နဂိုမူလဟန်မပျက်လေတဲ့ သွဲ့ညှင်းဘဝင်အလွမ်းတစ်စနဲ့ ဘွဲ့နှင်းသဘင်ခန်းမ
mmtimes.com
|
2020-12-16



ဓာတ်ပုံ-ဉာဏ်ဇေထက်

နဂိုမူလဟန်မပျက်လေတဲ့ သွဲ့ညှင်းဘဝင်အလွမ်းတစ်စနဲ့ ဘွဲ့နှင်းသဘင်ခန်းမ

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမထက်ကနေ မျှော်ကြည့်လိုက်ရင် အခုံးပုံသဏ္ဌာန် ပြတင်းပေါက်ကြီးသုံးခုနဲ့ တည်ငြိမ်ခံ့ညားမှုအသွင်ဆောင်နေတဲ့ ဘွဲ့နှင်းသဘင် အဆောက်အအုံဟာ နှစ်ရှည်ကြာပညာသင်ကြားပြီးလို့ အောင်ပွဲဆင်နွှဲမယ့် ကျောင်းသားမောင်မယ်များရဲ့ ဆုံမှတ်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန် ဗိသုကာလမ်းညွှန် (Architectural Guide Yangon) ဝက်ဘ်ဆိုက်မှာ ဘွဲ့နှင်းသဘင်ခန်းမကို ၁၉၂၇ ခုနှစ်မှာ တည်ဆောက်တယ်လို့ ရေးသားထားပါတယ်။ ခန်းမထဲမှာ လျှပ်စစ်မီးမထွန်းဘဲနဲ့ သဘာဝအလင်းရောင်နဲ့ လင်းထိန်နေအောင် ဘွဲ့နှင်းသဘင်ခန်းမရဲ့ မျက်နှာကြက်အလယ်ကောင်မှာ မှန်ကွက်နဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ ထိုခေတ်က ရန်ကုန်မြို့ပေါ်က အဆောက်အအုံတော်တော်များများကို ဒီဇိုင်းဆွဲခဲ့တဲ့ ဗိသုကာ Thomas Oliphant Foster ကပဲ ဘွဲ့နှင်းသဘင်ခန်းမရဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမဟာ နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားများ ဘဝမှတ်တိုင်စိုက်ထူရာ နေရာဖြစ်သလို အဆောက်အအုံအတွင်းပိုင်း၊ မျက်နှာစာက ပြတင်းပေါက်ကြီးသုံးခုနဲ့ ဆင်ဝင်အောက်ကလွဲရင် ကျန်နေရာတွေကို ဆေးမသုတ်ထားတဲ့ ရိုးရှင်းမှုဟာလည်း အယူသည်းမှုတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ထင်မြင်ကြတာလည်း ရှိပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမ အပြင်ဖက်ကို ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၇၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်မှာ တစ်ကြိမ် ဆေးသုတ်ခဲ့ပြီး ဆေးသုတ်ခဲ့တဲ့နှစ်တွေမှာ ဆဲဗင်းဇူလိုင်ကျောင်းသားအရေးအခင်း၊ ဦးသန့်အရေးအခင်းနဲ့ ၈၈ အရေးအခင်းတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ဆေးမသုတ်တော့တာလို့ ဝက်ဘ်ဆိုက်တချို့မှာ ရေးသားဖော်ပြကြပါတယ်။

ဘွဲ့နှင်းသဘင် အဆောက်အအုံမူလပုံစံဟာလည်း စတင်တည်ဆောက်ကတည်းက ဆေးသုတ်ထားခြင်းမရှိတဲ့အတွက် အဆောက်အအုံကို ဆေးသုတ်ခြင်းမပြုဘဲ ရှေးမူမပျက်ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ပြောပါတယ်။

''ဘွဲ့နှင်းသဘင်ခန်းမက အမွေအနှစ်အဆောက်အအုံ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ရှေးဟောင်းအဆောက်အအုံတွေဆို မူလလက်ရာမပျက်ဘဲ ထိန်းသိမ်းပါတယ်။ မူလလက်ရာဘွဲ့နှင်းသဘင်မှာလည်း ဆေးမသုတ်ထားပါဘူး။ အမွေအနှစ်အဆောက်အအုံရဲ့ သဘာဝအရောင်ကိုသာ အများကလိုလားကြပါတယ်'' လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာသောင်းထိုက်က ပြောပါတယ်။

