မြို့ပြ၏ ဆွမ်းလောင်းဒါန
mmtimes.com
|
2020-08-14



မြို့ပြ၏ ဆွမ်းလောင်းဒါန

လမ်းအတွင်း နေထိုင်သူ ကိုယ်စီ အိမ်ထဲကထွက်လာပြီး လမ်းပေါ်က အမှိုက်များကို လှည်းကျင်း သုတ်သင်ကြနေ ကြသည့် မြင်ကွင်းမျိုးက အပတ်စဉ် ကြာသပတေးနေ့ နံနက်ပိုင်း၏ ထူးခြားမှုပုံရိပ် တစ်ခုဖြစ် သည်။

တစ်ဆက်တည်း အိမ်တိုင်းရှိ မီးဖိုချောင်တွေကနေ အငွေ့တထောင်းထောင်းနှင့် ချက်သူချက် ထုထောင်းသူက ထောင်းနှင့် အချိန်ကိုက်အလုပ်လုပ်နေကြသည်။ တချို့ မိသားစုဝင်များကတော့ ယမန့်ညပိုင်းကတည်းက ချက်ပြုတ် ပြီးနှင့်ကြပြီ။

နံနက် ၈ နာရီ ထိုးပါပြီ။ အိမ်ရှေ့တွေမှာ စားပွဲခုံလေးတွေ အသီးသီးခင်းပြီး အငွေ့တစ်ထောင်းထောင်း ဖြစ်နေတဲ့ ဟင်း၊ ထမင်းတွေကိုအုပ်ဆောင်းလေးများဖြင့် အုပ်ထားကာ သပ်သပ်ရပ်ရပ်ထားကြပြီး အသံလာရာကို နားစွင့်နေကြသည်။

''ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သဘာဝတရား ရိပ်သာမှ သံဃာတော်များ နေ့ဆွမ်းအလှူခံ ကြွလာပါပြီ ခင်ဗျာ''ဆိုတဲ့ ဥပ္ပါသကာရဲ့ အော်သံက သိပ်မကြာခင်မှာပင် ညံစီစွာထွက်ပေါ်လာလေသည်။မြို့ပြရန်ကုန်မှာ အထပ်မြင့်တိုက်တွေနဲ့ နေထိုင်လာကြ သည့်အတွက် ရန်ကုန်ရဲ့ ဆွမ်းဒါန လှူဒါန်းမှုတွေကလည်း တဖြည်းဖြည်းပျောက်ကွယ် လုနီးပါးဖြစ်ခဲ့ပြီဖြစ်သည်။

''တိုက်ခန်းနေတဲ့သူ အများစုက လုပ်ငန်းကိုယ်စီနဲ့ မိုးလင်းကမိုးချုပ် အလုပ်ချိန်မီအောင်ပြေးနေရတဲ့ မိသားစု တွေ များကြတယ်။ မြန်မာတွေသဒ္ဓါတရားနည်းလားဆိုတော့ မနည်းဘူး၊ လုပ်ငန်းခွင်ဆိုတဲ့ အချိန်ကြောင့် သံဃာတော်တွေ ကို ဆွမ်းလောင်းလှူဖို့ ပျက်ကွက်လာကြတယ်။ ဒီလိုမျိုး ပျက်ကွက်တာကြောင့် အခြားနေရာတွေမှာ အစားထိုးပြီး လှူဒါန်းမှုပြုတာတွေလည်းရှိတယ်''ဟု တောင်ဥက္ကလာပ မြို့နယ်နေ စက်မှုအငြိမ်းစား ဦးအောင်ကြီးရွှေက ပြောသည်။

အိမ်တိုင်းကိုယ်စီ ချက်ပြုတ်လှူဒါန်းမှုကို အလှူခံယူမယ့် သံဃာတော်တွေ အိမ်ရှေ့ကိုယ်စီ ကြွလာလို့ လောင်းလှူတဲ့ မြင်ကွင်းက မြန်မာတို့ရဲ့ချစ်စရာ အလေ့တစ်ခုပါပဲ။ ရန်ကုန်လိုမြို့ကြီးပင် မဆိုထားနှင့် နယ်မြို့တွေမှာ တန်းဆွမ်း ကြွတဲ့ အလေ့အထဟာ ယနေ့တိုင်ရှိနေသေးသည်မှာ မလွဲဧကံပင်ဖြစ်သည်။ စာသင်တိုက်များရှိရာ မြို့များတွင် သံဃာတော်များ သပိတ်ကိုယ်စီပိုက်လို့ အာရုံတက်ဆွမ်းခံကြွနေသည့် ပုံရိပ်များက မြန်မာလူမျိုးများအတွက် သားစဉ် မြေးဆက် ဘဝတစ်သက်စာ ဆင့်ကဲအလှူဒါနလို့ ပြောရင် ကုန်နိုင်မည်မထင်။

