ယုံတမ်းစကား
''လူတော်တော်များများက မနောကောင်းတာကို မမြင်တတ်ကြဘူး။ အပြောကောင်းတာလောက်ကိုပဲ သဘောကောင်းတယ် ထင်တယ်ကြတယ်ကွ'' ဟု အဘ ပြောပြ၏။
ထိုစဉ်က ထိုစကားအဓိပ္ပာယ်ကို ကျွန်တော် သေသေချာချာ မသိခဲ့ပါချေ။ ''ယုံအောင်ပြောရင်လည်း ယုံတတ်ကြတာပဲ'' ဟု အဘ ပြောသေး၏။ ပြောသမျှကိုသာ ကျွန်တော် မှတ်သားသည်၊ မှတ်မိသည်။ ဆိုလိုရင်းကိုမူ ထဲထဲဝင်ဝင် မသိမြင်တတ်သေး။ ထိုစဉ်က ကျွန်တော်သည် ဆယ်ကျော်သက်မျှသာ ရှိသေး၏။
''မှန်တာပြောရင်လည်း လူတွေက နှစ်သက်ကြတာပဲမဟုတ်လား အဘရဲ့'' ဟု တောလမ်းခရီးကို အတူသွားရင်း အဘကို ကျွန်တော် မေးပြော ပြောလိုက်သည်။
''သူတို့ မြင်တာလေးပဲ မှန်တယ်ထင်တာကွ''ဟု အဘက ပြန်ပြောပြ၏။
''လူကြီးသူမ စကားဆိုရင် ယုံကြည်လက်ခံကြမှာပါ အဘရယ်'' ဟု ကျွန်တော် ထပ်ပြော၏။ ''အဲဒါ အနည်းစုပါကွာ''ဟု အဘ ပြောလေသည်။
ပြီးနောက် ''လူကြီးသူမက ဘယ်လိုပြောပြော သူတို့မျက်စိနဲ့ တပ်အပ်မြင်မှ ယုံချင်ကြတာကွ'' ဟု ထပ်ပြော၏။
အဘစကားကို အလုံးစုံလက်မခံချင်သော်လည်း ကျွန်တော် နှုတ်ဆိတ်နေလိုက်တော့၏။ ထိုစဉ် ကျွန်တော်နှင့်အဘတို့၏ မလှမ်းမကမ်းမြက်ခင်းပြင်အထက်၌ လွန်စွာအံ့သြဖွယ်ကောင်းသော အရာတစ်ခုကို ကျွန်တော် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။ အဘလည်း မြင်တွေ့ပါလိမ့်မည်။
''အဘ အဘ နဂါး နဂါး''
ယခုကာလ လူ့ဘဝတွင် မည်သူမျှ နဂါးသတ္တဝါကို မြင်ဖူးကြမည်မထင်ပါ။ ကျွန်တော် အဘကိုတစ်လှည့် မြင်နေရသည့် နဂါးသတ္တဝါကိုတစ်လှည့် တုန်လှုပ်စွာကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် အိပ်မက်မက်နေသည်ဟုပင် ထင်မြင်လိုက်မိပါသေးသည်။
''အဘ... အဲဒါ အဲဒါ နဂါး နဂါးမဟုတ်လားဟင်။ နဂါး''
''အေး... ဟုတ်တယ်။ မင်း အကြောင်းရှိလို့ မြင်ရတာကွ။ ကိုယ်မြင်ရင် ကိုယ့်ဘာသာကြည့်။ ကိုယ့်စိတ်ထဲထား။ ဘယ်သူ့မှ လျှောက်မပြောနဲ့ ကြားလား''
