ဓာတ်ပုံ-အောင်ဌေးလှိုင်/ မြန်မာတိုင်းမ်
ရေနားက ရေ
စကားပုံဟူသည် အနက်အဓိပ္ပာယ်နှင့်ပြည့်စုံပြီး လူအများ စံပြုခိုင်းနှိုင်း ပြောဆိုခြင်းကို စကားပုံဟု ခေါ်လေသည်။ စကားပုံများစွာရှိသည့်အနက် ရေနှင့်ပတ်သက်သော စကားပုံလေးများကို စဉ်းစားမိသမျှ ချရေးကြည့်သည်။
ရေကိုသား၍ အခြားမထင်၊ ရေကန်အသင့် ကြာအသင့်၊ ရေကြည်ရာ မြက်နုရာ၊ ရေကြီးလျှင် လှေမြင်ရ၊ ရေကူးကျွမ်းသူ ရေနှင့်သေရ၊ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါရေသာတစ်လှည့်၊ ရေတစ်အိုး မိုးတစ်ပေါက်၊ရေပေါ် အရုပ်ရေးသလို၊ ရေဘူးပေါက်တာ မလိုချင် ရေပါဖို့သာလိုရင်း၊ ရေတက်ငါးဇင်ရိုင်းလို၊ ရေနစ်တဲ့သူ ဝါးကူးလို့ထိုး၊ ရေများရာမိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမျောကမ်းတင်၊ ရေရှိမှငါးရှိ လင်ရှိမှ သားရှိ၊ ရေသာများ ငါး မတွေ့၊ ရေအဆုံး ကုန်းတစ်ဝက်၊ ရေအသက် တစ်မနက် ထမင်းအသက် ခုနစ်ရက်..... စသည် စသည်ဖြင့်။ ထိုအထဲတွင် ရှာတွေ့ချင်သော စကားပုံလေးတစ်ခုက ပျောက်ချင်းမလှပျောက်နေသည်။
ထိုစကားပုံလေးမှာ နဂိုကတည်းက မရှိတာလား၊ သို့တည်းမဟုတ် ရှာလို့မတွေ့တာလား၊ စဉ်းစားလို့မရတာလား မဝေခွဲတတ်နိုင်၊ စောစောက ချရေးမိသော စကားပုံထဲတွင် နီးစပ်သော စကားပုံလေးတစ်ခုကိုတော့ တွေ့ရသည်။ ထိုစကားပုံက ရေသာများ ငါးမတွေ့ဖြစ်သည်။
ရှာနေသောစကားပုံက "ရေသာများ ရေမတွေ့"ဆိုသည့် စကားပုံဖြစ်သည်။ ဓာတ်ပုံထဲတွင် တွေ့ရသော လူငယ်လေးသည် မြစ်ကြီးနားမှာ မွေးဖွားသူဖြစ်သည်။ ကချင်ပြည်နယ်က မြစ်ကြီးနားတော့ မဟုတ်။
သူ့နောက်တွင် မြင်တွေ့ရသော မြစ်ကြီး၏ အနီးအနားတွင် မွေးဖွားသူဖြစ်သည်။ သူ့ဘဝနှင့် မြစ်ကို ခွဲခြား၍မရ။ မြစ်နားမှာမွေး၍မြစ်ထဲမှာ ကြီးပြင်းလာရသူဖြစ်သည်။ ဟိုနားသည်နားသွားလည်း မြစ်ထဲမှာ လှေစီး၍သွား ရသည်။ ငါးဖမ်း၊ ငါးရှာတော့လည်း မြစ်ထဲကလှေပေါ်မှာဖြစ်သည်။ ထမင်းစားတော့လည်းမြစ်ကြီးထဲက လှေပေါ်မှာ၊ လှေပေါ်မှာပက်လက်လှန်ပြီး ကောင်းကင်ပေါ်က ကြယ်တွေ၊ ငှက်တွေ။ တိမ်တွေနှင့် အပျင်းပြေစကားပြောတော့လည်း သည်မြစ်ကြီးထဲမှာပင်ဖြစ်သည်။ တဖြေးဖြေးနှင့် မြစ်က သူ့ဘဝ ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ မြစ်က သူ့အတွက် မရှိမဖြစ်။ မြစ်မရှိလျှင် သူ့ဘဝလည်း ရှိမည်မထင်။
