ရှာသော်လည်း မတွေ့သေးတဲ့ စစ်ကြိုခေတ်ပန်းချီဆရာ
mmtimes.com
|
2020-09-17



၁၉၃၃ ခုနှစ်မှာရေးဆွဲသော မန္တလေးနန်းတော်၏ နံနက်ခင်းအလှပန်းချီ။ ဓာတ်ပုံ - ပေးပို့

ရှာသော်လည်း မတွေ့သေးတဲ့ စစ်ကြိုခေတ်ပန်းချီဆရာ

ပန်းချီသမိုင်းကြောင်းကို ဝါသနာအလျောက် လေ့လာလိုက်စားနေတဲ့ စင်ကာပူနိုင်ငံသား အငြိမ်းစားကြီး ဒေးဗစ်လင်း ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ၂ဝ ရာစုအစောပိုင်းက အမေ့ခံမြန်မာပြည်ဖွား ရှုခင်းပန်းချီဆရာတစ်ယောက်ရဲ့အတိတ်သမိုင်းကိုတူးဆွကြည့်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဒီလိုဖြစ်လာတာကတော့ လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က အမေရိကန်လူမျိုးစာရေးဆရာ Andrew Ranard ရေးသားတဲ့ Burmese Painting စာအုပ်ကြောင့်ပဲဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ စာရေးဆရာ Andrew Ranard ကွယ်လွန်သွားခဲ့ပေမယ့် သူရေးသားခဲ့တဲ့စာအုပ်ကတစ်ဆင့် ဒေးဗစ်ထံမှာမြန်မာပန်းချီကိုမြတ်နိုးတဲ့စိတ်တွေ အမွေထားခဲ့နိုင်ပါတယ်။

၁၉၃၃ ခုနှစ်က ရေးဆွဲထားသောမန္တလေးနန်းတော်ပုံ။ အနီရောင်လွှမ်းတဲ့ပန်းချီကားနောက်ခံအရောင်ဟာ ဒီပန်းချီကားချပ်ကို အသက်ဝင်သွားစေပါတယ်။ ဓာတ်ပုံ - ပေးပို့

ဒီစာအုပ်ကိုဖတ်ကြည့်ပြီး ဒေးဗစ်လင်းဟာ မြန်မာပန်းချီဆရာတွေအကြောင်းကို အင်္ဂလိပ်လိုရေးသားထားတဲ့ စာအုပ်တွေ၊ ဝက်ဘ်ဆိုက်တွေမှာ လပေါင်းများစွာဖတ်ရှုလေ့လာနေခဲ့ပါတယ်။ အဲဒီအချိန်မှာမြန်မာပန်းချီဆရာတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ပန်းချီကားတွေအကြောင်း တင်ဆက်ထားတဲ့ Mandalay Emporium website ရှာတွေ့သွားပြီး အမ်သိန်း (M Thein)လို့အမည်ရတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ပန်းချီကားတွေကို သူက စိတ်ဝင်စားသွားခဲ့ပါတယ်။

ပန်းချီဆရာကြီး အမ်သိန်းရဲ့အကြောင်းကို ဆက်လက်ရှာဖွေ ကြည့်မိရင်း သူနဲ့နာမည်ဆင်တူတဲ့ အမ်သိန်းဖေဆိုတဲ့ ပန်းချီဆရာရဲ့ လက်ရာကိုစတင်တွေ့ရာကနေ သူ့ရဲ့ရေးဟန်က ဒေးဗစ်လင်းကို ဆွဲဆောင်သွားခဲ့ပါတယ်။အမ်သိန်းဖေရဲ့ပန်းချီကားအများစုဟာ၂ဝ ရာစု အစောပိုင်းက လက်ရာမြောက် ရေဆေးရှုခင်းကားတွေပဲဖြစ်ပါတယ်။ ဒေးဗစ်ရှာဖွေတူးဆွမိသလောက်ကတော့ ပန်းချီကား ၄ဝ ကျော် တွေ့ရှိခဲ့ပါတယ်။

''အမ်သိန်းဖေရဲ့ပန်းချီတွေက အောက်ဒိုးထွက်ပြီး သဘာဝကို မျက်လုံးနဲ့ကြည့်ရှုခံစားပြီး တိုက်ရိုက်ရေးထားတဲ့ ပန်းချီကားတွေပဲဖြစ်ပါတယ်။ ပန်းချီနည်းစနစ်အရဆိုရင်အတော့်ကိုအရည်အသွေးမြင့်မားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အခင်းအကျင်းကို ဖမ်းဆုပ်နိုင်ပြီး ပတ်ဝန်း ကျင်မှာ ဖြစ်တည်နေတဲ့ ခံစားမှုတွေကို ပန်းချီကိုမြင်ရသူတွေ တစ်ထပ်တည်း ခံစားနိုင်အောင်ရသပေးစွမ်းနိုင်ပါတယ်''လို့ ဒေးဗစ်လင်းက ပြောပါတယ်။

