ကျောင်းသားဦးရေ နည်းသဖြင့် အလုံ အထက၂ ပိတ်သိမ်း၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၄ ကျောင်းတွင်လည်း ကျောင်းသား လျော့ကျနေ
mmtimes.com
|
2020-07-22



ရန်ကုန်မြို့ရှိ ဗဟန်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူများအား ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အောင်ဌေးလှိုင်/ မြန်မာတိုင်းမ်

ကျောင်းသားဦးရေ နည်းသဖြင့် အလုံ အထက၂ ပိတ်သိမ်း၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၄ ကျောင်းတွင်လည်း ကျောင်းသား လျော့ကျနေ

ကျောင်းသားဦးရေ နည်းပါးသဖြင့် အလုံမြို့နယ်၊ ကရင်ခြံဝင်းအတွင်းရှိ အ.ထ.က ၂ အလုံ အစိုးရစာသင်ကျောင်းကို ယခုနှစ်တွင် Sanction ရုပ်သိမ်းမည်ဖြစ်ကြောင်း အလုံမြို့နယ် ပညာရေးမှူးက ဇူလိုင် ၂၁ ရက်တွင် ကြေညာ လိုက်သည်။ ထို့ကြောင့် အစိုးရက ပထမဆုံး Sanction ရုပ်သိမ်းသော အထက်တန်းကျောင်းဖြစ်လာသည်။ အထက၂ အလုံတွင် ကျောင်းသား ၁ဝ ဦးသာရှိသဖြင့် ယခုကဲ့သို့ Sanction ရုပ်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။

အလုံမြို့နယ်ရှိ အစိုးရ စာသင်ကျောင်းများသည် လွန်ခဲ့သော နှစ်များကတည်းက ကျောင်းသားဉီးရေနည်းသဖြင့် ပိတ်သိမ်းရန် ပြင်ဆင်ခဲ့သော်လည်း ကျောင်းဟောင်းများနှင့် မိဘဆရာအသင်းများက ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

" Sanction ပိတ်ဖို့ လုပ်တိုင်း ကျောင်းသားဟောင်းတွေနဲ့ မိဘတွေက ဒီလိုပဲ ကန့်ကွက်ခဲ့တဲ့အတွက် တစ်နှစ်ပြီး တစ်နှစ်နဲ့ Sanction ရုပ်မယ့်ကိစ္စ ကြန့်ကြာခဲ့ပါတယ်"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

အလုံ အထက၂ကို Sanction ရုပ်သိမ်းကြောင်း ကြေညာပြီးနောက် ကျောင်းသားမိဘတချို့က သဘောမတူကြောင်း ဆိုကြသည်။ ယင်းတို့၏သားသမီးများကို ထိုကျောင်းမှာပင် ပညာဆက်သင်စေမည်ဟု မှတ်ချက်ပေးသည်။

မြို့နယ်ပညာရေးမှူးရုံးက အထက၂ကျောင်းကို Sanction ရုပ်သိမ်းရန် ကျောင်းအပ်ရက်သတ္တပတ်မတိုင်မီ အစည်းဝေးတစ်ခု၌ ပြောကြားခဲ့သည်ဟု အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

မြို့နယ်ပညာရေးမှူးရုံးအနေဖြင့် ကျောင်းသားမိဘများထံ သဘောထားတောင်းခံပြီး ကြိုက်နှစ်သစ်ရာ နီးစပ်ရာ စာသင်ကြောင်းများသို့ ပြောင်းရွှေ့ပေးမည်ဟု မျှော်လင့်ကြောင်း ဒေါ်နွယ်နွယ်ဝင်းပြောသည်။

" ကျောင်းအပ်လက်ခံပြီး ကျောင်းဖွင့်ဖို့ သင့်တော်တဲ့ကျောင်းသားဦးရေ ရှိမရှိအရင်ကြည့်ပြီးမှ ခုလို ကြေညာတယ်လို့ ထင်ပါတယ်။ ပညာရေးမှူးဘက်က ကျောင်းသားမိဘတွေကို ခေါ်တွေ့ပြီး နီးစပ်ရာ ကျောင်းကို မိဘတို့၏ သဘောထားအတိုင်း ပြောင်းပေးဖို့ မျှော်လင့်ပါတယ်"ဟုဒေါ်နွယ်နွယ်ဝင်းကပြောသည်။

အလုံ အ.ထ.က ၅ ကို လွန်ခဲ့သော နှစ်ကပိတ်သိမ်းရန်အစိုးရဘက်က ပြင်ဆင်ခဲ့သော်လည်း ကျောင်းသားဟောင်း များက ကန့်ကွက်သဖြင့် Sanction ရုပ်သိမ်းနိုင်ခဲ့ခြင်းမရှိဘဲ တိုင်းအစိုးရ၏ကွပ်ကဲမှုဖြင့် အခြားဌာနဆိုင်ရာ ရုံးတချို့ ဖွင့်လှစ်ထားသည်။

