ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုအတွက် စွန့်စားခန်းခရီးရှည်
ပတ်ထရစ်ယေး (Patrick Yay) ဟာ စာရေးဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့သုံးအုပ်မြောက်စာအုပ် “Through the Eagle Eyes” ကို အင်္ဂလိပ်ဘာသာနဲ့ ကိုယ်တိုင်ရေးသားပြီး သိပ်မကြာခင်ကမှ ထုတ်ဝေထားသူဖြစ်ပါတယ်။
ယေးဟာ ခွဲစိတ်ဆရာဘဝကနေ စိတ်ရောဂါကုဆရာဝန်အဖြစ်၊ နောက်ဆုံးမှာတော့ မော်ဒန်ပန်းချီဆရာတစ်ဖြစ်လဲ စာရေးဆရာအဖြစ်နဲ့ ဟန်ဂေရီနိုင်ငံက Valkonya ဆိုတဲ့ရွာငယ်လေးမှာ နေထိုင်နေပါတယ်။
သူ့ရဲ့ပထမဆုံးစာအုပ်က 'Agony to Agony' ဆိုတဲ့စာအုပ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာ မွေးဖွားခဲ့တဲ့ သူ့ငယ်စဉ်ဘဝ၊ ဆေးကျောင်းသားဘဝမှာကြုံခဲ့ရတဲ့ အဆင့်မြင့်ဆရာဝန်အချို့ရဲ့ လူ့ကျင့်ဝတ်သွေဖီတဲ့လုပ်ရပ်များအောက်မှာ သူခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ လူငယ်ဘဝကြုံတွေ့ခဲရတဲ့ လိင်မှုဆိုင်ရာတွေကို ပထမဆုံး စာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်းရေးသားခဲ့ပါတယ်။ ပတ်ထရစ်ယေးရဲ့ ကိုယ်ပိုင်ရေးအတ္ထုပတ္တိ 'Agony to Agony' ကို ''မြန်မာ့နိုင်ငံရေးမုန်တိုင်းထဲက ကျွန်တော့်ဘသ'' အမည်နဲ့ လှသောင်းနဲ့ ပြည့်ပြည့်က မြန်မာဘာသာသို့ပြန်ဆိုခဲ့ပါတယ်။
Through the Eagle Eyes စာအုပ်ကတော့ ဗြိတိန်မှာ ဆရာဝန်တစ်ဦးအဖြစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးသားထားပါတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးယဉ် အိမ်မက်တွေတစ်ပွေ့တစ်ပိုက်နဲ့ အင်္ဂလန်ကို ထွက်မသွားခင် မြန်မာပြည်မှာကြီးပြင်းခဲ့တဲ့ လူငယ်လေး ယေးဟာ ဆိုရှယ်လစ်အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်လို့ အတွေ့အကြုံများစွာရှိခဲ့ပါတယ်။ တကယ်တန်း အင်္ဂလန်ကိုရောက်သွားပြီး အလုပ်လုပ်ကိုင်ပြန်တော့လည်း သူအကြီးအကျယ် မျှော်မှန်းထားသလို မဟုတ်ခဲ့ပြန်ပါဘူး။ အဲဒီမှာ ထုံးတမ်းအစဉ်အလာလိုဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုကို မြင်တွေ့ခဲ့ပါတယ်။
ဘဝမှာ အခက်အခဲတွေနဲ့ ကျရှုံးမှုတွေရှိခဲ့ပေမယ့် ယေးဟာဇွဲကောင်းပြီး မျှော်လင့်ချက်တွေကို လွယ်လွယ်ကူကူ စွန့်လွှတ်တက်သူတော့ မဟုတ်ပါဘူး။ သူ့ကိုယ်သူယုံကြည်မှုရှိပြီး မနှစ်မြို့ဖွယ်အခြေအနေတွေကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်လေ့ရှိပါတယ်။
ပန်းချီဆရာတစ်ဦးအဖြစ်နဲ့လည်း သူ့ပန်းချီကားတွေကို ဥရောပနဲ့ အခြားတိုင်းပြည်တွေမှာ ပြသခဲ့ပြီးပါပြီ။ ပန်းချီဆွဲရင်းနဲ့ပဲ သူ့ဘဝဇာတ် ထုတ်တွေကို သုံးပိုင်းခွဲပြီးရေးသားခဲ့ရာ နောက်ဆုံးတစ်အုပ်က ပန်းချီဆရာတစ်ဦးအဖြစ်ရပ်တည်ရင်း ကြုံရတဲ့အခက်အခဲတွေကို ပုံဖော်ရေးသားထားတာ ဖြစ်ပါတယ်။
ဗြိတိန်မှာ ၁၉၇၇ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ဆယ်စုနှစ် သုံးစုကျော်လောက် နေထိုင်ခဲ့တဲ့အတွက် အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကျင့်ဝတ်တွေကို ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
လွတ်လပ်တဲ့အတွေးအခေါ်တွေနဲ့ လွတ်လပ်ပေါ့ပါးတဲ့ဘဝကို ခုထိနေထိုင်နေတုန်းပါပဲ။ နောက်ပိုင်းမှာတော့ ခေတ်ရှေ့ပြေးနေတဲ့ ဒီလိုနိုင်ငံတွေမှာနေထိုင်ရတာဟာ သူ့ကိုကျေနပ်နှစ်သိပ်မှု မပေးနိုင်ဘူးလို့ တွေ့လာတဲ့အချိန်မှာတော့ ဟန်ဂေရီနိုင်ငံက လမ်းတစ်လမ်း၊ အိမ်ခြေ ၄ဝ နဲ့ လူဦးရေ ၇ဝ လောက်သာရှိတဲ့ ရွာငယ်လေးကို ပြောင်းရွှေ့ခဲ့ပါတယ်။
သူ့စာအုပ်သုံးအုပ်လုံးက ဖတ်လို့ကောင်းပြီး နောက်ဆုံးစာအုပ်မှာတော့ ရေးဆွဲထားတဲ့ ပန်းချီးကားတချို့ပါဝင်ပြီး ဒီပန်းချီကားတွေကနေစိတ်ကူး စိတ်သန်းအပြည့်နဲ့ ဖန်တီးမှုအားကောင်းတဲ့ သူ့ဘဝကို ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ်။
စိတ်ရှည်မှုနဲ့ စေ့စပ်သေချာမှုအပြည့်နဲ့ ခွဲစိတ်ဓားကိုင်ခဲ့တဲ့ ဆရာဝန်တစ်ယောက်ဟာ ပန်းချီစုတ်တံကိုင်ပြန်တဲ့ အချိန်မှာလည်း ခံစားချက်နဲ့ အတွေးတွေကို ပုံဖော်နိုင်သလို၊ စိတ်ခံစားမှုပြင်းလှပြီး ဖန်တီးမှုအားလည်းကောင်းနေပြန်ပါတယ်။ သူ့စာအုပ်ကိုဖတ်ပြီး အနည်းဆုံးတော့ ဘဝသင်ခန်းစာတချို့ကို သိမြင်နိုင်မှာဖြစ်ပါတယ်။
ဇွန်ပန်းပွင့် ဘာသာပြန်သည်။