မြသီလာသို့ အလွမ်းပြေ
mmtimes.com
|
2020-11-30



မြသီလာသို့ အလွမ်းပြေ


''သမိုင်းအစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီး ဖြစ်ပါတယ်။ တက္ကသိုလ်အသီးသီးရဲ့ တက္ကသိုလ်မိခင်ကြီးလို့လည်း ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ တက္ကသိုလ်အသီးသီးဟာ ရန်ကုန်တက္ကသိုလ်ကတစ်ဆင့် ပေါက်ပွားလာခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ စနစ်အတိုင်း စနစ်တကျတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ ဥပဓိရုပ်ဟာ အင်းလျားကန်နောက်ခံ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ သစ်ပုတ်ပင်၊ အဓိပတိလမ်း စသည်တို့ကြောင့် အရှေ့တောင်အာရှမှာ အလှပဆုံးတက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါတယ်''
(ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်စတင်ကြောင်း ကြေညာခြင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်အမှာစကားမှ ကောက်နုတ်ချက်။)

၁၉၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေအရ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ယခု ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁ဝဝ ပြည့်မြောက်ပြီ ဖြစ်သည်။ ပင်မရန်ကုန်တက္ကသိုလ်ကြီးနှင့် ယင်းမှပေါက်ပွားလာခဲ့သော တက္ကသိုလ်၊ ဒီဂရီကောလိပ်များသည် ကုန်လွန်ခဲ့သော နှစ် ၁ဝဝ ကာလအတွင်း ဘဝအဖုံဖုံ၊ မြင်ကွင်းအစုံစုံပြောင်းလဲကာ နိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင်လည်းကောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးတွင်လည်းကောင်း ထင်ရှားပြောင်မြောက်သောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ အမိရန်ကုန်တက္ကသိုလ်ကြီးမှ နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ စာပေအနုပညာရှင်ကြီးများ၊ ပညာရှင်ကြီးများ၊ လူချွန်လူမွန်များ၊ နိုင်ငံ့သားကောင်းရတနာများ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်ဦးနု၊ အာဇာနည်ဦးရာဇတ်၊ နန်းရင်းဝန်ဒေါက်တာဘမော်၊ ဥပဒေပညာရှင်၊ ဒေါက်တာဘဟန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၊ ပညာမင်းကြီး ဦးကောင်း၊ မြန်မာအမျိုးသားစာဆိုကြီးများဖြစ်ကြသည့် ဇော်ဂျီ၊ မင်းသုဝဏ်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပေပညာရှင် ဒေါက်တာလှဖေ စသည့် ကမ္ဘာက လေးစားအသိအမှတ်ပြုရသည့် ပုဂ္ဂိုလ်များစွာကို အမိရန်ကုန်တက္ကသိုလ်က မွေးဖွားပေးခဲ့သည်။

ထိုသို့ သမိုင်းကြောင်းစဉ်လာကြီးမားသော လေးစားဂုဏ်ယူဖွယ်ရာ အင်္ဂါရပ်များနှင့်ပြည့်စုံသည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ဖြတ်သန်းလာခဲ့ရသော ရှည်လျားသည့် ခရီးတစ်လျှောက်တွင် ၁၉၇ဝ ပြည့်နှစ်က ကျင်းပခဲ့သော ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲ၊ ၁၉၉၅ ခုနှစ်က ကျင်းပခဲ့သော ရန်ကုန်တက္ကသိုလ် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ပွဲကြီးများကို နွှဲပျော်ကြုံခဲ့ရပြီးဖြစ်သည်။

ယခု ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကိုလည်း အထူးအလေးအမြတ်ပြုသောအားဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစ၍ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ တစ်နှစ်ပတ်လုံး ကျင်းပရန်စီစဉ်ခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ်ရောက်သည်နှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ COVID-19 မမျှော်လင့်ဘဲဖြစ်ပေါ်လာသောကြောင့် မူလကျင်းပခဲ့သောအစီအစဉ်များ တုံ့ဆိုင်းသွားခဲ့ကာ အကြိုလှုပ်ရှားမှုများအဖြစ် ရာပြည့်ကြိုဆိုပွဲများ၊ အမှတ်တရပြပွဲများ၊ ဟောပြောပွဲများ၊ အထိမ်းအမှတ်မဂ္ဂဇင်း၊ စာစောင်များ၊ စာအုပ်စာတမ်းထုတ်ဝေမှု လုပ်ငန်းတချို့ကိုသာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် လက်ရှိတွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေဆဲဖြစ်၍ ရာပြည့်အကြိုအထိမ်းအမှတ်ပွဲများကို အွန်လိုင်းမျက်နှာစာ၊ ပုံနှိပ်မျက်နှာစာတို့မှ အကောင်းဆုံးဖော်ထုတ်ပေးပြီး လာမည့် ဒီဇင်ဘာလရောက်ရှိ၍ ရောဂါကူးစက်မှုအခြေအနေ ကောင်းမွန်လာပါက တက္ကသိုလ်ရာပြည့်သဘင်ကို သိုက်သိုက်မြိုက်မြိုက် စုံစုံလင်လင် ကျင်းပကြလိမ့်မည်ဖြစ်သည်။

