ရိုးရာအသုံးအဆောင်များကို ခြေရာကောက်ခြင်း
mmtimes.com
|
2020-10-15



အဖိုးလည်းချို သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်တဲ့ စက္ကူယပ်တောင်။ ဓာတ်ပုံ - အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

ရိုးရာအသုံးအဆောင်များကို ခြေရာကောက်ခြင်း

မြေနဲ့သဲတို့ရောစပ်ပြုလုပ်ထားတဲ့ သဲမြေအိုး ဝိုင်းဝိုင်းပုပုကလေးဟာ အသက် (၆၆) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်နီနီဝင်းရဲ့မီးဖိုချောင်ထောင့်တစ်ထောင့်က ရေအိုးစင်လေးမှာ အမြဲတည်ရှိနေပါတယ်။သူဟာ အဝီစိတွင်းရေကို ညစဉ်ကျိုချက်ပြီး တစ်ညသိပ်ထားကာမနက်တိုင်း သဲမြေအိုးထဲ လောင်းထည့်ပြီး သောက်ရေအဖြစ်သူ့တစ်သက်တာလုံး သောက်သုံးခဲ့ပါတယ်။

''သောက်လိုက်ရင် ရင်ထဲကို အေးသွားတာ။ ရေခဲသေတ္တာထဲကရေအေးကဓာတ်ပါတယ်။ သူက သဘာဝအတိုင်း တစ်မျိုးလေး ရင်အေးသွားစေတာ''လို့ ဒေါ်နီနီဝင်းက ဆိုပါတယ်။ဒေါ်နီနီဝင်းရဲ့ အဖွားဟာ ဟင်းချက်တဲ့အခါမှာ မြေအိုးကိုသာအသုံးပြုခဲ့ပြီး မြေအိုးနဲ့ချက်တဲ့ဟင်းဟာ အရသာပိုရှိတယ်လို့လည်းသူ့ကို အမြဲပြောလေ့ရှိပါတယ်။

သူဟာမြေအိုးကို ဟင်းချက်ရာမှာ အသုံးမပြုတော့ပေမယ့်မြေအိုးကို သောက်ရေအိုးအဖြစ်တော့ ခုထိ အသုံးပြုနေဆဲဖြစ်ပါတယ်။ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် နေ့စဉ်အသုံးပြုနေတဲ့အသုံးအဆောင်ပစ္စည်းတွေနေရာမှာ လွယ်ကူပြီး သုံးရတာသက်သောင့်သက်သာ ဖြစ်စေတဲ့ ပစ္စည်းတွေက တစ်စတစ်စနေရာယူလာကြပါတယ်။ မြို့ကြီးပြကြီးတွေမှာ မြေသောက်ရေအိုးတွေနေရာကို အိမ်ထဲထိ အရောက်ပို့ပေးလာတဲ့ ပလတ်စတစ် ရေသန့်ပုံးတွေက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

''ကျွန်မတစ်သက် ရေကို ပိုက်ဆံနဲ့ ပေးဝယ်သောက်ရမယ်လို့မမျှော်လင့်ခဲ့မိပါဘူး။ ရေဘူးတွေ ပေါ်လာတာ ကျွန်မတော်တော်အံ့သြမိတယ်''လို့ မြန်မာ့အစိမ်းရောင် ကွန်ရက်အဖွဲ့မှသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဒေါ်ဒေဝီသန့်စင်ကပြောပါတယ်။

ဒီလိုပြောင်းလဲလာမှုဟာ သဘာဝနဲ့ ဟန်ချက်ညီလှတဲ့ရိုးရာဓလေ့တွေကို ရိုက်ခတ်မှုရှိနေပါတယ်။ ပလတ်စတစ်ဘူးနဲ့ထုတ်လုပ်လာတဲ့ မကျည်းဖျော်ရည်ဘူးကြောင့် လမ်းဘေးက မြေအိုးလေးတွေနဲ့ ရောင်းချတဲ့ မကျည်းဖျော်ရည်၊ မုန့်လက်ဆောင်း စတဲ့တွန်းလှည်းသည်လေးတွေ ပျောက်ကုန်တယ်လို့ သူက ဥပမာပေးပါတယ်။ လက်တွန်းလှည်းတွေ၊ အပင်အရိပ်အောက်ကရေချမ်းစင်စတဲ့ ရိုးရာဓလေ့တွေကို ရှင်သန်ချင်တယ်ဆိုရင်တော့ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသပ်ရပ်မှုရှိဖို့တော့ အားထုတ်ရလိမ့်မယ်လို့ဒေါ်ဒေဝီသန့်စင်က အကြံပြုပါတယ်။

