အမှိုက်စီမံခန့်ခွဲမှုမှာ စံပြုစရာ ဝဲကြီးကျေးရွာ
mmtimes.com
|
2020-12-03



ဝဲကြီးရွာတွင် အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲစွန့်ပစ်နေကြစဉ်။ ဓာတ်ပုံများ-ငြိမ်းငြိမ်းအောင်

အမှိုက်စီမံခန့်ခွဲမှုမှာ စံပြုစရာ ဝဲကြီးကျေးရွာ

ကျောက်တန်းမြို့နယ်က အိမ်ထောင်စု ၃၄၀ ခန့်ရှိတဲ့ ဝဲကြီးကျေးရွာရဲ့ ဂုဏ်သတင်းက ထူးထူးခြားခြားကျော်စောနေပါတယ်။ သဘာဝအလှအပတွေနဲ့ ဆန်းပြားတဲ့ ဓလေ့တွေကြောင့်မဟုတ်ပဲ ကျေးရွာသူ ကျေးရွာသားတွေရဲ့ စည်းကမ်းကောင်းမူကြောင့် စံနမူနာယူစရာရွာလေးအဖြစ် ထူးခြားနေတာ ဖြစ်ပါတယ်။

ရွာကိုရောက်တာနဲ့ ထူးထူးခြားခြား သတိထားမိမှာက အမှိုက်တစ်စမှမရှိပဲ လမ်းတွေနဲ့ အိမ်တွေဟာ သန့်ရှင်းနေတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဝဲကြီးကျေးရွာကို အခြားဒေသတွေနဲ့ ခြားနားနေစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဝဲကြီးကျေးရွာဟာ ကျောက်တန်းမြို့နဲ့ ကိုးမိုင် ကွာဝေးပါတယ်။ ကျောက်တန်း ပဲလှော်ဖိုရောက်ရင် လမ်းအတိုင်းတည့်တည့်မောင်းလာပြီး ကိုးမိုင်လောက်အရောက်မှာ ရွာအဝင်မုခ်ဦးလိုဖြစ်နေတဲ့ ကိုရီးယားစီမံကိန်း ဆိုင်းဘုတ်ကြီး တွေ့ပြီဆို ဝဲကြီးကျေးရွာကို ရောက်ပါပြီ။

“ကျွန်တော်တို့ရွာက ပြည်သူလူထုကတော့ အမှိုက်မချဘူး။ လမ်းပေါ်လည်း အမှိုက်မချဘူး။ ကွမ်းတံတွေးလည်း မထွေးဘူး။ ဘေးရွာကလာရင် ကွမ်းတံတွေး ထွေးသွားတာ၊ အမှိုက်ပစ်သွားတာ မြင်ရင် ချက်ချင်းကောက်တယ်။ ကွမ်းတံတွေးဆို ချက်ချင်းဆေးကြောပစ်တယ်” လို့ ဝဲကြီးကျေးရွာသား ကိုသောင်းတန်က ပြောပါတယ်။

ဝဲကြီးကျေးရွာဟာ အမှိုက်ကင်းစင်တဲ့ စံပြရွာဖြစ်ခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကလို့ ကိုသောင်းတန်က မှတ်မှတ်ရရ ဆိုပါတယ်။ ကိုသောင်းတန်ဟာ ရွာဘုန်းကြီးကျောင်းက ဆရာတော်ဖွဲ့စည်းပေးထားတဲ့ လူငယ်ရှေ့ဆောင်ပရဟိတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူတို့အဖွဲ့ဟာ နှစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း အမှိုက်လိုက်ကောက်ကြပါတယ်။ နေအိမ်အသီးသီးက အမှိုက်အိတ်ခြင်းတွေနဲ့ လမ်းတိုင်းမှာ ချိတ်ဆွဲထားတဲ့ အမှိုက်ခြင်းတွေကို လိုက်လံသိမ်းဆည်းပြီး ရွာထိပ်မှာ ဆောက်လုပ်ထားတဲ့ မီးရှို့ကန်မှာ မီးရှို့ကြပါတယ်။