မိမိ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားနေချိန်တွင် တစ်သက်မှာ တစ်ကြိမ်သာကြုံရသည့် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုသဘင်ပွဲကြီးကို ဆင်နွှဲခွင့် ကြုံခဲ့ရသည်။ မိမိဘဝတွင် အမှတ်တရအရှိဆုံးနှင့် အပျော်ရွှင်ဆုံးပွဲကြီးပင် ဖြစ်သည်။ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခ လက်ထက် မိမိက စိတ်ပညာအဓိကဖြင့် တတိယနှစ်တက်ရောက်ချိန်ဖြစ်သည်။

ရွှေရတုမတိုင်မီ တစ်နှစ်ခန့်ကပင် ရွှေရတုသဘင်ပွဲကြီးကို ဝှဲချီးကျင်းပရန် တက္ကသိုလ်ဝန်းတစ်ခုလုံး တက်ကြွစွာ လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ တက္ကသိုလ်အနုပညာအသင်းတည်ရှိရာ အပန်းဖြေရိပ်သာတွင် ကျောင်းပြီးချိန်၌ ပြဇာတ်တိုက်သူများ၊ သီချင်းတိုက်နေကြသူများ၊ အကတိုက်နေကြသူများ၊ တီးမှုတ်ကြသူများဖြင့် စည်ကားနေသည်။ စက်မှုတက္ကသိုလ်က ဗိသုကာကျောင်းသားများကလည်း မုခ်ဦးဒီဇိုင်းပြိုင်ပွဲဝင်ဖို့ ဒီဇိုင်းပညာများ ရေးဆွဲတင်ပြကြနှင့် ပျော်စရာပင်။ ထိုအချိန်တွင် နှစ် (၅ဝ) အထိမ်းအမှတ် သီချင်းတစ်ပုဒ်ကိုလည်း မြန်မာ့အသံက အကြိမ်ကြိမ်ထုတ်လွှင့်ပေးလျက်ရှိသည်။

တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက ပန်းချီဆရာကြီး ဦးနန်းဝေကလည်း ရွှေရတုသဘင်ပြပွဲတွင်ပြသရန် တက္ကသိုလ်၏ အထင်ကရအဆောက်အအုံများ၊ နေရာများကို ပန်းချီရေးဆွဲ မှတ်တမ်းတင်နေသည်ကို တွေ့ရသည်။ ဘောင်းဘီကြီးတကားကားဖြင့် ဆေးပြင်းလိပ်ကြီးခဲကာ တရုတ်ကြီးတစ်ယောက်လို ထင်ရသည့် ဆရာကြီးဦးနန်းဝေ၏ ပန်းချီရေးဆွဲနေသည့်ပုံရိပ်များကို ယခုတိုင် မြင်ယောင်နေမိသည်။ ဆရာဦးနန်းဝေ၏ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ အင်းလျားကန်စောင်း၊ သစ်ပုတ်ပင်၊ ဆေးတက္ကသိုလ် လိပ်ခုံး (ယခုမရှိတော့) အဆောင်များ စသည်တို့နှင့် ပါမောက္ခချုပ်ပုံများ ရေးဆွဲထားသော ဆီဆေးပန်းချီကားများကို ရွှေရတုအထိမ်းအမှတ် ပန်းချီပြပွဲတွင် ပြသထားသည်ကို တွေ့ရသည်။