ဒေါ်နီနီဝင်းရဲ့ အသက် ၃ဝ ဝန်းကျင်အရွယ် သားဖြစ်သူကတော့ပလတ်စတစ်ရေသန့်ပုံးတွေရဲ့ ရေသန့်စင်မှုကို သံသယဖြစ်တဲ့အတွက်မိရိုးဖလာ ရေအိုးစင်ထဲက ရေကိုပဲ သောက်သုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။တာမွေမြို့နယ်မှာနေထိုင်တဲ့ မမေပိုးဝါ ငယ်စဉ်ဘဝက သူ့အဘွားကလမ်းထိပ်က ကုန်စုံဆိုင်မှာ ဆီဝယ်ခိုင်းတဲ့အခါ ဆီထည့်ဖို့ ဆီပုလင်းလေးယူသွားခိုင်းတာကို ခုထိအမှတ်ရနေဆဲ ဖြစ်ပါတယ်။ ဆီငါးကျပ်သား၊၁ဝ သားကို ဆီပုလင်းထဲ ဆိုင်ရှင်က ချင်ခွက်နဲ့ ခပ်ထည့်ပေးလေ့ရှိပါတယ်။

အဲဒီဆီပုလင်းဟာ ပြန်သုံးဖန်များလာတဲ့အခါ ဆီချေးတွေတက်ပြီးမဲညစ်နေတတ်တော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ခေတ်ပေါ် ပလတ်စတစ်ဆီဘူးတွေကို မသုံးချင်လို့ အခုချိန်မှာသာဖန်ပုလင်းတွေကို ပြန်သုံးမယ်ဆို ဆီချေးတက်ပြီး မဲညစ်နေတာကိုအော်ဂလီဆန်မိမှာ အမှန်ပဲလို့ သူကပြောပါတယ်။

''ဖန်ပုလင်းကို နှစ်ပုလင်းလောက် ဆောင်ထားပြီး သေချာသန့်စင်ပြီးပြန်သုံးမယ်ဆို ကရိကထများပေမယ့် သဘာဝပတ်ဝန်းကျင်အတွက်လုပ်သင့်လုပ်ထိုက်တယ်ဆို လုပ်ကို လုပ်ရမှာပဲ''လို့ သူက ဆိုပါတယ်။မီးဖိုချောင်ထောင့်က သောက်ရေအိုးလေးနဲ့ ခရီးသည်တွေကိုရင်အေးစေတဲ့ သစ်ပင်အောက်က ရေချမ်းစင်တွေလိုပဲ မှေးမှိန်ပျောက်ကွယ်သွားတဲ့ လူတွေရဲ့ နေ့စဉ်အသုံးအဆောင်တွေထဲမှာစက္ကူယပ်တောင်တွေလည်း ပါဝင်ပါတယ်။

ရွှေရောင်အနားကွပ်ထားတဲ့ လေးထောင့် ဒါမှမဟုတ် အဝိုင်းပုံစံစက္ကူယပ်တောင်တွေဟာ အစုံစုံသော မင်္ဂလာမောင်နှံတို့ရဲ့ မော်ကွန်း၊သူဌေး သူကြွယ်တို့ရဲ့ အလှူမှတ်တမ်း၊ ကွယ်လွန်သွားသူ တစ်ဦးရဲ့အမှတ်တရအဖြစ် နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့ကြပါတယ်။ပလတ်စတစ်ယပ်တောင်တွေ ပေါ်လာတဲ့အချိန်မှာတော့ ဘာသာရေး၊သာရေး၊ နာရေး အခမ်းအနားတွေမှာ မပါရင်မဖြစ်တဲ့ မြန်မာ့ရိုးရာစက္ကူယပ်တောင်တွေဟာ ရန်ကုန်သူရန်ကုန်သားများရဲ့ လူမှုဘဝထဲမှာတစ်စတစ်စ ပျောက်ကွယ်သွားပါတော့တယ်။