''သူ့ရက်နဲ့ သူတန်းဆွမ်းကြွတာ သဘာဝတရားရိပ်သာ က ပုံမှန်ရှိနေတယ်။ ကျန်တဲ့ဘုန်းကြီး ကျောင်းတွေက တစ်ပါးချင်းစီကြွတဲ့ သံဃာတွေလည်းရှိတယ်။ သံဃာတော် တွေ ဆွမ်းအခက်အခဲတွေရှိကြတယ်။ သဘာဝတရား ရိပ်သာဆိုရင် လူပုဂ္ဂိုလ်တွေ၊ သံဃာတော်၊ ယောဂီသီလရှင် တွေ နာမကျန်းဖြစ်သူတွေ အများကြီးရှိနေတယ်။ ညတိုင်း သူတို့ လူမူကွန်ရက် စာမျက်နှာကနေ ဆရာတော် ကိုယ်တိုင် ဦးစီးပြီးတော့ တန်းဆွမ်းကိစ္စ လောက်ငမှုရှိမရှိ ဆိုတဲ့အချက်တွေကို ဆွေးနွေးတာတွေ ကြည့်ရတော့ ပိုပြီးတော့ လှူဖြစ် တာပါ''ဟု ပုဇွန်မြို့နယ်နေ ဒေါ်ခင်ဆွေသစ်က ပြောသည်။

တိုက်ခန်းနေ ယဉ်ကျေးမှုတွေ များလာခြင်းကြောင့် တိုက်ခန်းပေါ်သို့ ဆွမ်းခံ ကြွ ရောက်သည့် သံဃာများ၊ ကိုရင်များလည်း ရန်ကုန်မြို့အတွင်းရှိနေသည်။ သံဃာတော် များ ဆွမ်း၊ ဆွမ်းဟင်းအခက်အခဲများ မဖြစ်ပေါ်စေရန် မြို့နယ်ရပ်ကွက်အလိုက် စုပေါင်းကာ လမ်းများတွင်ဝါတွင်းဝါပ ဆွမ်းလောင်းအသင်းများထားရှိကာ မြို့နယ် ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများ၏ ဆွမ်းအခက်အခဲများကို ဆွမ်းလောင်း ဓမ္မာရုံများက ရပ်ကွက်နေသူများ၏ ထည့်ဝင်ငွေဖြင့်အပတ်စဉ်လောင်းလှူမှုများပြုလုပ်နေခြင်းကြောင့် ဘုန်းကြီးကျောင်း တိုက်အချို့ဆွမ်းအခက်အခဲပြဿနာ ပြေလည်မှုများရှိခဲ့သည်။

''ဘုန်းကြီးဆိုတာ ဒါယကာ၊ ဒါယိကာမ လှူမှစားသောက်ရတာ။ အလှူအတန်းရှိမှ အဆင်ပြေတာ။ ဆွမ်း၊ ဆွမ်းဟင်း တွေကို ရပ်ကွက်ထဲက အလှူရှင်တွေက သူ့နေ့နဲ့သူဆွမ်းချိုင့်ပို့နေလို့။ မပို့တဲ့ နေ့တွေဆိုရင် ကျောင်းက ချက်ရတာတွေ လည်းရှိတယ်''ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ကျောင်းထိုင် ဆရာတော်တစ်ပါးက မိန့်သည်။

ကိုရင်ငယ်နှင့် ကျောင်းနေသံဃာများပြားသည့် ဆင်ခြေ ဖုံးမြို့နယ်များရှိ ကျောင်းတိုက်များမှလည်း အခြားဆက် စပ်မြို့နယ်ရှိ ရပ်ကွက်များသို့လည်း အာရုံဆွမ်း၊ နေ့ဆွမ်းများကို မော်တော်ယာဉ်များဖြင့် လာရောက်အလှူခံမှုများရှိနေသည်။

''နေ့တိုင်း မနက် ၉ နာရီခွဲဆိုရင် ရပ်ကွက်ထဲကကျောင်းက တန်းဆွမ်းရှိတယ်။ ကြာသပတေးနေ့ ဆိုရင်တော့ သဘာဝတရားရိပ်သာက တန်းဆွမ်းရှိတယ်။ အဲဒီလိုနေ့မျိုး ကြတော့ ဆွမ်းနဲ့ဆွမ်းဟင်း ပိုချက်ရတယ်။ ဆန်လေးလုံး ချက်ရတယ်။ သဘာဝတရားရိပ်သာကို အရင်က အသားနဲ့ ငါးဟင်းတွေ လောင်းလှူပေမယ့် အခုနောက်ပိုင်း အကုန် လုံးစားလို့ရအောင် ရွှေဖရုံသီး၊ ရုံးပတီသီး၊ အစရှိတဲ့ သက် သတ်လွတ်ဟင်းတွေကို လူ အများစားလို့ရအောင်လှူတယ်'' ဟု တောင်ဥက္ကလာပမြို့နယ်နေ အန်တီချိုက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးများ၏ သဒ္ဓါတရား ထက်သန်မှုကြောင့် သံဃာတော်များ နေ့စဉ်ဆွမ်းနှင့် ဆွမ်းဟင်း ပြည့်စုံနေဆဲပင် ဖြစ်သည်။


#ဆွမ်း
#ဆွမ်းဟင်း
#သံဃာတော်
#သဘာဝတရား
#ရိပ်သာ

Some text some message..