ထို့ပြင် ရွှေရတုအထိမ်းအမှတ် ထုတ်ဝေသည့် ပြက္ခဒိန်တွင်လည်း အဆိုပါအမှတ်တရပုံများကို ဖော်ပြထားသည်။ ဆရာဦးနန်းဝေ၏ ပန်းချီကားတချို့ကို ယခုတိုင် တက္ကသိုလ်စာကြည့်တိုက်တွင် ပြသထားသည်။ ဆရာကြီး ဦးနန်းဝေကို ချစ်ခင်သူများက တက္ကသိုလ်ရုက္ခစိုးကြီးဟု ခေါ်ဆိုကြကာ ဆရာကြီးကား ယခုကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဘာသာရပ်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများ၊ မဟာဝိဇ္ဇာတန်း တက်နေကြသူ ကျောင်းသား ကျောင်းသူများကလည်း ရွှေရတုပွဲတွင် ဖတ်ကြားဖို့ စာတမ်းပြုစုသူကပြုစု၊ အထိမ်းအမှတ်ပြခန်းတွင်ပြသဖို့ စာအုပ်၊ စာတမ်း၊ မှတ်တမ်းဓာတ်ပုံများ စုဆောင်းသူက စုဆောင်းစသည်ဖြင့် တက်တက်ကြွကြွ လုံးပမ်းနေကြသည်ကို တွေ့ရသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ကျင်းပရေးဗဟိုကော်မတီက ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) (၁၉၂ဝ-၇ဝ) စာစောင်၊ ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) အထိမ်းအမှတ်စာစောင်၊ တက္ကသိုလ် ပညာပဒေသာစာစောင်၊ ပြက္ခဒိန်၊ လွယ်အိတ်၊ သော့ချိတ်၊ ရင်ထိုး၊ ပို့စကတ်တို့ကို အမှတ်တရအဖြစ် ထုတ်ဝေခဲ့သည်။ ပို့စကတ်ကို သိန်းချီရိုက်နှိပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) (၁၉၂ဝ-၇ဝ) စာစောင်သည် ပန်းချီဆရာကြီး ဦးနန်းဝေ၏ မျက်နှာဖုံးပန်းချီဖြင့် ခံ့ခံညားညား ထူထူထဲထဲ ပေါ်ထွက်ခဲ့သည်။

ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများမှာ စစ်မဖြစ်မီနှင့် စစ်ပြီးနောက် ထုတ်ဝေခဲ့သည့် ရှားပါးစာစောင်၊ မဂ္ဂဇင်းများမှ ထုတ်နုတ်ရွေးချယ်ဖော်ပြထားပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဝေဝေဆာဆာထုတ်ဝေထားကာ စာမျက်နှာ ၆ဝဝ နီးပါးရှိသည်။ ပန်းကံ့ကော် စက်ဝိုင်းသရုပ်ဖော်မျက်နှာဖုံးဖြင့် ထွက်ပေါ်လာသည့် ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) စာစောင်၊ အပိုင်း-၁ တွင် ဒေါက်တာညီညီ အစ၊ မအူပင်လွင်ဦး အလယ်၊ တင်ဧ (ရှမ်းပြည်) အဆုံး မြန်မာဘာသာဖြင့် လက်ရာပေါင်း ၆၅ ပုဒ် ပါဝင်ထားသည်ကို တွေ့ရသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) စာစောင်နှင့် ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) အထိမ်းအမှတ်စာစောင်များသည် လူကြိုက်များလှရာ အုပ်ရေ ၃ဝဝဝဝ ကျော် ရောင်းရသည်ဟုဆိုသည်။ ၁၉၇ဝ ပြည့်နှစ်ထုတ် တက္ကသိုလ်ပညာ ပဒေသာစာစောင် (အတွဲ ၅၊ အပိုင်း ၄) ကလည်း ရွှေရတုပွဲအတွက် အထူးထုတ်ဝေထားကာ သီးခြားဘာသာရပ်စာမူများအပြင် ပြင်ပပုဂ္ဂိုလ်တို့ဖတ်နိုင်သော ဥပမာ- ပါမောက္ခဦးချမ်းမြ၏ 'ကင်းဝန်မင်းနှင့် သာကဝန်ကျောင်းတော်' ဆောင်းပါးမျိုးတို့ကို ထည့်သွင်းထားသည်။ ပညာပဒေသာတွင် ငါးနှစ်အတွင်းထည့်သွင်းခဲ့သမျှ စာမူစာရင်းချုပ်ကြီးလည်းပါရရှိ ပြင်ပပုဂ္ဂိုလ်တို့နှင့်သက်ဆိုင်သော မြန်မာမှုဆောင်းပါးပေါင်း ၆ဝ ခန့် စာရင်းကိုလည်း တွေ့ရသည်။