''နာရေးတစ်ခါသွားရင် ပလတ်စတစ် ယပ်တောင်တစ်ချောင်းရလာတယ်။ အိမ်မှာဆို ပလတ်စတစ် ယပ်တောင်တွေက အချောင်း ၂ဝ လောက်ရှိတယ်။ ကိုယ့်လိုပဲ သူငယ်ချင်းတွေ အိမ်မှာလည်းယပ်တောင်တွေ အများကြီး။ ပလတ်စတစ် ယပ်တောင်က ကြာရှည်ခံတော့ ပစ်ရမှာလည်း နှမြောတယ်။ ပစ်လိုက်ရင်လည်း ကိုယ့်ကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှာလည်း အပြစ်ရှိသလို ခံစားရတယ်''လို့မမေပိုးဝါက ပြောပါတယ်။ဒီလိုနဲ့ပဲ ပလတ်စတစ်ယပ်တောင်တွေကသူ့အိမ်မှာ ဟိုတစ်ပုံ ဒီတစ်ပုံနဲ့ ဖြစ်လာပါတော့တယ်။

အဆုံးမှာတော့ ပလတ်စတစ် ယပ်တောင်ပုံဟာအမှိုက်ပုံးတွေမှာ နိဂုံးချုပ် သွားပါတော့တယ်။မာတောင့်တောင့် ပလတ်စတစ် ယပ်တောင်တွေဟာမြေကြီးထဲမှာ ဘယ်လိုဒုက္ခတွေ ဆက်ပေးဦးမလဲဆိုတာကိုတော့ ဘယ်သူမှ စဉ်းစားမနေကြတော့ပါဘူး။ပလတ်စတစ်ယပ်တောင်ဟာ ကြာရှည်ခံပေမယ့်လည်း စက္ကူယပ်တောင်၊ သင်ဖြူးယပ်တောင်နဲ့ယှဉ်လိုက်ရင်တော့ လေရတာချင်းကွာတယ်လို့သူကပြောပါတယ်။

''လက်က ခပ်ရတာကိုက အရသာကွာတယ်။ပလတ်စတစ် ယပ်တောင်က မာတောင့်တောင့်နဲ့။စက္ကူတို့ သင်ဖြူးယပ်တောင်တို့က အချိန်တန်ရင်ဆွေးသွားတော့ လွှင့်ပစ်ရတာလည်း မနှမြောဘူး။ပတ်ဝန်းကျင်အတွက်လည်း စိတ်ပူစရာမရှိဘူး”လို့သူကပြောပါတယ်။ဝါးအခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နေတဲ့ ဒေါ်ဒေဝီသန့်စင်မှာလည်း ပလတ်စတစ်ယပ်တောင်တွေနဲ့ ပတ်သက်ပြီး တူညီတဲ့ခံစားမှုရှိနေပါတယ်။

''ခုဆို ဝါးတွေနဲ့ လုပ်တဲ့ဝါးယပ်တောင်လေးတွေပေါ်လာပြီ။ ကျွန်မ ဝါးယပ်တောင်နဲ့ ပလတ်စတစ်ယပ်တောင်နှစ်မျိုးကို ယှဉ်ပြီးခပ်ကြည့်တယ်။ ခံစားရတဲ့လေရဲ့အရသာမတူပါဘူး။ ပလတ်စတစ်ယပ်တောင်ကပူနွေးနွေးကြီး။ ဝါးယပ်တောင်က အေးအေးလေးနေတယ်။ စက္ကူယပ်တောင်ထက် သက်ကယ်တို့၊ဓနိတို့ကို စမ်းသပ်ပြီးထုတ်လုပ်ရမယ်။ စွန့်ပစ်လိုက်ရင်လည်း သဘာဝပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့အရာတွေကို မူဝါဒနဲ့ ချမှတ်ပြီး လုပ်ဖို့လိုပါတယ်''လို့ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

သူများနိုင်ငံတွေကို အတုယူပြီး မိုးမျှော်တိုက်ကြီးတွေ ဆောက်မယ့်အစား တိုင်းပြည်မှာ ကြွယ်ဝစွာရှိနေတဲ့ သဲ၊ ဝါး စတဲ့ သဘာဝ သယံဇာတကိုအခြေပြုလို့ တိုင်းပြည်ရဲ့ စီးပွားရေးကို ခိုင်မာအောင်တည်ထောင်ထားရမယ်လို့ လည်းသူကဆိုပါတယ်။တစ်ချိန်က အလှူမင်္ဂလာပွဲတွေမှာ အလှူရှင်နာမည် ကမ္ပည်းထိုးထားတဲ့ စက္ကူယပ်တောင်တွေဝေငှတဲ့ဓလေ့ဟာ ရန်ကုန်မှာ မှေးမှိန်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုမြို့တော်လို့တင်စားခေါ်ဝေါ်တဲ့ မန္တလေးနဲ့ မြင်းခြံလိုမြို့ကြီးတွေမှာတော့ စက္ကူယပ်တောင် ယဉ်ကျေးမှုဟာကြံ့ကြံ့ခံ နေတုန်းပါပဲ။