ကျွန်တော် ခေါင်းကို လှုပ်ရုံသာညိတ်ပြီး မြင်နေရသော နဂါးကြီးကို မမှိတ်မသုန် တအံ့တသြ ငေးကြည့်နေမိသည်။ ကျွန်တော်နှင့် အဘရှိရာသို့ လုံးဝမကြည့်ဘဲ မြွေတစ်ကောင်ကဲ့သို့ ပါးပျဉ်းထောင်လျက် တရွေ့ရွေ့လွင့်လူးနေလေသည်။ ဦးခေါင်းပေါ်တွင်လည်း အမောက်တစ်ခုကို တွေ့မြင်ရ၏။ ''နဂါးမှန်း သိအောင် အမောက်ထောင်'' ဟူသည့်စကားကို ကြားသာကြားဖူးခဲ့ပြီး ယခုမှ နဂါးအမောက်ကို မြင်ဖူးရတော့၏။ (မူလတန်းအရွယ်လောက်က ပါးပျဉ်းထောင်သည်ကိုပင် အမောက်ထောင်သည်ဟု ထင်မှတ်မှားခဲ့ဖူးပါသည်။)
နှာခေါင်းပေါက်အတွင်းမှ အခိုးအငွေ့တို့မှုတ်ထုတ်ပြီး အသံတစ်ခုမြည်ဟိန်းကာ ကောင်းကင်သို့ ပျံတက်သွားလေ၏။ မြင်တွေ့အံ့သြမှင်တက်မိသော အချိန်ကာလသည် မိနစ်ပိုင်းမျှသာ။ သို့သော် ကျွန်တော့်ရင်၌ လှိုက်ဖိုတုန်ရင် မိန်းမောကျန်ရစ်ခဲ့ရသည့် အချိန်ကာလမှာ ရှည်လျားလွန်းဘိ၏။ (ကျွန်တော့် အဖြစ်အပျက်သည် ကိုယ်တိုင်ကြုံမှ ယုံကြည်ရမည့် အဖြစ်အပျက်မျိုး။)
''ရွာထဲရောက်ရင် ဘယ်သူ့မှ မပြောနဲ့နော်'' ဟု အဘက တတွတ်တွတ်မှာ၏။ ကျွန်တော်က ခေါင်းညိတ်ရုံသာ ညိတ်သည်။ နောက်တစ်နေ့တွင် ရွာထဲက သူငယ်ချင်းတွေကို အလုံးစုံပြောမိသည်မျိုး မဟုတ်သော်လည်း လောကတွင် နဂါးရှိကြောင်း၊ နဂါးတောင် ရိုးရိုးနဂါးမဟုတ် နဂါးပျံရှိကြောင်း ကျွန်တော်ပြောမိ၏။
သူငယ်ချင်းတွေသာမက တခြားကာလသားကြီးများကပါ ကျွန်တော့်ကို ရယ်ပွဲဖွဲ့ကြ၏။ လှောင်ပြောင် ပျက်ရယ်ပြုကြ၏။ နဂါးဟိန်းသံကိုပင် ကြားခဲ့ရကြောင်းအထိ ကျွန်တော် ပြောမိသည်။ ''သက်သေပြ'' ဟု ပြောကြ၏။ တောနက်ထဲတွင် တွေ့ကြောင်း၊ ကောင်းကင်သို့ ပျံတက်သွားပြီဖြစ်ကြောင်း ကျွန်တော်ပြောပြ၏။ ပြောလေ ရယ်လေ ပြုကြသည်။
''ငါ တစ်ယောက်တည်းတွေ့တာ မဟုတ်ဘူး။ အဘလည်း တွေ့တယ်'' ဟု ကျွန်တော်ပြောပစ်လိုက်၏။ မည်သူမျှ ယုံကြည်စကားမဆိုကြ။ နောက်ဆုံး အလောင်းအစားပြုရန်ပါ ကျွန်တော် စိန်ခေါ်မိချေသည်။ အဘကို သက်သေထားကာ အဘ၏ အဆုံးအဖြတ်ကိုယူကြရန် သဘောတူဖြစ်ကြ၏။
ကာလသားကြီးတစ်ယောက် ဦးဆောင်သည့် ကျွန်တော့်သူငယ်ချင်းများကတစ်ဖက် ကျွန်တော်တစ်ယောက်တည်းက တစ်ဖက်ဖြစ်၏။ လောင်းကြေးကား ၎င်းတို့ဘက်က နွားထီးတစ်ကောင်ဖြစ်ပြီး ကျွန်တော့်ဘက်က ဆိတ်မတစ်ကောင်သာ ပေးချေရန်ဖြစ်၏။ ယခု မျက်မှောက်ကာလတွင် နဂါး (သို့မဟုတ်) နဂါးပျံ ရှိ၊မရှိ အဘ၏ အဆုံးအဖြတ်စကားသည်သာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်၏ အနိုင်အရှုံးဖြစ်သတည်း။