နှစ် (၅ဝ) ပြည့် ရွှေရတုအကြို ကဗျာဆရာ၊ ကဗျာဝါသနာရှင်များကလည်း ကဗျာစာအုပ်များ ထုတ်ဝေခဲ့ကြရာ ဆရာမောင်ပန်းမွှေးထုတ်ဝေခဲ့သော 'တစ်ခုသော ပန်းဥယျာဉ်' အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကဗျာစာအုပ်၊ အောင်ပြည့်၏ 'နေရစ်တော့ မြသီလာ' အင်္ဂလိပ်- မြန်မာ နှစ်ဘာသာ ကဗျာစာအုပ်တို့မှာ ထင်ရှားသည်။ ထိုအချိန်က မိမိတို့ စိတ်ပညာကျောင်းသားများသည် စိတ်ပညာအသင်း ရန်ပုံငွေရရှိရေးအတွက် အထိမ်းအမှတ် လွယ်အိတ်၊ သော့ချိတ်၊ ရင်ထိုး၊ ပို့စကတ်၊ ပြက္ခဒိန်များကို ဝိဇ္ဇာနှင့် သိပ္ပံဘက်ပါမကျန် တစ်ခန်းဝင် တစ်ခန်းထွက် အတန်းများ၊ လူစည်ကားသည့်နေရာနှင့် စားသောက်ဆိုင်များပါမကျန် လိုက်လံရောင်းကြသည်။ လက်ကျန်မရှိအောင် ရောင်းကောင်းသည်။

စက်မှုတက္ကသိုလ်မှ ဗိသုကာကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲဝင်မုခ်ဦးပုံစံငယ်များထဲမှ ဆုရရှိသည့် မုခ်ဦးပုံစံများကို ရွေးချယ်ကာ ကမာရွတ်၊ လှည်းတန်း၊ အဝိုင်း(ထိုစဉ်က ရှိသေးသည်။ ယခု မီးပွိုင့်နေရာဖြစ်သည်။) အနီးရှိ မုခ်ဦး၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်တွင် မုခ်ဦးတို့ တည်ဆောက်ထားသည်။ ကမာရွတ်အဝိုင်းကြီးအနီးရှိ မုခ်ဦးကြီးမှာ တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတို့ကို ကိုယ်စားပြုပြီး တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်ရှိမုခ်ဦးမှာ ရန်ကုန်တက္ကသိုလ်၏ အမှတ်အသားဖြစ်သော ကဒေါင်းနှင့် ဘွဲ့နှင်းသဘင်၏မုခ်ခုံးတို့ကို ပြေပြစ်အောင် ပေါင်းစပ်ထားသည့်သဘောကို ဆောင်သည်ဟု သိရသည်။

မုခ်ဦးများအားလုံးကို ဝါးဖြင့် မြန်မာဟန်မူမပျက် လှပစွာတည်ဆောက်ထားသည်ကို တွေ့ရသည်။ ညဘက်တွင် မုခ်ဦးများအား မီးရောင်စုံထွန်းထားသည်မှာ ကြည့်၍ကောင်းလှသည်။

ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ) ရွှေရတုအထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲကို ၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းက မိုးဖွဲဖွဲရွာနေသည်။ ဆောင်းမိုးဖြစ်၍ ချမ်းစိမ့်စိမ့်ရှိလှသည်။ အဓိပတိလမ်းမတွင် ရန်ပုံငွေဆိုင်များ ဖွင့်နေကြပြီဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးလှဟန်၊ ဒုတိယပညာရေးဝန်ကြီး ဒေါက်တာညီညီ၊ တက္ကသိုလ်များအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးစံသာအောင်၊ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ် ဒေါက်တာဘသန်း ၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခ၊ ဆေးတက္ကသိုလ်-၂ ပါမောက္ခချုပ် ဒေါက်တာဦးအေး၊ ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးရုံမို၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒု-ဗိုလ်မှူးကြီးစံမြင့်၊ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးလှိုင်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးမြညွန့်၊ တက္ကသိုလ်များအုပ်ချုပ်ရေးရုံး ပညာရေးအရာရှိ ဦးသိန်းဟန် (ဆရာကြီးဇော်ဂျီ)၊ အထူးပညာရေးအရာရှိ ဦးဝန် (ဆရာကြီးမင်းသုဝဏ်)၊ ကောလိပ်အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ဧည့်သည်တော်များ တက်ရောက်ကြပြီး တက္ကသိုလ်များဗဟိုကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှဟန်က အဖွင့်မိန့်ခွန်းပြောကြားကာ တက္ကသိုလ်များအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးစံသာအောင်က ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) ခရီးအစီရင်ခံစာကို တင်ပြဖတ်ကြားခဲ့သည်။