စက္ကူယပ်တောင် တစ်ချောင်းဖြစ်ဖို့လုပ်အားအများကြီး အသုံးပြုရပါတယ်။နေရာကျယ်ကျယ်မှာ အလုပ်သမားများများနဲ့လုပ်မှ စက္ကူယပ်တောင်က အလုပ်ဖြစ်တယ်လို့မြင်းခြံမြို့နယ်၊ စည်ပင်သာယာလမ်းမှာ နှစ်ပေါင်း ၅ဝ တိုင် စက္ကူယပ်တောင်လုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့အောင်ကျော်လင်း ဖိတ်စာနှင့်ယပ်တောင်လုပ်ငန်းကဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

''စာရိုက်ပြီးရင် ယပ်တောင်ဝါးရိုးမှာ ကော်သုပ်ပြီးကပ်ရတာ၊ ပိုတာတွေ ဖြတ်တောက်ပြီးတော့အနားကွပ် အလှဆင်ရတာ အလုပ်ပိုတယ်ဆိုပေမယ့်စက္ကူယပ်တောင်က ဈေးချိုတယ်''လို့ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ သူကတော့ခဲစာလုံးပုံနှိပ်ခေတ်ကတည်းက စက္ကူယပ်တောင်တွေကို ခက်ခက်ခဲခဲ ပြုလုပ်လာခဲ့သူလည်းဖြစ်ပါတယ်။ ပူအိုက်တဲ့အချိန်မှာ စက္ကူယပ်တောင်တွေကိုသာ အသုံးပြုသူလည်း ဖြစ်ပါတယ်။

မြင်းခြံမှာ ပလတ်စတစ် ယပ်တောင်တွေလွန်ခဲ့တဲ့ ငါးနှစ်သာသာလောက်က စတင်ပေါ်ပေါက်လာခဲ့ပြီး နာရေးလို အလျင်အမြန်ကမ်းဖို့လိုလာတဲ့အခါမျိုးမှာ လူနည်းနည်းနဲ့ လုပ်ရတာမြန်ဆန်တဲ့အတွက် ပလတ်စတစ်ယပ်တောင်တွေကိုနာရေးအခမ်းအနားတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတယ်လို့ သူက ပြောပါတယ်။

''စက္ကူယပ်တောင်ဆို နေပူလှမ်းရတယ်။ပလတ်စတစ်ယပ်တောင်က နေပူလှမ်းစရာမလိုဘူး။မင်္ဂလာဆောင်မှာ မိုးရွာမှာကိုစိတ်ပူရင်ပလတ်စတစ် ယပ်တောင် လုပ်လိုက်တယ်။နာရေးက ဒီနေ့ဆုံး ဒီနေ့ချမယ်ဆို ပလတ်စတစ်ယပ်တောင်လုပ်ကြတယ်။ မြန်တဲ့အတွက်ပလတ်စတစ် ယပ်တောင်ကို လူသုံးများလာတယ်'' လို့သူကပြောပါတယ်။အောင်ကျော်လင်း ဖိတ်စာနဲ့ယပ်တောင်လုပ်ငန်းကဒေါ်စန်းစန်းမြင့်ရဲ့ခင်ပွန်းဖြစ်သူ ဦးဌေးအောင်အသက် ၁၈ နှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ကတော့ စက္ကူယပ်တောင် တစ်မျိုးတည်းကိုပဲ နှစ်ပေါင်းများစွာ ပြုလုပ်လာတာ ဖြစ်ပါတယ်။