အလုံ အထက၂ တွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၌ စုစုပေါင်းကျောင်းသား ၅၇ ဦး၊၂ဝ၁၉-၂ဝ၂ဝ ပညာသင် နှစ် ၂၅ ဦးနှင့် ယခုနှစ် ၁ဝဦး အထိ တက်ရောက် ပညာသင်ကြားမှု လျော့ကျလာသည်။ ၂ဝ၂ဝ မတ်လ စာမေးပွဲနီးချိန်တွင် အထက်တန်း ကျောင်းသားတစ်ဦးက ထပ်မံကျောင်းပြောင်းခဲ့ကြောင်း ကျောင်းမှတ်တမ်းကဆိုသည်။

အ.ထ.က၂ ကျောင်းနည်းတူ မြို့နယ်အတွင်း အစိုးရစာသင်ကျောင်း ၄ ကျောင်းတွင်လည်း နှစ်စဉ်ကျောင်းသားများ လျော့နည်းနေကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းများအရ သိရသည်။

၂ဝ၂ဝ မတ်လ စာရင်းအရ အလုံ အ.ထ.က၅ ၌ ကျောင်းသား ၃၈ ဦး၊ အ.မ.က(၆)တွင် ၂၂ ဦး၊အမက(၁၂) ၉ ဦး၊နှင့်အ.မ.က(၉) ၁၇ ဦးဖြစ်သည်။

၂ဝ၁၉ ခုနှစ် မတ်လ စာမေးပွဲဖြေဆိုခဲ့သည့်နောက်ဆုံးစာရင်းများအရ အလုံ အ.ထ.က(၅) ၆၁ ဦး၊အ.မ.က(၆) ၃၁ ဦး၊ အမက(၁၂) ၉ ဦး၊ အ.မ.က(၉) ၂၂ ဦးဖြစ်သည်။

အလုံမြို့နယ်သည် လူဦးရေ ၅သောင်းကျော်သာရှိပြီး အထက်တန်းကျောင်း ခုနှစ်ကျောင်း၊အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်းခြောက်ကျောင်း စုစုပေါင်း မြို့နယ်တစ်ခုထဲတွင် အစိုးရစာသင်ကျောင်း ၁၄ ကျောင်းရှိသည်။ ယခု ပိတ်သိမ်းရန် ကြေညာထားသော အလုံအ.ထ.က(၂)စာသင်ကျောင်းသည် ကရင်ခြံဝင်းအတွင်းရှိ အထက(၁)နှင့် ကိုက် ၁ဝဝ ဝန်းကျင်သာကွာပြီး ယမန်နှစ်က ကျောင်းသား ၃၃ဝ တက်ရောက်ခဲ့သည်။

"အရင်လူကြီးတွေက အမြော်အမြင်နဲ့အလုံမြို့နယ်ထဲမှာ ကျောင်း တွေတစ်ခုနဲ့တစ်ခု ခပ်စိပ်စိပ်ဆာက်ခဲ့ပါတယ်။ ဝန်းထမ်းတွေများတဲ့ အလုံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း သမ္မတအိမ်ရာဝင်း၊ကလေးဆေးရုံး၊ လျှပ်စစ်ဝန်ထမ်းနဲ့ သစ်တောဝန်ထမ်းတွေ မရှိတော့ဘူး"ဟု ဒေါ်နွယ်နွယ်ဝင်းကပြောသည်။

၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ်တွင် သင်္ကန်းကျွန်း၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်းနှင့် တာမွေမြို့နယ်များရှိ မူလတန်းစာ သင်ကျောင်း ၇ ကျောင်းကိုလည်း ကျောင်းသားနည်းပါးလာသဖြင့် Sanction ရုပ်သိမ်းခဲ့သည်။

ကျောင်းသားဦးရနည်းပါးသော ကျောင်းများဆက်လက်ဖွင့်ထားမည်ဆိုပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် အကျိုးရှိနိုင်မည်မဟုတ်ဘဲ ကျန်ရှိနေသော ကျောင်းသားများကို မြို့နယ်အတွင်း နီးစပ်ရာစာသင်ကျောင်းများသို့ ပြောင်းရွှေ့ပြီး အဆောက်အဦကို အကျိုးရှိရှိအသုံးချသွားမည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရှေးမှူးချုပ် ဦးကိုလေးဝင်းက ယမန်နှစ်က မူလတန်းကျောင်း ၇ကျောင်း Sanction ရုပ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားထားသည်။


#အလုံ
#ကျောင်း
#ကျောင်းသား
#ဒေါ်နွယ်နွယ်ဝင်း
#စာသင်ကျောင်း

Some text some message..