုရား ပတ်လည်တွင် ဉာဏ်တော်၁၂ လက်မရှိ ရုပ်ပွားတော် ၁၆ ဆူပြုလုပ်ထားကြောင်း သိရသည်။
ရုပ်ပွားတော်များသည် မြန်မာနိုင်ငံတွင် ရိုးရာစဉ်လာအရထုဆစ်ပုံဖော်ကာ ကြည်ညိုလျှက်ရှိကြသော မုဒြာ ၅၅ မျိုးတွင် ပါဝင်ခြင်းမရှိဘဲ ဆံတော်နေရာတွင်ကြာပန်းပုံပြုလုပ်ထားခြင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့်ဦးခေါင်းတော်နောက်ဘက်တို့တွင် ခရုပတ်ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော်သည် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော်သည် နောက်ဘက်သို့ဖြန့်ချထားခြင်း စသည်တို့သည် ဥဒ္ဒဿစေတီအဖြစ် ထားရှိကြည်ညိုရန် လျော်ကန်သင့်မြတ်မှုမရှိကြောင်း သာသနာရေးက ထုတ်ပြန်ခဲ့သည်။