''မန္တလေးမှာ စက္ကူယပ်တောင် အသုံးပြုမှုကတော့အများကြီး ရှိပါသေးတယ်။ နာရေးကတော့သိပ်မမှာတော့ဘူး။ အလှူနဲ့ မင်္ဂလာဆောင်ကတော့များတယ်။ လူကြီးတွေက စက္ကူယပ်တောင်ကိုပိုကြိုက်ကြတယ်။ သူတို့အမြင်မှာ လှနေတယ်လို့ထင်တယ်။ စက္ကူပေါ်က ပုံရိပ်ကတော့ ယပ်တောင်မပျက်စီးမချင်း မပျက်ဘူး။ ပလတ်စတစ်ကတော့ပုံရိပ်တွေ ပျက်လွယ်တယ်''လို့ မန္တလေးမြို့၊စိန်တော်ဝင် ဖိတ်စာနဲ့ ယပ်တောင်လုပ်ငန်းကဦးဝင်းñွန့်က ပြောပါတယ်။ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေကသူနိုင်ငံရပ်ခြားမှာနေစဉ်က ယပ်တောင်တွေအမျိုးမျိုးတွေ့ဘူးပေမယ့် သဘောမတွေ့ခဲ့ဘူးလို့ပြောပါတယ်။

''ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်ကြာ နေထိုင်ခဲ့ပါတယ်။နယူးဒေလီမြို့ဟာ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊မကွေးနဲ့ ပခုက္ကူမြို့တွေထက် ပူတယ်။ နွေအခါမီးမလာရင် ယပ်တောင်ရှာရတယ်။ အဆင်ပြေတာတစ်ခါမှ မတွေ့ခဲ့ပါ။ သူတို့ဝါးယပ်တောင်ကိုသိပ်သဘောမတွေ့။ မြန်မာ့စက္ကူယပ်တောင်ကိုသာသတိရနေခဲ့ရတယ်''လို့ ဒေါက်တာတင့်ဆွေကပြောပါတယ်။သူငယ်ငယ်က မုံရွာမှာ ခါတော်မှီအေးယပ်တောင်ကို အများဆုံးသုံးကြပါတယ်။ စက္ကူယပ်တောင်တွေဟာဝါးကို အခြေခံလုပ်ရပြီး လက်ကိုင်စရာ ဝါး၊အဆုံနေရာကနေ ဖြာထွက်နေတဲ့ ဝါးနှီးပြားသေးသေးလေးတွေနဲ့ စက္ကူကို သာကူစေ့ကော်နဲ့ကပ်ရပါတယ်။

''လူ့လက်ချောင်းတွေနဲ့ လုပ်ကိုင်ကြရပြီးအားလုံးဟာ သဘာဝပစ္စည်းတွေသာ ဖြစ်ပါတယ်။အော်ဂဲနစ်ယပ်တောင်။ ကျွန်တော်တို့က စက္ကူယပ်တောင်လို့ ပြောပေမဲ့ အင်္ဂလိပ်လိုက Hand fans လက်ယပ်တောင်တဲ့။ စက်သုံးစရာမလိုတဲ့ ယပ်တောင်''လို့သူက ပြောပါတယ်။ခေတ်သစ်မြန်မာ့သမိုင်းမှာ စက္ကူယပ်တောင်တွေကအရပ်သုံး အများသုံးဖြစ်ပြီး ယဉ်ကျေးမှုတရပ်လို့ပြောလို့ရတယ်လို့ ဒေါက်တာတင့်ဆွေက ဆိုပါတယ်။

''အလှူ၊ မင်္ဂလာပွဲနဲ့ နာရေးမှာ အများဆုံးသုံးတယ်။ဝါဝင် ဝါကျွတ်၊ ကထိန်နဲ့ နှစ်ပတ်လည်နေ့တွေမှာလည်း ကမ်းကြတယ်''လို့သူက ပြောပါတယ်။ယပ်တောင်မှာ ကုသိုလ်ပြုသူအမည်၊ သတို့သမီးသတို့သားအမည်၊ ကွယ်လွန်သူအမည်တွေပါဝင်လေ့ရှိတဲ့အပြင် တချို့ဆိုရင် ဆွေခုနစ်ဆက်မျိုးခုနစ်ဆက်အမည်တွေပါ ရေးကြတယ်လို့ သူကပြောပါတယ်။

စက္ကူယပ်တောင်တွေက လူမှုအသိုင်းအဝိုင်းရဲ့သာရေး၊နာရေး၊ လူနေမှုပုံစံ၊ နိုင်ငံရေး၊ယဉ်ကျေးမှုတွေကို ခြေရာကောက်နိုင်တဲ့ သဲလွန်စတွေပြည့်နှက်နေတယ် လို့ သူကပြောပါတယ်။


#ယပ်တောင်
#စက္ကူ
#ပလတ်စတစ်
#မြေအိုး
#နာရေး

Some text some message..