“အိမ်တွေက အမှိုက်နည်းတော့ အမှိုက်ကို ၁၄ ရက်တစ်ခါ သိမ်းတယ်။ ရွာထဲက အိမ်တွေကို အမှိုက်ခြင်းတွေပေးပြီး အမှိုက်တွေကို အဲဒီခြင်းထဲထည့်ခိုင်းတယ်။ တနင်္ဂနွေနေ့ကို အဲဒီအမှိုက်ခြင်းတွေ လိုက်ဖြုတ်ပြီး အမှိုက်ကန်တစ်ခု လုပ်ထားတယ်။ မိုးတွင်းဘက်ဆို အမှိုက်ကန်ထဲမှာ ခြံခတ်ထားပြီး နွေဘက်ဆို အမှိုက်မီးရှို့ကန်ထဲ ထည့်ပြီး မီးရှို့တယ်။ မီးရှို့ကန်ကလည်း ရွာသားတွေ ကိုယ်တိုင်ဆောက်ထားတယ်” လို့ ကိုသောင်းတန်က ပြောပါတယ်။

ဝဲကြီးကျေးရွာသူ ကျေးရွာသားတွေက လယ်ယာနဲ့ ရေလုပ်ငန်း နှစ်မျိုးကိုသာ လုပ်ကိုင်ကြပါတယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်တဲ့ အကျင့်ကောင်းလေးတွေကို ကလေးတွေဆီမှာ အစပြုပျိုးထောင်ခဲ့ရာကနေ လူကြီးတွေထိ ကူးစက်သွားတာလို့ ကိုသောင်းတန်က ပြောပါတယ်။

“စနစ်တကျ အမှိုက်စွန့်ပစ်ဖို့ ကလေးတွေကို စည်းရုံးရတယ်။ လမ်းပေါ်မှာ အမှိုက်မရှိတာကိုက ကလေးတွေက အကျင့်ဖြစ်နေတာ” လို့ ကိုသောင်းတန်က ပြောပါတယ်။

အမှိုက်ကောက်ပေးတဲ့ သူတို့ကို ကျေးရွာသူ ကျေးရွာသားတွေက အလှူငွေပေးတော့ ရတဲ့အလှူငွေနဲ့ အမှိုက်အိတ်ဝယ်ပြီး နေအိမ်နဲ့ လမ်းတွေမှာ ချိတ်ဆွဲပေးဖို့အတွက်အသုံးပြုပြီး ပိုတဲ့ငွေတွေကိုတော့ ရွာထဲက စည်းကမ်းအလွန်ကောင်းတဲ့ ကလေးတွေကို ဘုရားဖူးလိုက်ပို့ ပေးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရွာကလူတွေက စည်းကမ်းရှိတယ်။ ကျွန်တော်တို့ အမှိုက်သိမ်းလိုက်တော့ ပိုသန့်ရှင်းသွားတာပေါ့” လို့ သူကပြောပါတယ်။

အမှိုက်အိတ်ဆိုရာမှာ ပလက်စတစ်အိတ်မျိုးမဟုတ်ပဲ သံခွေကိုပိုက်စွတ်ထားတဲ့ ခြင်းတောင်းပုံမျိုးဖြစ်ပြီး ထိုအမှိုက်ခြင်းတောင်းကို ရွာထဲကလမ်းထိပ်တိုင်းနဲ့ အိမ်ခြေတိုင်းမှာ ထားပေးထားတဲ့အတွက် အမှိုက်ရှိလာတဲ့အခါ အလွယ်တကူ စွန့်ပစ်နိုင်ကြတာ ဖြစ်ပါတယ်။

“ဒီဘက်အိမ်က အမှိုက်ချတာတွေ့ရင် ဟိုဘက်အိမ်က လှမ်းပြောတယ်။ အဲဒီလို အမှိုက်မရှိသလို ကွမ်းတံတွေးလည်း တစ်စက်မှမရှိဘူး။ လမ်းဆုံ လမ်းထောင့်တိုင်းမှာ ကွမ်းတံတွေးမထွေးဖို့ အမှိုက်မပစ်ဖို့ ဆိုင်းဘုတ်လေးတွေ ထောင်ထားတာ တွေ့ရတယ်” လို့ ဝဲကြီးကျေးရွာ အမှိုက်ကင်းစင်တဲ့အကြောင်းကို ၂၀၁၈ ခုနှစ်က မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မငြိမ်းငြိမ်းအောင်က ဆိုပါတယ်။

