၂၀၂၀ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲသို့ လာရောက်ကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်ဇေထက်
အိပ်မက်ထဲက တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်သည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ စတင်သန္ဓေတည်ခဲ့ရာ ယခု ၂ဝ၂ဝ ဒီဇင်ဘာလ ၁ ရက်ဆိုလျှင် နှစ် (၁ဝဝ) ပြည့်လေပြီ။ အပတ်စဉ်ထုတ်လွှင့်နေသည့် ရာပြည့်အစီအစဉ်များကို တရှိုက်မက်မက် ကြည့်ရှုနေမိသည်။ အထူးသဖြင့် ထိုစဉ်က တေးရေး၊ တေးဆိုကျောင်းသားကြီးများ (ယခုအဆိုတော်များ) က ပြန်လည်ဆိုပြလာသည်ကိုလည်း တွေ့ရသည်။
တချို့ အဆိုတော်များဆိုလျှင် အသက်ကြီးလာသော်လည်း မပျက်စီးသေးသည့် မူလသံစဉ်များကိုပင် နားဝင်ပီယံကြားနေရသေးသည်။ ထို့ထက် ယင်းသီချင်းများ စတင်မွေးဖွားရာ တက္ကသိုလ်နယ်မြေ၏ ဘဝအဖုံဖုံကို ကြားသိရပြန်တော့ တက်ခွင့်မရခဲ့သည့် တက္ကသိုလ်၏ အရသာများကို စိတ်ကူးနှင့် ရူးခဲ့ရလေသည်။
၁၉၇၂ ခုနှစ်တွင် ၁၀ တန်းဖြေရသည်။ ဖြေသာဖြေရ တက္ကသိုလ်တက်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်မျှသာ၊ ထိုအချိန်တွင် မူလတန်းဆရာအတတ်သင်တန်းတက်ရန် ခေါ်နေသည်။ ၁၀ တန်းဖြေထားဆဲပင် လျှောက်၍ရသောခေတ်ဖြစ်သည်။ B အဆင့်မှ အောင်လျှင်ပင် တက်ခွင့်ရမည်ဖြစ်သည်။ ကျွန်တော်တို့ မြို့မှသူငယ်ချင်း ငါးယောက် သွားလျှောက်ကြသည်။
ထိုနှစ်က (ခ) အဆင့်မှပင် အောင်သည်။ သို့ဖြင့် ဆရာအတတ်သင်တက်ကာ မူလတန်းပြ ဝင်လုပ်သည်။ အလုပ်လုပ်ရင်းဖြေရာ ၁၉၇၄ ခုနှစ်တွင် (က) အဆင့်မှ အောင်သည်။ တက္ကသိုလ်တက်ဖို့က မသေချာ။ ထိုအချိန် ၁၉၇၅ ခုနှစ်တွင် တက္ကသိုလ်စာပေးစာယူ သင်တန်းစ၍ ဖွင့်သည်။ အခန့်သင့်ဖြစ်သွားသည်။ တစ်နှစ်အောက်၍ ၁၉၇၅ ခုနှစ်မှ စာပေးစာယူဖြင့် မြန်မာစာမေဂျာ လျှောက်လိုက်သည်။
အခြားမေဂျာများရသော်လည်း စာရေးချင်သည့် စိတ်ကလေးကြောင့် မြန်မာစာယူလိုက်သည်။ ထိုအချိန်တွင် စာတိုပေစ ရေးသားနေပြီဖြစ်သည်။ (ဆရာဦးဝင်းတင် အယ်ဒီတာချုပ်ဖြစ်သည့် ဟံသာဝတီသတင်းစာတွင်'' ရိုးလယ်ရယ်၊ စိုးမယ်ရယ်၊ ဖိုးထယ်ရယ်''ဆောင်းပါး စတင်ဖော်ပြခံရချိန်ဖြစ်သည်)။
၁၉၇၉ ခုနှစ်တွင် မြန်မာစာဘွဲ့ကို ပါဠိတန်းစဉ် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ဘဝတွင် တက္ကသိုလ်တက်ချင်သည့် စိတ်ကို ဖြေလျော့ခဲ့ရသည်သာမက အလုပ်ထဲမှာပင် ပျော်ပိုက်အောင် နေခဲ့ရလေသည်။ အလုပ်ထဲတွင် ကြိုးစားခဲ့ရသည်။ သို့ဖြင့် အလုပ်ခွင်ထဲ ၁ဝ နှစ်ကျော်ကြာပြီး ၁၉၈၂ ခုနှစ်တွင် B.Ed (တစ်နှစ်ဒီပလိုမာ) သင်တန်းတက်ခွင့်ရခဲ့သည်။
