အင်းစိန်ရွာမမှ သံဃာ ၇၅ ပါး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းတိုက်ကို အပြင်လူအဝင်အထွက်ခွင့်မပြုတော့
mmtimes.com
|
2020-09-25



ရွာမပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေကြသည့် သံဃာတော်များအား ဖူးတွေ့ရစဉ်။ ဓတ်ပုံ- အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ဖေ့စ်ဘွတ်

အင်းစိန်ရွာမမှ သံဃာ ၇၅ ပါး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းတိုက်ကို အပြင်လူအဝင်အထွက်ခွင့်မပြုတော့

အင်းစိန်မြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၈၈ ဦးတွင် အင်းစိန်မြို့နယ်ရှိ ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ပါဝင်ခဲ့ပြီး အဆိုပါ ပိုးတွေ့ရှိသည့် စာသင်တိုက်အား အပြင်လူ အဝင်အထွက်ခွင့်မပြုဘဲ ကျောင်းတိုက်အား ပိတ်ထားရှိကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

အဆိုပါအင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင် သံဃာတော် အပါး ၅၃၂ ပါးနှင့် ကျောင်းသားနှင့် ဝေယျာဝိစ္စ လုပ်ကိုင်နေသူ ၅၅ ပါးရှိရာ စာသင်တိုက်အတွင်း ပိုးတွေ့ရှိမှုအနေဖြင့် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် သံဃာတော် ၆၃ ပါးနှင့် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က ၁၂ ပါး ဖြစ်ပြီး မှော်ဘီမြို့နယ်ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် ထားရှိ ကုသနေကြောင်း သိရသည်။

"မနေ့က အင်းစိန်မြို့နယ်က ၈၈ ယောက်ပိုးတွေ့လူနာထဲမှာ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က သံဃာတော် ၇၅ ပါး ပါဝင်ပါတယ်။ဒီနေ့မနက်က MOHS က ကြေညာတာ ၁၇၁ ယောက်ထဲမှာ အင်းစိန်က စာရင်းမသိရသေးပါဘူး။ ရွာမပရိယတ္တိစာသင်တိုက်က အကြီးကြီးပါ။ စာသင်တိုက်မှာ သံဃာတော်အပါး ၆၀၀ နီးပါး လောက်ရှိပါတယ်။ အဝင်အထွက်ကတော့ ဆရာတော်တွေက စည်းကမ်းပိုင်းက အရမ်းတင်းကျပ်တော့ ပြင်ပက အဝင်အထွက်လည်း မလုပ်ဘဲ ကျောင်းတိုက် ပိတ်ထားလိုက်ပါပြီ။"ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က မြန်မာတိုင်းမ်သို့ပြောကြားသည်။

ယနေ့မနက် MOHS က ကြေညာခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇၁) ဦးတွေ့ရှိခဲ့ရာ ထိုစာရင်းတွင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ ပါဝင်ခြင်းရှိမရှိကို မသိရှိရသေးကြောင်း အင်းစိန်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ဒီနေ့မနက်အထိတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က ပိုးတွေ့တာ သံဃာ ၇၅ ပါးအထိရှိပါတယ်။ ဒီနေ့မနက် ထုတ်ပြန်တဲ့ ၁၇၁ ဦးစာရင်းထဲမှာ အင်းစိန်က ပါတယ်မတွေ့ရသေးပါဘူး။ ရွာမပရိယတ္တိစာသင်တိုက်က သံဃာတွေပါမပါကို တော့ မသိရှိရသေးပါဘူး။ "ဟု အင်းစိန်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်က်တာ ဒေါ်နော်သန္တာစိုး က မြန်မာတိုင်းမ်သို့ ပြောကြားသည်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေသော သံဃာတော်များ၌ ပိုးတွေ့ရှိခဲ့သည်မှာ မှန်ကန်ကြောင်း၊ ဆရာတော်ကြီးကို စစ်ကြည့်သောအခါ ပိုးမတွေ့ရကြောင်း၊အစိုးရ ကျန်းမာရေးနှင့် တပ်မတော် ကျန်းမာရေးတို့က ပူးပေါင်းဆောင်ရွက်၍ ပိုးတွေ့သူများကို တပ်မတော် ကျန်းမာရေးကုသစင်တာများတွင် ကုသပေးလျက်ရှိကြောင်း ရွာမ ပရိယတ္တိစာသင်တိုက်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။


#စာသင်တိုက်
#ရွာမ
#ပရိယတ္တိ
#အင်းစိန်
#သံဃာတော်

Some text some message..