ရွာဦးစေတီရိပ်တွင် ပုတီးစိပ်နေသည့်အဘကို အကျိုးအကြောင်း ပြောပြကြသည်။ အလောင်းအစား ပြုကြသည်အထိဖြစ်ရကြောင်း အဘကိုရှင်းပြသည်။ ပြောဆိုရှင်းပြကြသမျှကို အဘက မျက်လွှာချလျက်သားနားထောင်၏။ မည်သူ့ကိုမျှ မကြည့်။ အထူးသဖြင့် ကျွန်တော့်ကို (လုံးဝမကြည့်) ကာလသားခေါင်းကြီးက...
''အဘ အခုကာလမှာ နဂါးတို့၊ နဂါးပျံတို့ ရှိသလား အဘ''
''ရှိတယ်လို့ ဘယ်သူပြောသလဲ'' အဘ၏ ပြန်လှန်အမေးစကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားရ၏။
''ဒီကောင် ပြောတာ''
''သူ ပြောတဲ့နေရာ မင်းတို့ သွားကြည့်ကြပေါ့''
''သွားကြည့်ကြပါတယ် အဘ။ အဲဒီမှာ ဘာမှမတွေ့ပါဘူး'' ဟု ကျွန်တော့် ပြိုင်ဘက်များက ပြောကြ၏။ ကျွန်တော်က...
''အဘနဲ့ ကျွန်တော် တောထဲမှာ နဂါးတွေ့ခဲ့တာလေ၊ အဲဒါ'' ကျွန်တော့်စကားမဆုံးခင် အဘက...
''မင်း... ရူးနေသလား'' အဘ၏ အမေးစကားကြောင့်၊ ကျွန်တော် ဘာစကားမျှ ထပ်မပြောရဲတော့ချေ။ ယင်းအခြေအနေအရ ကျွန်တော် ဆိတ်မတစ်ကောင် ဆုံးရှုံးခဲ့ရ၏။ အနီးအပါးတွင် မည်သူမျှ မရှိကြတော့သည့်အခါကျမှ အဘက-
''လူဆိုတာ သူတို့မြင်တာလေးပဲ မှန်တယ်ထင်တာလို့ မင်းကို ငါ ပြောခဲ့တယ်နော်။ နောက်ပြီး နဂါးတွေ့တဲ့ကိစ္စ ရွာထဲမှာ ဘယ်သူ့ကိုမှ မပြောဖို့ မင်းကို ငါ အတန်တန်မှာခဲ့တယ်နော်''ဟု ပြောလေ၏။ ကျွန်တော် ခေါင်းငုံ့လျက်သာ နေနေရသည်။
''ငါကိုယ်တိုင် လက်ညှိထိုးမပြနိုင်တဲ့ အရာကို မင်းက ငါ့ကို သက်သေလာလုပ်ခိုင်းတယ်။ အတော်မိုက်တဲ့ကောင်''
''ကျွန်တော်နဲ့ အဘ နှစ်ယောက်စလုံး နဂါးကို မြင်ခဲ့ကြတာပဲလေ အဘရယ်''
''အခု သူတို့ကိုပြဖို့ ပြစရာမရှိဘူးလေကွာ''
''ဟာ... အဘကလည်း လူကြီးသူမစကားပဲ။ သူတို့ လက်ခံရမှာပေါ့''
''လူကြီးသူမစကားဆိုပေမယ့် ထင်ထင်ရှားရှား မပြနိုင်တဲ့ အမှန်တရားကို တင်းပြည့်ကျပ်ပြည့် ယုံကြမှာမဟုတ်ဘူးကွ။ အဲဒါကြောင့် မင်းပြဿနာထဲက ငါ့ဘာသာ ရုန်းထွက်လိုက်တာပဲ''