အခမ်းအနားဖွင့်ပွဲနေ့မှ နောက်ဆုံးနေ့အထိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၊ သိပ္ပံခန်းမ၊ စီးပွားရေးတက္ကသိုလ်များတွင် စာတန်းများ တင်သွင်းဖတ်ကြားကြရာ ဦးဝန် (မင်းသုဝဏ်)က မြန်မာဘာသာ၊ ဦးသိန်းဟန် (ဇော်ဂျီ)က မြန်မာစကားပြေ၊ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခက ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်စာတမ်း၊ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်) နှင့် ဦးဇော်မြင့် (ဇော်ဇော်အောင်)တို့က မြန်မာကဗျာ၊ ပါမောက္ခ ဒေါက်တာအေးလှိုင်က စီးပွားရေးတက္ကသိုလ်စာတမ်း၊ ပါမောက္ခ ဦးဘသန်းဟက်က မြန်မာနိုင်ငံ တွင်းထွက်ပစ္စည်းများစာတမ်း၊ ပါမောက္ခဦးရုံမိုက တက္ကသိုလ်နှစ် (၅ဝ) အတွင်း အင်ဂျင်နီယာပညာသင်ကြားရေး တိုးတက်ပြန့်ပွားလာပုံနှင့် စက်မှုတက္ကသိုလ် တည်ဆောက်တိုးတက်လာပုံ၊ ဦးမျိုးမြင့်စိန် ဗိသုကာဘာသာရပ်စာတမ်း၊ ဦးမြင့်ကြည်က မြန်မာဂီတစာတမ်း၊ ပန်းချီဆရာကြီး ဦးဘကြည်က မြန်မာပန်းချီစာတမ်း၊ ဒေါ်ခင်မလေးက နှစ် (၅ဝ) အတွင်း မြန်မာနိုင်ငံ ပထဝီဝင်စာတမ်း၊ ပါမောက္ခဝီလျံပေါက ဝါဏိဇ္ဇဗေဒအကြောင်းစာတမ်း၊ ဦးခင်မောင်ဝင်း (ဒေါက်တာခင်မောင်ဝင်း)က မြန်မာ့အတွေးအခေါ် စာတမ်း စသည်ဖြင့် ဘာသာရပ်ဆိုင်ရာစာတမ်းများကို ပညာရှင်အသီးသီးက ဖတ်ကြားခဲ့ကြသည်။

စာတမ်းရှင်များက သတ်မှတ်ထားသည့် အခန်းအသီးသီးတွင် စာတမ်းများကို ဖတ်ကြားကြရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားကြသူများ များပြားကာ ခန်းလုံးပြည့်မျှ တက်ရောက်နားထောင်ကြသည်ကို တွေ့ရသည်။ တချို့စာတမ်းဖတ်ပွဲများတွင် နေရာမဆံ့သဖြင့် အပြင်ဘက်က နားထောင်သူများပင် ရှိကြသည်။

မိမိလည်း မိမိစိတ်ဝင်စားသည့် စာတမ်းဖတ်ကြားသည့်အခန်းသို့ နေရာရရန် စောစောသွားရောက်ကာ နားထောင်ခဲ့သည်။ မိမိ စိတ်ဝင်စားသည့် စာတမ်းများမှာ ဦးသိန်းဟန်၏ မြန်မာစကားပြေစာတမ်း၊ ဦးဝန်၏ မြန်မာဘာသာစာတမ်း၊ ဦးမြင့်ကြည်၏ မြန်မာဂီတစာတမ်း၊ ပန်းချီဆရာကြီး ဦးဘကြည်၏ မြန်မာ့ပန်းချီစာတမ်း၊ ဦးခင်မောင်ဝင်း၏ မြန်မာ့အတွေးအခေါ်စာတမ်း၊ ဒေါ်ခင်မလေး၏ နှစ်(၅ဝ)အတွင်း မြန်မာနိုင်ငံ၏ ပထဝီဝင်စာတမ်းများဖြစ်ကြသည်။