ဒေးဗစ်ဟာ လေလံတင်ထားတဲ့ အမ်သိန်းဖေရဲ့ မူရင်းပန်းချီကား လေးကားစုဆောင်းထားပြီး အစောဆုံး ပန်းချီကားကတော့ ၁၉၃၃ ခုနှစ်လို့ ရေးထိုးထားပါတယ်။အမ်သိန်းဖေရဲ့ပန်းချီကားတွေက ကမ္ဘာတစ်လွှားက စုဆောင်းသူတွေဆီမှာ ပြန့်ကျဲနေပေမယ့် ပြည်တွင်းမှာတော့ အမ်သိန်းဖေကို သိရှိသူနည်းလှပါတယ်။ဒေးဗစ်လင်းဟာ အတ္ထုပ္ပတ္တိကိုခြေရာပင် ကောက်မရတဲ့ ဒီပန်းချီဆရာရဲ့ လေလံတင်ထားပြီး ရေဆေးပန်းချီကား ၃ဝ ကျော်ကိုတွေ့ခဲ့ပြီး အစောဆုံးပန်းချီကားကတော့ ၁၉၂၇ ခုနှစ်မှာ ရေးဆွဲထားတာဖြစ်ပါတယ်။

''မြန်မာပြည်မှာ နေထိုင်သွားတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ဗြိတိသျှအရာရှိတစ်ဦးရဲ့ ဇနီးသည်ဖြစ်သူက မြန်မာပြည်ကနေ သူ့အမျိုးသား ပြန်သယ်ဆောင်လာတဲ့ အမ်သိန်းဖေဆွဲထားတဲ့ပန်းချီကား လေးကားနဲ့ပစ္စည်းတချို့ကိုဗြိတိသျှစာကြည့်တိုက်ကိုလှူဒါန်းခဲ့ပါတယ်''လို့ ဒေးဗစ်လင်းက ပြောပါတယ်။

အမ်သိန်းဖေရဲ့ပန်းချီကားတွေကို အင်္ဂလန်နိုင်ငံက ပန်းချီကားတွေ လေလံပစ်ပြီးရောင်းချတဲ့ eBay အပါအဝင်တခြားဝက်ဘ်ဆိုက်တွေမှာတင်ပြီး ကြော်ငြာလေ့ရှိပါတယ်။ ပန်းချီကားတွေကမြန်မာပြည်ကို အလည်အပတ်ရောက်ဖူးသူ၊ ပန်းချီကား ဖန်တီးချိန်မှာ မြန်မာပြည်မှာနေထိုင်ခဲ့ဖူးသူတွေက စုဆောင်းပြီး အင်္ဂလန်ကို ယူလာတဲ့ ပန်းချီကားတွေဖြစ်ပါတယ်။

ပန်းချီကားတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို လေလံတင်တဲ့ Chorley's က ကြော်ငြာထားတဲ့ အမ်သိန်းဖေရဲ့ပန်းချီကား ငါးကားထဲကတစ်ကားရဲ့ နောက်ကြောမှာရောင်းချသူကသူ့မိဘတွေက မြန်မာပြည်ကသူတို့နေအိမ်ရှေ့က မြင်ကွင်းလေးကို ရေးဆွဲပေးဖို့ ဒီပန်းချီဆရာကိုအပ်နှံခဲ့တာလို့ ရေးထားခဲ့ပါတယ်။

Kidson Trigg ကလေလံတင်ထားတဲ့ ပန်းချီကားတွေထဲမှာမြန်မာပြည်ကနာမည်ကြီး ပန်းချီဆရာတွေဖြစ်တဲ့ မောင်မောင်ကြီးနဲ့ဆရာဆောင်တို့လို ပန်းချီကားတွေနဲ့အပြိုင် အမ်သိန်းဖေရဲ့ပန်းချီကားတွေကိုတွေ့ရတယ်လို့ ဒေးဗစ်လင်းက ပြောပါတယ်။

''၂ဝ ရာစု ရှေ့တစ်ဝက်မှာတော့ ရေဆေးပန်းချီကားတွေက မြန်မာ့ပန်းချီသမိုင်းမှာ အလွန်ထင်ရှားတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ အာရှတိုက်က တခြားကိုလိုနီလက်အောက်ခံနိုင်ငံတွေကပန်းချီဆရာတွေရဲ့ လက်ရာတွေနဲ့ ယှဉ်တဲ့အခါမှာလည်း မတူကွဲပြားပြီးပေါ်လွင်နေတယ်''လို့သူက ပြောပါတယ်။