''အစဉ်အဆက်ကလည်းဆေးမသုတ်ပါဘူး။ ဆေးသုတ်မှ လှမယ်လို့ ယူဆတဲ့အချိန်မှာ ဆေးသုတ်တဲ့အချိန်နဲ့ ဒါမျိုးတိုက်ဆိုင်လို့ အယူသည်းမှုတွေရှိနေတယ်ဆိုတာ ကျွန်တော်လည်း ကြားသိဖူးပါတယ်'' လို့ သူက ပြောပါတယ်။

အမွေအနှစ်အဆောက်အအုံ စံနှုန်းအရ ဆေးသုတ်ဖို့ မသင့်လျော်သလို ဆေးသုတ်မယ်ဆိုရင်လည်း အမွေအနှစ်စံနှုန်းနဲ့ ကိုက်ညီတဲ့ဆေးမျိုးသုတ်မှရမယ့် အဆောက်အအုံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

''နိုင်ငံတကာမှာလည်း ဒါမျိုးအဆောက်အအုံတွေကို သဘာဝအတိုင်းပဲ မွမ်းမံတယ်။ ဥပမာပြောရရင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဘုရားတွေကို ဆေးမသုတ်ပါဘူး။ မူလလက်ရာအတိုင်း ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မူလလက်ရာအတိုင်း ထိန်းသိမ်းထားတာဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။

ဘွဲ့နှင်းသဘင်အဆောက်အအုံကို စတင်တည်ဆောက်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖြစ်တဲ့အတွက် သီးခြားကိုယ်ပိုင် ဘတ်ဂျက်နဲ့ လည်ပတ်ခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်အဆောက်အအုံကို အလှူရှင်တွေရဲ့ အလှူငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပဗိသုကာလက်ရာလည်း ဖြစ်ပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမနဲ့ သဟာရခန်းမထဲကနေ အပေါ်ကိုမော့ကြည့်လိုက်ရင် ရောင်စုံမှန်ကွက်တွေကို တွေ့ရပါတယ်။ မီးပိတ်ထားလည်း အလင်းရောင်ရနေအောင် ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံရဲ့ မူလအမိုးဟာ အနောက်ဘက်ကို လျောဆင်းသွားတဲ့ လှေခါးထစ်အမိုးပုံသဏ္ဌာန် ဖြစ်ပါတယ်။

''နှစ်ကာလကြာမြင့်လာတဲ့အခါ ခေါင်မိုးကမိုးယိုစိမ့်တော့ မနိုင်နင်းတဲ့အတွက် အမိုးအုပ်တယ်လို့ ကြားသိရပါတယ်။ ရှေးဟောင်းနည်းပညာနဲ့ ထိန်းသိမ်းဖို့အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အကြံဉာဏ်ကိုယူပြီး ဆက်ထိန်းသိမ်းပါတယ်'' လို့ ဒေါက်တာသောင်းထိုက်က ပြောပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမရဲ့ အတွင်းပိုင်း၊ ရှေ့ဆင်ဝင်အောက်တွေကို ဆေးသုတ်ပြီး မျက်နှာစာကို ဆေးမသုတ်တာဟာ အစဉ်အလာလို ဖြစ်သွားတယ်လို့ သမိုင်းပညာရှင် ဒေါက်တာဦးသော်ကောင်းက ပြောပါတယ်။ ဆရာကြီး ဦးသော်ကောင်းဟာ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ကနေ စာကြည့်တိုက်မှူးအဖြစ် ၁၉၉၇ ခုနှစ်မှာအငြိမ်းစားယူခဲ့ပါတယ်။

''ဆေးမသုတ်ဘဲထားတာကတော့ ကြာပြီပေါ့။ ဆေးမသုတ်တာက အစဉ်အလာလိုဖြစ်သွားတယ်'' လို့ သူက ပြောပါတယ်။

၁၉၈ဝ ပြည့်နှစ်ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်ကနေ ပညာရေးဘွဲ့ရခဲ့တဲ့ ဒေါ်စန်းစန်းဦးကတော့ သူကျောင်းတက်စဉ်ကာလမှာ ဘွဲ့နှင်းသဘင်အဆောက်အအုံအပြင်ဘက်ကနေ ငြမ်းတွေဆင်ပြီး အလုပ်သမားတွေက အဆောက်အအုံကိုပြင်ကြတာ မြင်ဖူးပေမယ့် ဒီလိုတိုက်ဆိုင်မှုမျိုးကိုတော့ ကိုယ်တိုင်မကြုံတွေ့ခဲ့ရပါဘူး။