သူဟာ မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။

“ဒီအမူအကျင့်ကောင်းဟာ ဘယ်ကနေ အခြေခံသလဲဆိုတာ လိုက်တဲ့အခါ စာသင်ကျောင်းက အခြေခံတာကို တွေ့ရတယ်။ စာသင်ကျောင်းမှာ အမှိုက်မပစ်ရဘူးဆိုတဲ့ ဓလေ့လေးက သူတို့မိဘတွေဆီ ကူးစက်သွားတယ်။

ကျွန်မ အဲဒီရွာကို သွားတုန်းက မူကြိုတက်နေတဲ့ ကလေးလေးက မုန့်ထုတ်သေးသေးလေးကို ဖောက်ပြီး မုန့်ထုတ်က ပလက်စတစ် သေးသေးလေးကအစ လက်မှာကိုင်ထားတာ။ ဒါက လူလုပ်တဲ့အမှိုက် အမှိုက်တောင်းထဲ ထည့်ရမှာလို့ ပြောတယ်။ အဲဒီအမှိုက်မျိုးက ပတ်ဝန်းကျင်ကို ဒုက္ခပေးတယ်လို့ ကလေးကပြောတော့ တော်တော်အံ့သြသင့်သွားတယ်” လို့ သူကပြောပါတယ်။

ဒီလိုကျေးရွာမျိုးဟာ စံပြနမူနာယူဖို့ ရှိကိုရှိသင့်ပြီး သူတို့ရွာလိုသာ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းနဲ့ မြို့တိုင်းမှာ လုပ်နိုင်ရင် အလွန်အကျိုးရှိမှာ ဖြစ်တယ်လို့ မငြိမ်းငြိမ်းအောင်က ပြောပါတယ်။

“အဲဒီရွာလေးကို ရောက်သွားတော့ တော်တော်စိတ်ချမ်းသာတာ။ အမှိုက်တွေပွနေရင် ဘယ်သူမဆို စိတ်ရှုပ်မှာပဲလေ။ အမှိုက်စွန့်ပစ်တယ်ဆိုတာ အမှိုက်ကို လွယ်လွယ်ကူကူ စွန့်ပစ်လို့ မရတာကြောင့် ဖြစ်ပါတယ်။ လွယ်လွယ်ကူကူ စွန့်ပစ်လို့မရတော့ တွေ့ရာမှာ စွန့်ပစ်တယ်။ တစ်ချို့ကျတော့လည်း စည်းကမ်းမရှိလို့ တွေ့ရာမှာ စွန့်ပစ်တယ်” လို့သူကပြောပါတယ်။

သူရဲ့ မှတ်တမ်းရုပ်ရှင်ကြောင့် ဒီရွာကလေးရဲ့ ဂုဏ်သတင်းဟာ ပျံ့နှံ့သွားပြီး ရှမ်းပြည်၊ ရွာငံက ကျေးရွာလေးတစ်ရွာတောင် ဝဲကြီးကျေးရွာကို အတုယူပြီး သူတို့ရွာကို အမှိုက်ကင်းစင်အောင် လုပ်နေကြပြီလို့ သူက ပြောပါတယ်။

“အစကတော့ အမှိုက်ကို စနစ်တကျပစ်ဖို့ အတော်ကြီးပြောယူရတယ်။ ခုတော့အားလုံးက ပြောစရာမလိုတော့အောင် လိုက်နာကြပါပြီ။ တော်တော်ကို စိတ်တိုင်းကျပါတယ်။ ဟိုတုန်းကတော့ ကိုယ့်ရွာမှ မဟုတ်ပါဘူး ဘယ်ရွာမှ သန့်သန့်ရှင်းရှင်းမရှိဘူး။ ခုတော့ ကြည်နူးရပါတယ်” လို့ ဝဲကြီးကျေးရွာသား ဦးလှစောက ပြောပါတယ်။


#အမှိုက်
#ဝဲကြီး
#ကျေးရွာ
#တံတွေး
#ကျောက်တန်း

Some text some message..