စာတမ်းများတွင် မှတ်မိသမျှမှာ 'မြန်မာစကားပြေစာတမ်း' တွင် မြန်မာနိုင်ငံ၌ ၂ဝ ရာစုခေတ်ဦးတွင် လူလတ်တန်းစားပေါ်လာ၍ စာပုံနှိပ်စက်ကို အသုံးပြုကြသည်မှစပြီး ပတ်ဝန်းကျင်အတွေ့အကြုံကို အထူးဂရုပြု၍ရေးကြသော သုတဆိုင်ရာ မြန်မာစကားပြေများ ပေါ်ပေါက်လာပုံ၊ တချို့စကားပြေများတွင် သုတသက်သက်သာမက ခံစားမှုကလေးများလည်း ပါတတ်သည်ကိုတွေ့ရပုံ၊ ထိုစကားပြေတို့သည့် မြန်မာနိုင်ငံကို တစ်ဖက်တစ်လမ်းမှနေ၍ မျက်စိဖွင့်ပေးခဲ့ပုံ စသည်ဖြင့် ဖတ်ကြားတင်ပြသွားသည်။

ဦးဝန်၏ 'မြန်မာဘာသာစကား' စာတမ်းတွင် မြန်မာဘာသာစကား၏ လေးနက်ခံ့ထည်ပုံ၊ ဘာသာစကား ဖွံ့ဖြိုးတိုးတက်လာပုံတို့ကို တင်ပြသွားသည်။ ဝိဇ္ဇာခန်းမတွင် ဖတ်ကြားသော ဦးမြင့်ကြည်၏ မြန်မာဂီတစာတမ်းတွင် အနှစ်(၅ဝ)အတွင်း မြန်မာဂီတ၏ အမျိုးသားဟန်ကိုစောင့်ရှောက်နိုင်ခဲ့ပုံ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ပုံ၊ ကမ္ဘာ့ဂီတမှ ပညာပိုင်းတို့ကို ထုတ်ယူခဲ့ပုံ၊ ၁၉၂ဝ မှ ၁၉၃ဝ ပြည့်နှစ်အထိ အငြိမ့်ဓာတ်ပြားများ ထွန်းကားသောခေတ်မှ မျက်မှောက်ခေတ်အထိ ခေတ်ငါးခေတ်ပိုင်း၍ မြန်မာ့ဂီတအခြေအနေကို ဖတ်ကြားတင်ပြသွားသည်ကို မှတ်မိနေသည်။

ပန်းချီဆရာကြီး ဦးဘကြည်၏ မြန်မာ့ပန်းချီစာတမ်းတွင် ၁၉၂ဝ မှ ၁၉၃ဝ ပြည့်နှစ်အထိ ထွန်းကားခဲ့သော ပန်းချီစနစ်၊ ရှေးရိုးမြန်မာပန်းချီမှ ဆင်းသက်လာသော ပန်းချီဖြစ်ပြီး ထိုပန်းချီဆရာများသည် ဗုဒ္ဓဝင်ဇာတ်နိပါတ်များကို ပန်းချီရေးဆွဲခဲ့ကြပုံ၊ ၁၉၃ဝ ပြည့်နှစ်သို့ ရောက်သည့်အခါ ဦးဘဇော်နှင့် ဦးဘဉာဏ်တို့သည် အနောက်နိုင်ငံ ပန်းချီပညာ သင်ယူတတ်မြောက်လာ၍ ထိုနည်းများမှတစ်ဆင့် ပြန်လည်တင်ပြပုံများကို အကျယ်တဝင့် တင်ပြသွားသည်။

ရုက္ခဗေဒခန်းမတွင် ဖတ်ကြားသော ဦးခင်မောင်ဝင်း၏ မြန်မာ့အတွေးအခေါ်စာတမ်းတွင် လွန်ခဲ့သော နှစ်(၅ဝ)အတွင်း မြန်မာ့လူနေမှုအဖွဲ့အစည်းထဲသို့ အမျိုးသားရေး၊ ဝါဒရေး၊ အတွေးအခေါ်နှင့် သိပ္ပံပညာအတွေးအခေါ် သုံးသပ်ဝင်ရောက်လာခဲ့ပုံ၊ ထိုအတွေးအခေါ်များအား မြန်မာ့ပင်ကိုအတွေးအခေါ်နှင့် အတွင်းသဘောဖြင့် ဆက်စပ်ပေးရန် လိုအပ်ပုံ၊ ထိုသို့ပြုမှသာ အသစ်ဖြစ်သော အတွေးအခေါ်များသည် မြန်မာ့မြေ၌ ရှင်သန်ထွားကျိုင်း၍ မြန်မာ့ပင်ကိုယ်အတွေးအခေါ်သည်လည်း တိမ်မြုပ်ခြင်းမရှိဘဲ ထင်ပေါ်နေမည်ဖြစ်ပုံကို ဖတ်ကြားသွားသည်ကို နားထောင်ခဲ့ရသည်။