''ကျွန်တော် ဆိတ်မတစ်ကောင် ရှုံးသွားပြီ အဘ'' ဟု ကျွန်တော် ညည်းညူစွာ ပြောလိုက်၏။
''နည်းတောင် နည်းသေးတယ်'' ဟု အဘဆိုလေသည်။
တစ်နေ့တွင် အဘနှင့် ကျွန်တော် နဂါးတွေ့ခဲ့သည့်နေရာ၌ ''ဆတ်ကြီးတစ်ကောင် သေနေသည်ကို တွေ့၏။ အဘက ထိုဆတ်သေကြီး၏ပေါင်တံကို မှိန်းဖြင့် ထုတ်ချင်းပေါက်ထိုး၏။ ထိုအပေါက်နှစ်ပေါက်မှာ ခပ်စောင်းစောင်း။ ထိုခပ်စောင်းစောင်းအပေါက်မှနေ၍ ဆတ်ကြီး၏ရင်ညွန့်ကို တိုင်းဆကာ မှိန်းဖြင့် ထုတ်ချင်းပေါက်ထိုးပြန်သည်။ ထို့နောက် ဆတ်ကြီး၏ မေးစေ့မှ နဖူးအထိ ထုတ်ချင်းပေါက်အောင် အထူးအားစိုက်လျက် မှိန်းဖြင့် ထိုးပြန်၏။ အားလုံးပြီးမှ...
''မုဆိုးကြီးတစ်ယောက်က ဆတ်ကြီးတစ်ကောင်ကို သေနတ်နဲ့ တစ်ချက်တည်းပစ်လိုက်တာ ပေါင်ကနေ ထုတ်ချင်းပေါက်ပြီး ရင်ညွန့်ကိုထိ။ ရင်ညွန့်ကနေ ထုတ်ချင်းပေါက်ပြီး ဆတ်ကြီးရဲ့ မေးစေ့ကိုမှန်။ မေးစေ့ကနေတစ်ဆင့် နဖူးကနေ ကျည်ဆန်ဖောက်ထွက်သွားတဲ့ အကြောင်း။
ကျည်ဆန်တစ်တောင့်တည်းနဲ့ ပေါင်ရော၊ ရင်ညွန့်ရော၊ မေးစေ့ရော၊ နဖူးရော၊ ထုတ်ချင်းပေါက် ထိမှန်သွားတဲ့အကြောင်း၊ မင်းကြိုက်တဲ့လူကို သွားပြောလို့ရပြီ။ ငါသက်သေလုပ်ပေးမယ်'' ဟု အဘ ပြောလေ၏။
ထို့ကြောင့် ကျွန်တော်လည်း ရှုံးကြွေးလေးကျေစေရန် ရွာထဲက သူငယ်ချင်းများ၊ ကာလသားကြီးများနှင့် ထိုအကြောင်းကို ပြောဆိုငြင်းခုန် လောင်းကစားဖြစ်ရန် ကြံစည်ရလေ၏။
''အဓိပ္ပာယ်မရှိတာကွာ။ ကျည်တစ်တောင့်တည်းနဲ့ တစ်ကိုယ်လုံးမှန်တာ မဖြစ်နိုင်ပါဘူး''
''ငါတို့က မြင်ရမှ ယုံမှာ''
''ဟိုတစ်ခါလည်း နဂါးတွေ့တယ်ပြောတာ ဒီကောင် မမှတ်သေးဘူး'' စသည်ဖြင့် ထင်မြင်ယူဆချက် အမျိုးမျိုးပြုကြပြီးသည့်နောက် ထုံးစံအတိုင်း အလောင်းကစားပြုဖြစ်ကြလေသည်။ သည်တစ်ကြိမ် လောင်းကြေးကတော့ ကျွန်တော်က ဆိတ်နှစ်ကောင်၊ တစ်ဖက်လူတွေက နွားနှစ်ကောင်။
အစဉ်အလာအတိုင်း အဘ၏ အဆုံးအဖြတ်ကိုသာ အမှန်ယူကြရန်ပင်ဖြစ်၏။ ရွာဦးစေတီအနီး ပုတီးစိပ်နေသော အဘကို တွေ့ကြသည်။ အကျိုးအကြောင်း ပြောပြကြသည်။ ကာလသားခေါင်းကြီးက...