ထိုစဉ်က ပျော်ခဲ့ရသည့် အပျော်က ညပင်အိပ်မပျော်ခဲ့။ ရန်ကုန်ပညာရေးတက္ကသိုလ်ရောက်လျှင် တက်ခွင့်မရခဲ့သည့် ရန်ကုန်တက္ကသိုလ်ထဲသို့ အတိုးချ၍ လည်ပတ်လိုစိတ်က ပြင်းပြနေသည်။ အလုပ်ခွင်ထဲမှ ကျောင်းသားပြန်ဖြစ်ရမည်မို့လည်း ရွှင်လန်းတက်ကြွနေပါသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆရာများအတွက် နဝဒေးဆောင်နှင့် မြဝတီဆောင်ရှိသည်။ စာရေးသူက နဝဒေးဆောင်တွင် နေရသည်။ ကျောင်းရှေ့တွင် ထိန်ထိန်ဝင်းဝါနေသည့် စကားဝါပင်ကြီးက တထီးတနန်းရှိသည်။ ညနေစောင်းလျှင် ပုဂံလမ်းတွင် လမ်းလျှောက်ဖြစ်သည်။ တစ်ချိန်က ''ပုဂံလမ်းကစောင့်နေမယ် သီချင်း'' ကို ဘာမှန်းမသိ လွမ်းမောခဲ့ရဖူးလေသည်။
စနေ၊ တနင်္ဂနွေကျောင်းပိတ်သည်နှင့် Main ထဲသို့ ခရီးဆန့်ဖြစ်သည်။ အဓိပတိလမ်းမကြီးကို ကိုယ်တိုင်လျှောက်ကြည့်သည်။ တူနှစ်ကိုယ်ယှဉ်ကာ လျှောက်ရသည့် RC ထဲတွင် ဟိုလျှောက်သည်လျှောက်၊ ဟိုနားထိုင်သည်နားထိုင်ကြည့်။ လူပျိုလူလွတ် ကျောင်းသားဘဝဆိုလျှင် မည်မျှပျော်စရာကောင်းလေမည်နည်း။ တွေးကြည့်ရသည်မှာပင် အပျော်ဓာတ်တို့က စိမ့်ဝင်ပျံ့နှံ့လာသည်။
ကျောင်းပိတ်ရက်တိုင်း အများဆုံးရောက်ဖြစ်သည်မှာ Main ထဲသာဖြစ်သည်။ သည်တစ်ခါ သစ်ပုတ်ပင် ခြေရင်းတွင် အားရပါးရထိုင်ကြည့်မိသည်။ ယခုကဲ့သာ ကာရံထားခြင်းမရှိသေး။ မြက်ခင်းပေါ်က ပုရွက်နီကောင်များကို ကြည့်ထိုင်ရသေးသည်။ ထိုစဉ်က နှစ်ယောက်ထိုင်ခုံတန်းလေးတစ်ခု ရှိသေးသည်။
ထို့နောက် ''ဂျပ်ဆင်ထိပ်က လရိပ်ပြာ'' သီချင်း၏ ရေခံမြေခံဂျပ်ဆင်ကောလိပ်ရှေ့သို့ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ တစ်ဖက် ပြည်လမ်းဘက်ကို ကြည့်ပြန်တော့ ပရွက်အိမ် တုတ်နှင့်ထိုးသကဲ့သို့ ကားများကဥဒဟို။ Main ထဲရောက်လျှင် မဖြစ်မနေသွားရမည့် နေရာတစ်ခုရှိသေးသည်။ ယင်းမှာ ဦးချစ်လက်ဖက်ရည်ဆိုင်ဖြစ်သည်။
ဦးချစ်လက်ဖက်ရည်ဆိုင်သည် ရန်ကုန်တက္ကသိုလ်ထဲတွင် (၁၉၅၇-၁၉၈၈) အထိ ရာမညဆောင်နှင့် တောင်ငူဆောင်ကြား (ငှက်ပျောတော) တွင်ဖွင့်ခဲ့သည်။ ပညာရေးတက္ကသိုလ်တွင် တက်ရောက်နေသော်လည်း ဦးချစ်ဆိုင်သို့ မကြာခဏ ရောက်ဖြစ်ခဲ့သည်။ သြော်- ဒေးကျောင်းသားကျောင်းသူများ အစုံအညီရှိစဉ်က မည်မျှအုန်းအုန်းထနေလိုက်ကြမည်နည်း။