နှစ်(၅ဝ)အတွင်း မြန်မာနိုင်ငံ ပထဝီဝင်စာတမ်းကို ဒေါ်ခင်မလေးက သတ္တဗေဒခန်းမ၌ ဖတ်ကြားရာ ပထဝီပညာလေ့လာခြင်း ပြောင်းလဲတိုးတက်မှုများကို ဖော်ထုတ်ရာတွင် ပထဝီဝင် စာအုပ်စာတမ်းများ ပြုစုထုတ်ဝေရေးကိုလည်းကောင်း၊ ထိုဘာသာသင်ကြားပို့ချရေးကိုလည်းကောင်း၊ သုတေသနလုပ်ငန်းရပ်များကိုလည်းကောင်း ကြိုးပမ်းရန်လိုအပ်ပုံတို့ကို တင်ပြထားသည်။

ထိုသို့ ဘာသာရပ်ဆိုင်ရာစာတမ်းများ ဖတ်ကြားနေစဉ်တွင် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် မှတ်တမ်းတင်ပြခန်းများတွင်လည်း ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။ တက္ကသိုလ်လှုပ်ရှားမှုပုံရိပ်များ၊ အဆောက်အအုံများ၊ ထင်ရှားသည့်နေရာများ စသည်တို့ကို ရေးဆွဲထားသည့် ပန်းချီအနုပညာမှတ်တမ်းတင်ပြခန်းကို ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမအပေါ်ထပ်တွင် ခင်းကျင်းပြသထားရာ ပြပွဲတွင် ပန်းချီဆရာကြီး ဦးနန်းဝေ ရေးဆွဲထားသော ပန်းချီကားများအပါအဝင် ပန်းချီကားချပ်ကြီးပေါင်း ၆ဝ ကျော်ပါဝင်ကာ ယင်းပန်းချီကားများအနက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပန်းချီအနုပညာအသင်းမှ ကျောင်းသားကျောင်းသူများ ရေးဆွဲသည့် ပန်းချီကားချပ် ကိုးချပ် ပါဝင်သည်။

ပန်းချီကားချပ်ကြီးများတွင် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် အထိမ်းအမှတ်မှတ်တမ်းတင် တက္ကသိုလ်ကျောင်းဆောင်အဆောက်အအုံများ၊ တက္ကသိုလ်နယ်မြေ ပန်းချီကားချပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၏ ပုံတူကားချပ်ကြီးများ၊ မှတ်တမ်းဝင်လှုပ်ရှားမှုများ ပါဝင်ပါသည်။

အထူးသဖြင့် ပန်းချီအနုပညာပြခန်းတွင် တက္ကသိုလ် နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် ဝါးဖြင့်ပြုလုပ်သည့် မုခ်ဦးပုံစံငယ် ကိုးခုကိုလည်း ပြသထားသည်။ ယင်းမုခ်ဦးပုံစံငယ်များကို ရန်ကုန်စက်မှုတက္ကသိုလ်က ဆရာနှင့်ကျောင်းသား ပူးပေါင်းထုတ်လုပ်ထားသည်။ ယင်းပုံစံငယ်များမှာ အမိရန်ကုန်တက္ကသိုလ်သရုပ်ဖော် ဒေါင်းပုံသဏ္ဌာန်ကို သရုပ်ဆောင်၍လည်းကောင်း ဘွဲ့နှင်းသဘင်ခန်းမကိုလည်းကောင်း တီထွင်ပြုလုပ်ထားခြင်း ဖြစ်သည်။ အထူးသဖြင့် စက်မှုတက္ကသိုလ်က ပြုလုပ်ထားသည့် ရွှေတိဂုံစေတီတော်ကြီး ထီးတော်ပုံစံငယ်ကို ပြသထားရာ လူအများ စိတ်ဝင်စားကြသည်။