''အဘ ဆတ်တစ်ကောင်ကို ကျည်တစ်တောင့်တည်းနဲ့ ပစ်လိုက်တာ ပေါင်ရော၊ ရင်ညွန့်ရော၊ မေးစေ့ရော၊ နဖူးရော ထိတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား အဘ။ ကျည်ဆန်က နဖူးကတောင် ဖောက်ထွက်သွားတယ်တဲ့။ အဲဒါ အမှန်ပဲလား အဘ'' အဘက...
''ဘယ်သူ ပြောတာလဲ''ဟု မေး၏။
''ဒီကောင်ပြောတာ''
''သူ ပြောတဲ့နေရာ၊ မင်းတို့ သွားကြည့်ကြပေါ့'' အဘ၏ စကားအဆုံးတွင် ဆတ်သေကြီးရှိရာသို့ အပြေးသွားကြ၏။ (တော်ပါသေးရဲ့ ဆတ်သေကြီး ရှိနေပါသေးသည်။)
''ဟာ... ဟုတ်တယ်ဟ။ ဒီမှာ ဒီမှာရော။ ဟာ... ဒီမှာလည်း ထုတ်ချင်းပေါက်။ ဒီမှာလည်း ထုတ်ချင်းပေါက်။ ဟာ... ဒီမှာ နဖူးမှာ ကျည်ထွက်သွားတဲ့အပေါက်''
စသည်ဖြင့် ဤသို့ဖြင့် မည်သည့်အငြင်းအခုန်မျှ မပြုကြတော့ဘဲ။ အလောင်းအစားပြုရာတွင် ကျွန်တော် အနိုင်ရလိုက်ချေတော့သည်။ အနီးအပါးတွင် မည်သူမျှမရှိတော့သည့်အခါကျမှ အဘက-
''လူကြီး သူမ စကားဆိုပေမယ့် လက်ညှိုးထိုးပြစရာ အကောင်အထည်ကြီးရှိမှ လူတွေက ယုံချင်ကြတာကွ'' ဟု ပြောလေ၏။
ထိုအချိန်မှစ၍ ကျွန်တော်သည် အကောင်အထည် မဖော်ပြနိုင်သည့် မည်သည့်အမှန်တရားကိုမဆို မည်သူ့ကိုမျှ မပြောပြဖြစ်အောင် ဆင်ခြင်ဖြစ်ခဲ့သည်။ လူတို့သည် ယုံတမ်းစကားကိုပင် ယုံအောင်ပြောမှ ယုံတတ်ကြလေ၏။
''မနောကောင်းတာကို မမြင်ဘဲ အပြောကောင်းတာလောက်ကိုပဲ သဘောကောင်းတယ် ထင်တတ်ကြတယ်ကွ'' ဟူသော အဘ၏စကားကို စိတ်ဝယ်ထင်ထင် စွဲမြင်လျက်ရှိပါသည်။