''စစ်ကြိုခေတ်မှာ နာမည်ထွက်တဲ့ ပန်းချီဆရာတွေက ဆရာဆောင်နဲ့ ရတနာပုံမောင်စုတို့ပါ။ အင်္ဂလန်နိုင်ငံက ဗစ်တိုရီးယားနဲ့ အဲလ်ဘတ်ပြတိုက်က အဲဒီဆရာတွေရဲ့လက်ရာတွေကို သေသေချာချာ သိမ်းဆည်းထားပါတယ်။ ကျွန်တော်အဲဒီပြတိုက်ကို ရောက်သွားတော့ ပြတိုက်မှာ စုဆောင်းထားတဲ့ ရှေးဟောင်းမြန်မာပန်းချီကားတွေကြည့်ချင်တယ်လို့ပြောလို့ သူတို့ထုတ်ပြပါတယ်။အဲဒီထဲမှာအမ်သိန်းဖေနာမည်နဲ့ ပန်းချီကားတွေတော့မတွေ့ခဲ့ ပါဘူး''လို့ 'Old Myanmar Paintings in the collection of U Win' စာအုပ်ကို ရေးသားပြုစုခဲ့တဲ့ ပန်းချီဆရာကြီး ဦးလှတင်ထွန်းက ဆိုပါတယ်။ လန်ဒန်ကပန်းချီကား အဟောင်းဆိုင်တွေမှာလည်း ဆရာဆောင်နဲ့ အမ်တီလှ (ဦးထွန်းလှ)တို့လို နာမည်ကြီးပန်းချီဆရာတွေရဲ့လက်ရာတွေကို တွေ့ခဲ့ပေမယ့် အမ်သိန်းဖေရဲ့ပန်းချီကားတွေကိုတော့ မမြင်ခဲ့ရဘူးလို့သူက ပြောပါတယ်။

''အမ်သိန်းဖေကရှိကောင်းရှိပါလိမ့်မယ်''လို့ သူက ပြောပါတယ်။ အမျိုးသားပြတိုက်က စုဆောင်းထားတဲ့ ပန်းချီကားတွေထဲမှာ လည်း အမ်သိန်းဖေရဲ့ပန်းချီကားတွေ မရှိဘူးလို့ အမျိုးသားပြတိုက်ရဲ့ လက်ထောက်ညွှန်မှူး ပြတိုက်ပညာရှင် ဦးကျော်ရှင်နောင်က ပြောပါတယ်။

ပန်းချီကားတွေနဲ့ရှေးဟောင်း ပစ္စည်းတွေကိုပဲ ရည်စူးတဲ့ Invaluable.com ဝက်ဘ်ဆိုက်မှာ အမ်သိန်းဖေရဲ့ 'ရွှေရောင်နန်းတော်'လို့ အမည်ပေးထားတဲ့ပန်းချီကားကို တွေ့နိုင်ပါတယ်။ ၁၉၃၉ ခုနှစ်က ရေးဆွဲထားတဲ့ ဒီပန်းချီကားဟာ ရွှေတိဂုံဘုရား နောက်ခံပြုထားတဲ့ တည်ငြိမ်နေတဲ့ ကန်တော်ကြီးကို ရေးဆွဲထားတာဖြစ်ပြီး သစ်ပင်တွေရဲ့ အသွေးအရောင်၊ ကန်ရေထဲက အဖြူရောင်လိုင်းဖျော့ဖျော့တွေက ရှင်းလင်းပြီး အသက်ဝင်နေတဲ့ ရောင်ပြန်တွေကို ပြနေပါတယ်။

ဝက်ဘ်ဆိုက်မှာ ပြထားတဲ့ တခြားပန်းချီကားတစ်ချပ်ကတော့မန္တလေးကျုံးတောင်ဘက်မုခ်ကို ၁၉၃၃ ခုနှစ်က ရေးဆွဲထား တာဖြစ်ပါတယ်။ ခြောက်သွေ့ရာသီမှာမန္တလေး ညနေခင်းရဲ့ မှုန်ပြပြအလှကိုခံစားနိုင်အောင် ရေးဆွဲထားပါတယ်။

''သူ့ပန်းချီကားတွေက ဆရာဆောင်၊ မောင်မောင်ကြီးနဲ့ မောင်ထွန်းလှတို့ရဲ့ လက်ရာကို ယှဉ်နိုင်တယ်''လို့ ဒေးဗစ်လင်းက ဆိုပါတယ်။


#ပန်းချီကား
#ပန်းချီဆရာ
#ဒေးဗစ်
#ပန်းချီ
#လက်ရာ

Some text some message..