သိပ္ပံခန်းမရှေ့ မြက်ခင်းပြင်တွင်လည်း တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ဌာနများ၏ပြခန်းများ ပြသထားရာ ဘာသာရပ်ဆိုင်ရာစာအုပ်စာတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ သုတေသနစာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံလင်စွာပြသထားသည်။ ဘွဲ့နှင်းသဘင်ခန်းမ စည်းဝေးဆောင်တွင် ပြသထားသည့် မှတ်တမ်းတင်စာအုပ်စာတမ်းပြပွဲမှာလည်း အထူးစိတ်ဝင်စားဖွယ် ကောင်းလှသည်။

၁၉၂ဝ ပြည့်နှစ်မှ ယနေ့အထိ တက္ကသိုလ်နှင့်ပတ်သက်သည့် သမိုင်းဝင်မှတ်တမ်းများ၊ စစ်မဖြစ်မီနှင့် စစ်ပြီးနောက် တက္ကသိုလ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဘွဲ့အဆောင်အယောင်များ၊ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဆရာကြီး၊ ဆရာမကြီးများ၏ ဓာတ်ပုံများ၊ မဂ္ဂဇင်းနှင့် စာစောင်များ၊ တက္ကသိုလ်ဝန်းကျင် အဆောက်အအုံများ၊ စာပေနှင့် အနုပညာလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲလှုပ်ရှားမှု မှတ်တမ်းများစသည်တို့ကို ပြသထားသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ထို့ပြင် ရန်ကုန်-ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) လိပ်ခုံးခန်းမ၌ ပြသသော မှတ်တမ်းတင်ဓာတ်ပုံပြပွဲတွင် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့်အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ၊ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပြသထားသည်။

အဓိပတိလမ်း တက္ကသိုလ်အဝင်ဝဂိတ်မှ ဘွဲ့နှင်းသဘင်နားအထိ အနောက်ဘက်ခြမ်းတစ်လျှောက် တက္ကသိုလ်၊ ကောလိပ်တို့မှ ဘာသာရပ်အသင်းအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးများ အသင်းများက ရိုးရာစားသောက်ဆိုင်၊ အလှကုန်ဆိုင်၊ အဝတ်အထည်ဆိုင်၊ အထိမ်းအမှတ်ပစ္စည်းဆိုင် စသည့်ရန်ပုံငွေဆိုင်များကို ဖွင့်လှစ်ရောင်းချခဲ့ကြရာ အထူးပင်စည်ကားလှသည်။

သစ်တောဆိုင်က သစ်ခွပန်းများရောင်းရာ ဈေးသက်သာပြီးလှ၍ လက်ဆောင်ပေးဖို့ အလုအယက်ဝယ်ကြသည်ကို တွေ့ရသည်။ မွန်တိုင်းရင်းသား ရိုးရာအဝတ်အထည်ရောင်းသော ဆိုင်၏ဘေးဆိုင်တွင် မိမိတို့ စိတ်ပညာမိသားစု၏ ဆနွင်းမကင်း၊ သာကူ၊ ရွှေပြည်မုန့်ရောင်းသည့်ဆိုင် ဖွင့်လှစ်ထားသည်။ တစ်ပွဲ တစ်ကျပ်ဖြစ်သည်။ တိုကင်လက်မှတ် ဝယ်ယူထားရကာ ညပွဲလာရောက်ကြည့်ရှုချိန်၌လည်း တိုကင်ပြ၍ စားသုံးနိုင်ရန် စီစဉ်ထားသည်။

ဆိုင်ကို ဆရာကြီး၊ ဆရာမကြီးက ကြီးကြပ်ကာ ကျောင်းသားကျောင်းသူများက ဝိုင်းဝန်းလုပ်ဆောင်ကြသည်။ အဓိပတိလမ်းတစ်လျှောက် တိုးမပေါက်အောင်စည်ကား၍ ဆိုင်များရောင်းကောင်းကြသည်။ ရွှေရတုပွဲတော်ရက်အတွင်း မိန်းကလေးအဆောင်များမှ ကျောင်းသူများကို ညဘက်တွင် အပြင်ထွက်ကြည့်ရှုခွင့် ပြုထားသည်။ ရွှေရတုပွဲတော်ကာလအတွင်း အစည်ကားဆုံးနေရာမှာ အဓိပတိလမ်း ဈေးဆိုင်ခန်းများပင် ဖြစ်သည်။


(ဆက်လက်ဖော်ပြပါမည်။)


#တက္ကသိုလ်
#စာတမ်း
#ရွှေရတု
#မုခ်ဦး
#အထိမ်းအမှတ်

Some text some message..