မင်းဘူး(စကု)မြို့ရှိ ရှေးဟောင်းစေတီ ၁၁ ဆူမှ ဆေးရေးပန်းချီ လက်ရာများကို ထိန်းသိမ်းသင့်ဟုဆို
mmtimes.com
|
2020-12-11



မင်းဘူး(စကု)မြို့ရှိ ရှေးဟောင်းစေတီ ၁၁ ဆူမှ ဆေးရေးပန်းချီ လက်ရာများကို ထိန်းသိမ်းသင့်ဟုဆို

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့ရှိ ရှေးဟောင်းစေတီ ၁၁ ဆူမှ ရှေးလက်ရာ နံရံဆေးရေး ပန်းချီများကို ပြန်လည်ပြုပြင်ကာ ထိန်းသိမ်းသင့်ကြောင်း သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဦးဇော်မျိုးဦးထံမှ သိရသည်။

''စကု မြို့ ရှေးဟောင်းဒေသမှာ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားစေတီပေါင်း ၁၁ ဆူရှိပါတယ်။ (၁) ညောင်ရမ်းခေတ်၊ကျောင်းရွာရပ်ရှိ ဘုရားအမှတ် (၁၁)ရုပ်စုံစေတီ၊ (၂) ကုန်းဘောင်ခေတ်၊ဥယျာဉ် ဇင်ကျေးရွာ ရွှေဘုန်းသာဘုရားဝင်းအတွင်းရှိ စေတီ၊ (၃) ကျွဲတဲကျေးရွာအဝင်ရှိ ရွှေတောင်ဦးဘုရား စေတီနှစ်ဆူ၊ (၄) အမရပူရခေတ် ထေရ်ကြီးဘုရားကြီးတောင်ဘက် ဆုတောင်းပြည့်ရုပ်စုံစေတီ တစ်ဆူ၊ (၅) ရတနာပုံခေတ်သမထီးကျေးရွာ ရွာကျမ်းဘုန်းကြီးကျောင်းဝင်းရှိ ရှစ်မျက်နှာစေတီ၊ (၆)ပင်လယ်သက်ကျေးရွာရှိ ရွှေစေတီ၊(၇) သီပေါဘုရင် ပါတော်မူပြီး နောကနှစ်တွင် ရေးဆွဲခဲ့သော စကုမြို့လယ်ရှိ ပုညရှင်ဘုရားဝင်း ဂန္ဓာကုဋီတိုက်၊(၈) ကိုလိုနီခေတ် ထေရ်ကြီးဘုရားအနောက်ဘက် ရုပ်စုံစေတီငယ်၊ (၉)ကိုးနဝင်းဘုရားစုဝင်းရှိ ဂူစေတီ၊ (၁ဝ)စကုမြို့ ဆေးရုံလမ်း အနောက်ဘက်ရှိခြ င်္သေ့လေးဆိုင်စေတီ၊ (၁၁) သမထီးရပ် ဝေဇယန္တာ ဘုန်းကြီးကျောင်းဝင်းရှိသိမ်စေတီတို့မှာ ရှေးဟောင်းနံရံဆေးရေး ပန်းချီလက်ရာများ ရှိပါတယ်''ဟုစကုမြို့နေ သမိုင်းသုတေသီ ဦးဇော်မျိုးဦးက ပြောသည်။

စကုမြို့ ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းစေတီများစွာနှင့်သစ်သားရုပ်စုံကျောင်း၊ နံရံဆေးရေးပန်းချီလက်ရာများ တွေ့ရှိရပြီး စေတီလက်ရာအများစုမှာ အေဒီ (၁၃)ရာစု၊(၁၄) ရာစုခေတ်မှစပြီး အေဒီ(၁၇)ရာစု၊ (၁၈)ရာစု၊ (၁၉)ရာစု လက်ရာများအထိရှိကြောင်း သိရသည်။

''စကုမြို့ ကျောင်းရွာရပ်ရှိ ဘုရားအမှတ် (၁၁) ရုပ်စုံစေတီမှ နံရံဆေးရေး ပန်းချီလက်ရာတွေက ထုံးသုတ်ခံထားရတယ်။ ကျွဲတဲကျေးရွာရှိ ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီတွေ၊မင်စာများရှိတဲ့ စေတီတော်မှာ အမိုးအက်ကွဲကြောင်းတွေက မိုးရေစီးကျနေပါတယ်။ အမရပူရခေတ် ဆုတောင်းပြည့် ရုပ်စုံစေတီမှ နံရံဆေးသားများကောင်းမွန်သေးပေမဲ့ နံရံအင်္ဂတေအချို့ ကွာကျနေပါတယ်။ အဲဒီစေတီအပေါ်တန်းမှာ နှစ်ကျိပ်ရှစ်ဆူနဲ့ လက်ဝဲရံ၊ လက်ယာရံများ၊ အလယ်တန်းမှာဗျာဒိတ်ခံယူပုံများ၊ အောက်တန်းမှာတောထွက်ခန်း၊ စေတီဝင်ပေါက် သုံးဘက်မှာ ငရဲကျခံနေပုံများကို ရေးချယ်ထားပါတယ်။ နံရံဆေးရေးပန်းချီရှိတဲ့စေတီတော်အများစုကို အချိန်မီ ပြုပြင်ထိန်းသိမ်းသင့်ပါတယ်''ဟု ဦးဇော်မျိုးဦးက ပြောသည်။


#စေတီ
#ဆေးရေးပန်းချီ
#နံရံ
#ရှေးဟောင်း
#လက်ရာများ

Some text some message..