ဓာတ်ပုံ- အောင်ဌေးလှိုင်/ မြန်မာတိုင်းမ်
ထို့ကြောင့် မြစ်ကြီးကို သူဘာရယ်မဟုတ်ဘဲကျေးဇူးတင်နေမိသည်။ သူဝမ်းနည်းမိတာ တစ်ခုတော့ရှိသည်။ အဲဒါက မြစ်ထဲမှာ ရေသောက်ချင်လျှင် သောက်စရာ ရေမရှိတာပဲဖြစ်သည်။ ရေတွေကိုမြင်နေရလျက် ရေသောက်လို့မရတာကိုတော့ဖြင့် သူ မကျေနပ်ဆုံးဖြစ်သည်။ ခုတော့ ရေသောက်ချင်လျှင် မြစ်ကမ်းပေါ်က ရေအိုးစင်လေးကို လာရသည်။ ရေအိုးစင်လေးကိုတွေ့လျှင် သူပျော်ရွှင်ရသည်။ ထိုရေအိုးလေးထဲတွင် သူအာသာငမ်းငမ်းသောက်ချင်နေသည့် ရေကြည်ကြည်အေးအေးတွေရရှိနေသည်မဟုတ်ပါလား။
ဘယ်တုန်းကတည်းက ဘယ်သူဆောက်ထားမှန်းမသိသော လေးတိုင်စင် ရေအိုးစင်လေးက အတော်ပင်ဟောင်းနေပြီဖြစ်သည်။ ခန့်မှန်းရလျှင် သည်ရေအိုးရေစင်လေး၏ အသက်က သူ့အသက်ထက်တောင်ကြီးနေမည်လားမသိ။ အမိုးတွေ ဘာတွေလည်းမရှိတော့။ သစ်လွင်ခြင်းကင်းလျှက် အမြင်မတင့်တယ်တော့သော်လည်း သည်ရေအိုးစင်ကလေးက သူ့အတွက်တော့ အိုအေစစ်ဖြစ်သည်။ နောက် သူသိပ်ချင်တာတစ်ခုက သည်ရေအိုးကလေးထဲကို ဘယ်သူက လာလာပြီး ရေဖြည့်ပေးနေသလဲ ဆိုသည်ကိုပဲဖြစ်သည်။
သည်ရေအိုးစင်ကလေးမှာ သူရေလာလာသောက်သည်မှာ ကြာပြီဖြစ်သော်လည်း ရေလာဖြည့်သူနှင့်တော့ တစ်ခါမျှမကြုံကြိုက်ခဲ့ပေ။ တစ်ခါတရံ သူအခုလိုရေဆာချိန်မှာ ရေသောက်နိုင်ဖို့အတွက် နတ်ဒေဝတာတွေကများ ရေလာဖြည့်ထားသလားတောင် သူ တွေးကြည့်ဖူးသည်။ ဘယ်သူပဲဖြစ်ဖြစ် ထိုရေဖြည့်ပေးသူကိုတော့ သူကျေးဇူးတင်နေမိပါသည်။ သူအခုလို ရေလာလာသောက်နေတာကို ရေဖြည့်ပေးသူ သိလျှင်လည်း သူ့ကို ကျေးဇူးတင်ပျော်ရွှင်နေမည်ဟုထင်ပါသည်။
ရေဖြည့်သူရှိပြီး သောက်သူမရှိလျှင် အလကားပဲဟု သူက ထင်သောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ အမိုးမရှိတော့သော ဟောင်နွမ်းနေသည့် သောက်ရေအိုးစင်နှင့် သဲအိုးအဟောင်းလေး၊ ပိန်လိန်နေသည့် ရေအိုးဒန်ဖုံးလေး၊ ထိုဒန်ဖုံးလေး လွင့်မသွားအောင် ဖိထားသည့် သစ်သားတုံးကလေး၊ ပြီးတော့ ကော်ရေခွက်အစိမ်းရောင်ဖျော့ဖျော့လေးတို့သည် သူ့ဘဝတွင် ဘယ်တော့မှမေ့လို့ မရမည့်အရာများ ဖြစ်နေပေတော့သည်။
ဝန်ခံချက်။ ။မြန်မာတိုင်းမ်ဓာတ်ပုံဆရာအောင်ဌေးလှိုင်၏ မြစ်ကမ်းဘေးက ရေးအိုးစင်နှင့် ကောင်ငယ်လေးတစ်ဦးပါဝင်သော ဓာတ်ပုံကို ခံစားရေးဖွဲ့ပါသည်။