''သမိုင်းမှာတော့ ဒီလိုအရေးအခင်းတွေက တကယ်ဖြစ်သွားတာဆိုပေမယ့် ဆေးသုတ်တဲ့အချိန်နောက်မှာ ဖြစ်ပွားတယ်ဆိုတာကိုတော့ ကိုယ်တိုင်ကလည်းမကြုံဖူးတော့ ဒီနှစ်ခုကို မဆက်စပ်မိဘူး'' လို့ သူက ပြောပါတယ်။

မည်သို့ပင် အယူသည်းမှုများရှိနေပါစေ အဟိတ်အဟန်ကြီးလှတဲ့ ဘွဲ့နှင်းသဘင်ခန်းမကို ကျောင်းသားကျောင်းသူတွေ တန်ဖိုးထားပုံကတော့ ရှေးတုန်းကလို မလျော့လှပါဘူး။ စာရေးဆရာကြီး ဇဝနရဲ့ ''ကောလိပ်ကျောင်းသား'' ဝတ္ထုရှည်ကြီးထဲမှာ ဘွဲ့နှင်းသဘင်ခန်းမမှာ ဘွဲ့ယူတော့မယ့် ကျောင်းသူ ကျောင်းသားများရဲ့ စိတ်အားထက်သန်မှုကို အခုလိုရေးဖွဲ့ခဲ့ပါတယ်။

''ထိုနေ့သည်ကား တက္ကသိုလ်ကျောင်းတော်ကြီးတွင် ဘွဲ့နှင်းသဘင် ကျင်းပမည့်နေ့ကြီးပေတည်း။ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ အစရှိသော ဘွဲ့ထူးများကို အပ်နှင်းခံရမည်ဖြစ်သော ကျောင်းတော်သူ၊ ကျောင်းတော်သားတို့မှာ ကျောင်းဆောင်အသီးသီးရှိ မိမိတို့ ခင်မင်ရင်းနှီးရာ မိတ်ဆွေများ၏ အခန်းထဲတွင် ပျော်ရွှင်ရယ်မောကာ ဝတ်စားဆင်ယင်လျက်ရှိသည်ကို တွေ့ကြရပေ၏။ ခေါင်းပေါင်း မပေါင်းတတ်၊ ပေါင်းတတ်နှင့် ပေါင်း၍နေသည်ကို အခြားကျောင်းသားများက ဝိုင်းဝန်းနောက်ပြောင်နေကြသည်မှာ တပျော်တပါးကြီးပင် ဖြစ်ပေ၏။ ဆရာပေါက်စဖြစ်သော မိတ်ဆွေများမှာ ခေါင်းပေါင်းခြင်း၌ အတော်အတန် ကျွမ်းကျင်နေကြပြီဖြစ်သဖြင့် ၎င်းတို့ထံသို့လာ၍ ခေါင်းပေါင်း ပေါင်းခိုင်းသူများမှာ ထပ်မနား ဖြစ်ပေတော့၏'' လို့ ရေးသားထားပါတယ်။

ကောလိပ်ကျောင်းသား ဝတ္ထုရှည်ကြီးထဲကလိုပဲ အခုခေတ် ကျောင်းသား ကျောင်းသူတွေမှာ ထပ်တူတဲ့ ခံစားမှုရှိနေဆဲ ဖြစ်ပါတယ်။

''ဘွဲ့နှင်းသဘင်ရဲ့အပြင်ကို ဆေးမသုတ်ရတဲ့ အကြောင်းအရင်းမျိုးကိုလည်း ကျွန်မ အလွန်ပဲ စိတ်ဝင်စားတယ်။ အဲဒီ ဆေးမသုတ်ထားတဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးရဲ့ ရှေ့မှာမတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်ရတာ၊ ထိုင်စရာနေရာလေးတွေမှာ ထိုင်နေရတာနဲ့ အဓိပတိလမ်းမကြီးကနေ ဘွဲ့နှင်းသဘင်ကို မျက်နှာမူပြီး လမ်းလျှောက်လာရတာဟာ ကိုယ့်ကိုယ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ယောက်အဖြစ် ပြည့်စုံသွားတယ်လို့ ခံစားမိတယ်'' လို့ ၂ဝ၁၇ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ နှစ်ကြိမ်ဘွဲ့ယူခဲ့တဲ့ မခင်ဇာလီက ပြောပါတယ်။


#ဘွဲ့နှင်းသဘင်
#ခန်းမ
#အဆောက်အအုံ
#အမွေအနှစ်
#လက်ရာ

Some text some message..