ဇာတာခွင်
ကျွန်တော် ၁ဝ နှစ်သားလောက်တုန်းက ကျွန်တော့်အမေက ကျွန်တော့်ကို မန္တလေး ရွာဟိုင်းဈေးဘေးက လမ်းအတိုင်းဆင်းသွားရတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပါတယ်။
''မင်းကို ဇာတာဖွဲ့ပေးမလို့ ဘုန်းကြီးဆီသွားရမယ်''
''ဇာတာက ဘာလဲအမေ''
''ဇာတာက ငါ့သားရဲ့ ဘဝပေါ့ ငါ့သားရယျ''
''ဘဝကို ဘာလုပ်ရအောင်လဲ။ ဘဝက သူ့ဟာသူနေတဲ့ ဥစ္စာ''
''ဘဝက သူ့ဟာသူ နေတာတော့ မှန်တယ်။ ဘဝမှာလည်း အလှည့်အပြောင်းတွေ ရှိတယ်။ ကံတရားတွေ ရှိတယ်။ အဆိုးအကောင်းတွေ ရှိတယ်။ ဘဝရဲ့ ဇာတာခွင်ရှိတော့ ဘုန်းကြီးက မင်းရဲ့ ရှေ့အနာဂတ်ကို ဗေဒင်ဟောပေးလို့ရတယ်။ မင်းက အဆိုးတွေလာမယ်ဆိုရင် ကြိုတင်ရှောင်ပေါ့။ ယတြာချေပေါ့။ အကောင်းလာမယ်ဆိုရင်လည်း ကြိုဆိုပေါ့''
''အခု ဘုန်းကြီးက ကျွန်တော့်ကို ဗေဒင်ဟောမလို့လား။ ကျွန်တော် ဘုန်းကြီးဖြစ်မယ်လို့ ဟောရင်တော့ ဘုန်းကြီးမှားပြီနော် အမေ''
''မင်းက ငယ်ပါသေးတယ်။ အမေတို့ ကံကိုသာ မင်းက ခိုလှုံရဦးမှာပါ။ လောကဓံတရားက မင်းအတွက် ဝေးလွန်းလှပါသေးတယ်။ အခု ဗေဒင်မတွက်သေးဘူး။ နောင်ကြီးလာရင် မင်းကို ဘယ်ဗေဒင်ဆရာကမဆို ဗေဒင်ဟောလို့ရအောင် မင်းရဲ့နက္ခတ်တွေကို ဇာတာဖွဲ့ထားမှာ ငါ့သား''
၁ဝ နှစ်သား ကျွန်တော်ဟာ အမေပြောတာကို သိပ်တော့လည်း မရှင်းလင်းလှပါဘူး။ ဒီလိုနဲ့ပဲ ဘုန်းကြီးကျောင်းကို ရောက်သွားပါတယ်။ ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုရားခန်းရှေ့မှာ ပဆစ်တုပ်ထိုင်ပြီး ဘုရားကို ရှိခိုးဝတ်ပြုရပါတယ်။ ပြီးတော့မှ ဘုန်းကြီးကို ဦးချကန်တော့ပါတယ်။ ကျွန်တော်ကတော့ အမေလုပ်သလို လိုက်လုပ်တာပါ။ ဘုန်းကြီးက-
''ကဲ လျှောက်စမ်း ဘာအတွက်လာတာလဲ''
''တပည့်တော်သားလေးအတွက် ဇာတာဖွဲ့ချင်လို့ပါဘုရား''
''အေး ....ဒကာမသားရဲ့ မွေးသက္ကရာဇ်အပြည့်အစုံ မွေးချိန် မွေးလကို ဒီစာအုပ်မှာ ရေးပေးထားခဲ့''
ဘုန်းကြီးက ဗလာစာအုပ်ကလေးနဲ့ ခဲတံနဲ့ လှမ်းပေးပါတယ်။
အမေက ရေးပါတယ်။ ရေးပေးပြီးတော့ ဘုန်းကြီးကို ပြန်ဆက်ကပ်ပါတယ်။
''အေး ....ရပြီ။ သွားတော့။ ဒီနေ့ကိစ္စပြီးကွယ်ရင် ဆယ်ရက်ပြည့်တဲ့နေ့မှာ တစ်ခေါက်ထပ်လာခဲ့။ သူ့အတွက် ဇာတာကို ထန်းဖူးဇာတာနဲ့ ဖွဲ့ပေးလိုက်မယ်''
''တင်ပါ့ဘုရား။ မှန်လှပါဘုရား''