အားလပ်ရက်တစ်ခုတွင် သူငယ်ချင်းများစု၍ အင်လျားကန်ဘောင်သွားကြသည်။ နံနက်ခင်းလေးကောင်းလေသန့်လည်း ရှုရှိုက်ရင်းပင်။ ကန်ဘောင်ပေါ် အသွားအပြန် သုံးလေးခေါက်လျှောက်ရင်းကပင် ချွေးကျလာသည်။ ရေအဝသောက်ပြီးမှ ဘူးသီးကြော်ဆိုင်ထိုင်ကြသည်။ သိပ်တော့ အရသာမတွေ့လှ။ သို့သော် ကန်ရေပြင်မှ ဖြတ်သန်းလာသည့် လေနုအေးကြောင့် လန်းဆန်းသွားသည်။ အချစ်၏ အငွေ့အသက်များရနံ့များ သင်းပျံ့နေဆဲ အင်းလျားကန်ဘောင်။ (ပညာရေးတက္ကသိုလ်တွင် မှတ်မှတ်ရရတော့ရှိခဲ့ဖူးသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် ရောင်စုံရုပ်မြင်သံကြားပေါ်စ ဖြစ်သည်။ အဆောင်ရှေ့အထွက် ဘေးခန်းတွင် TV ကြည့်ရန် အခန်းတစ်ခန်းရှိသည်။)
ရန်ကုန်ရောက်မှ ကြည့်ဖူးသည်မို့ TV လာချိန်ဆိုလျှင် ရှေ့ဆုံးကရောက်နေလေ့ရှိသည်။ (ထိုအချိန်က ယခုကဲ့သို့ ၂၄ နာရီ ကြည့်၍မရသေးပါ) နောက်တစ်ခုမှာ စာရေးသူတို့အုပ်စုတွင် ခုနစ်ယောက် ရှိသည်။ ညနေ ၅ နာရီထိုးသည်နှင့် အဆောင်ပေါ်တီကိုတွင်စုကာ ပြည်လမ်းဘေးရှိ ''ဝင်းဝင်းထွန်း'' လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ စကားဝိုင်းဖွဲ့ရခြင်းက တစ်သက်မမေ့နိုင်စရာ)
ရန်ကုန်တက္ကသိုလ်ထဲတွင် စာကြည့်တိုက်ကြီးများမှာ အထင်ကရရှိလှသည်။ စာရေးသူတို့မှာ ကျောင်းပိတ်ရက်တွင်သာ အလာများသည်မို့ ဖတ်ခွင့်မကြုံခဲ့။ ဟိုအတိတ်တစ်ချိန်က နာမည်ကြီးခဲ့သည့် အင်းဝဆောင်၊ ပဲခူးဆောင် စသည့်အုတ်တိုက်နီနီကြီးများဆီသို့ တမ်းတမ်းတတကြည့်ရှုနေမိသည်။ ယခုမူဖွေးဖွေးဖြူလျက်။ (တက္ကသိုလ်တွင် ဆေးသုတ်ခဲ့သည့် ၁၉၆၂၊ ၁၉၇၅ နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထူးခြားသည့်အရေးအခင်းများဖြစ်ခဲ့ကြောင်း သိရသည်)
ရန်ကုန်တက္ကသိုလ်သို့သာ တက်ခွင့်ရနိုင်ခဲ့မည်ဆိုလျှင် ဤသို့တွေးမိလိုက်တိုင်း စူးစူးနင့်နင့် ခံစားရသည်။ ''ရာဇူးက မမရေ'' ဆိုသည့် အသံကြားရလျှင် ''ရာဇူး'' ကျောင်းသားဘဝကိုပင် စာပေးစာယူနှင့် ရောက်ခဲ့ရသည့်ဘဝ။ သို့ဖြစ်၍လည်း ''တက္ကသိုလ်က ငွေလမင်း'' ''တစ်ခါတုန်းက တက္ကသိုလ်'' ''မြကျွန်းညိုညို တက္ကသိုလ်'' ဆိုသည့် သီချင်းစာသားများကြားရတိုင်း ရင်တုန်လှိုက်မောမိသည်။ တမ်းတမှန်းဆ၍သာ လွမ်းခဲ့ရသည်။