ဒီလိုနဲ့ပဲ အမေနဲ့ ကျွန်တော်ဟာ မန္တလေး ရွာဟိုင်းဈေးအနောက်ထဲက ဘုန်းကြီးကျောင်းကနေ ပြန်လာခဲ့ကြပါတယ်။
''ဇာတာရတဲ့နေ့မှာမှ ဘုန်းကြီးကို ဝတ္ထုငွေ ငါးကျပ်ကန်တော့ရမယ်'' လို့ အမေက ပြောပြပါတယ်။
ကျွန်တော့်နဲ့ အမေဟာ ဆယ်ရက်ပြည့်တဲ့နေ့မှာပဲ ဘုန်းကြီးရဲ့ရှေ့မှောက်ကို ပြန်ရောက်သွားပါတယ်။ ဘုရားကန်တော့။ ဘုန်းကြီးကိုဦးချ။ ဘုန်းကြီးက ဇာတာလေး တစ်စောင်ကို ကိုင်ထားတယ်။
''ဇာတာဆိုတာ ဂြိုဟ်သွားဂြိုဟ်လာပြက္ခဒိန်ကိုကြည့်ပြီး ဗေဒင်ဟောရတဲ့ ပညာရပ်လို့ခေါ်လည်း ရပါတယ်။ မွေးဖွားချိန်၊ လ၊ နှစ်တို့ကိုအခြေခံပြီး ဂြိုဟ်ခွင်တည်နေပုံကို မှတ်ထားတဲ့ အမှတ်အသားတစ်ခုပါပဲ။ ထန်းဖူးလွှာ ခုနစ်လွှာကိုထပ်ပြီး ဇာတာဖွဲ့ထားတာ။ ထန်းပင်ဆိုတာ အသက်အရှည်ဆုံး မင်္ဂလာအပင် ဖြစ်တယ်။ ဇာတာရှင်အတွက် နိမိတ်ကောင်းကို ဆောင်စေလိမ့်မယ်။ ထန်းပင်ဟာ ၁၂ ရာသီပတ်လုံး အခက်၊ အလက်၊ အညွန့်တွေ ဝေဆာလေ့ရှိတဲ့ ပဒေသာပင်ကြီး ဖြစ်တယ်။ ဇာတာရှင်ရဲ့ ဘဝအတွက်လည်း ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေမယ့်နိမိတ်ကောင်းကို အမြဲဆောင်ပါလိမ့်မယ်။ ထန်းပင်ဟာ အမြစ်က အဖျားအထိ လိုရာသုံးနိုင်တယ်။ ဇာတာရှင်ဟာလည်း အချိန်အခါ နေရာဒေသမရွေး လူအများက အားကိုးထိုက်တဲ့သူဖြစ်မယ်။ ကုသိုလ်အရှိန်အဝါရှိမယ့် နိမိတ်ကောင်းကို ဆောင်စေလိမ့်မယ်။ ထန်းပင်က အပူပိုင်းဒေသမှာ ပေါက်ရောက်တယ်။ နွေ မိုး ဆောင်း ရာသီဥတုဒဏ်၊ လေဒဏ်၊ မိုးဒဏ်ခံနိုင်ရည်ရှိတယ်။ ဇာတာရှင်ဟာလည်း ဘာမဆို ခံနိုင်ရည်ရှိသူ သက်လုံကောင်းသူဖြစ်စေလိမ့်မယ်။ ဇာတာဖွဲ့တဲ့ ထန်းဖူးဟာ ထန်းပင်ပိုင်းဆီက မရနိုင်ဘူး။ ရွေးချယ်ရတယ်။ ဇာတာရှင်ဟာလည်း လက်ရွေးစင်ပုဂ္ဂိုလ်ဖြစ်စေမယ့် နိမိတ်ကောင်းပဲ။ အဲဒီအချက်တွေကြောင့် ဘုန်းကြီးက ထန်းဖူးနဲ့ ဒီဇာတာကို ဖွဲ့ခဲ့တာပဲ။ ကဲ ကဲ လူလေး မင်းလက်နဲ့ခံယူ ကျန်းမာအသက်ရှည်ပါစေ ဉာဏ်ပညာပြီးပါစေ ဟုတ်ပြီလား''
ဘုန်းကြီးက ပေးကမ်းတဲ့ ထန်းဖူးဇာတာကို ကျွန်တော့်လက်နဲ့ လက်ခံရယူရပါတယ်။ ဘုန်းကြီးက ဒီတစ်ခါတော့ စကားကို ရှည်ရှည်မိန့်ပါတယ်။ လိုအပ်လို့ နေမှာပါ။ ထန်းဖူးဇာတာလေးက အဖျားနှစ်ဖက်က အချွန်လေးတွေပါ။ အမေက ဘုန်းကြီးကို ဝတ္ထုငွေ ကပ်လှူပါတယ်။ ဇာတာပေါ်မှာ ကျွန်တော်ဟာ အသက် ၁၂ဝ ရှည်စေသော်ဝ်ပေါ့။