တစ်နေ့ကဖြစ်သည်။ အဆိုတော် ကိုင်ဇာ၏ နှစ်(၁ဝဝ) ပြည့် ဖျော်ဖြေပွဲ။ တက္ကသိုလ်သီချင်းများကို မေခလာ၊ မေဆွိ၊ ဟေမာနေဝင်းတို့နှင့် တွဲဖက်သီဆိုသွားသည်မှာ တက္ကသိုလ်ချစ်သူများ၊ အမိတက္ကသိုလ်တွင် ကိုယ်တိုင်ကိုယ်ကျ တက်ခဲ့ရသူများ၏ နှလုံးသားအတိတ်ဝေဒနာကို တူးဆွနေသကဲ့သို့ပင် ထင်ရသည်။ တိုက်ဆိုင်သူများရှိသလို စာရေးသူကဲ့သို့ တက္ကသိုလ်ပြင်ပက အလွမ်းအသောနဲ့ တမ်းတရင်းမောနေသူများလည်း ရှိနိုင်ပါလိမ့်မည်။
အဆိုတော် ကိုင်ဇာက ''တက္ကသိုလ် နေဝင်မှာကိုစိုးတယ်'' သီချင်းဆို သွားပါသည်။ တက္ကသိုလ်တွင် ကုန်ဆုံးရမည့်အချိန်ကာလများ နေဝင်သွားမည်စိုး၍ ရင်တွင်းဝေဒနာကို တေးအလင်္ကာနှင့်ပင် သီကျူးရစ်မူးနေတော့သည်။ တက္ကသိုလ်တွင် စာသင်ရသည့် လေး၊ ငါးနှစ်တာကိုပင် ကုန်လွန်သွားမည်စိုး၍ နည်းမျိုးစုံဖြင့် (၁ဝ) နှစ်ပင်ကြာခဲ့ရသည်။ ဤမျှ ပျော်စရာကောင်းသည့် တက္ကသိုလ်ကြီးပင်။
စာရေးသူ တွေးမိသည်။ ဤတက္ကသိုလ်သို့သာ တက်ခွင့်ရခဲ့လျှင် အနုပညာစာပေအသင်းဝင်မည်။ စာကြည့်တိုက်သို့ အချိန်ရတိုင်းသွားမည်။ စာဖတ်မည် စာရေးမည်၊ အချိန်ရသေးလျှင် အနုပညာဗီဇရှိသူမို့ သီချင်းဆိုမည်။ (ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ စန္ဒယားချစ်ဆွေ၊ ကိုမြကြီး၊ သုမောင်) စသည့် အဆိုတော်များကို နှစ်သက်သည်။ ထိုခေတ်အခြေအနေအရ အခွင့်အရးရသည်မို့ တစ်ဖက်ဖက်တွင် ထူးချွန်ပေါက်မြောက်မည်ဟု တွေးမိခဲ့သည်။ သို့သော်။
စင်စစ်တက္ကသိုလ်များသည် ပညာထူးချွန်လိုသူများအတွက် ပညာတံခါးများဖွင့်ထားရာအရပ်ဖြစ်သည်။ အားကစားထူးချွန်သူ၊ အနုပညာစာပေထူးချွန်သူများအတွက်လည်း အောင်မြေနင်းရာ နယ်မြေဖြစ်သည်။ ဘက်စုံပညာမျှဝေရာ နေရာတစ်ခုဖြစ်သည်။ တစ်ချိန်က အာရှတွင် ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်ခဲ့သည်မို့လည်း ထူးချွန်ထက်မြက်သူများ၊ စာပေအနုပညာရှင်များ မွေးဖွားသန့်စင်ရာ ပညာဘုံဗိမ္မာန်တစ်ခုပင် ဖြစ်သည်။
စာရေးသူတို့လည်း ဤတက္ကသိုလ်သို့ တက်ခွင့်ကြုံခဲ့မည်ဆိုလျှင် တက္ကသိုလ်၏ နေ့ရက်တိုင်း ကုန်ဆုံးသွားမည်ကို ကြောက်နေကြမည့်သူများထဲတွင် မုချပါနိုင်ပါသည်။ တက္ကသိုလ်နယ်မြေ နေဝင်မှာကို စိုးရိမ်နေမိမည်ပင်။ သို့သော်လည်း တက္ကသိုလ်နှင့် တက်ခွင့်မကြုံခဲ့ရသူများအဖို့မူ တက္ကသိုလ် နေထွက်ချိန်ကိုဖြစ်စေ၊ နေဝင်ချိန်ကိုပင်ဖြစ်စေ မည်သို့မျှခံစားသိရှိနိုင်တော့မည်မဟုတ်။ ငယ်စဉ်တက္ကသိုလ်ကျောင်းသားဘဝသည်လည်းကောင်း၊ တက္ကသိုလ်နယ်မြေကြီးသည်လည်းကောင်း ဘဝတွင် အမြဲတမ်းနေဝင်နေခဲ့သလိုပင် ခံစားနေမိပါတော့သည်။
(2020 Dec 1 ရက် ရန်ကုန်တက္ကသိုလ်ရာပြည့်သို့ လွမ်းဆွတ်တသဖွယ် အမှတ်တရ)