ဆုတောင်း....ဆုတောင်း
''တချို့ကောင်လေးတွေ ကောင်မလေးတွေရဲ့ စကားသံက ဘာကြောင့် ညောင်နာနာ ဖြစ်နေရတယ် အဘ'' ဟု အဘကို ကျွန်တော် မေးမိသည်။
အဘက ''ကိုယ်နေဟန်ထားတွေကရော ခနိုးခနဲ့ ကွတတ ယိုင်တိုင်တိုင်လေးတွေ မဟုတ်ဘူးလား'' ဟု အဘ ပြောလေ၏။
''သြော်... ဟုတ်တယ် ဟုတ်တယ်'' ဟု ကျွန်တော် ဖြေလိုက်သည်။ အဘက...
''မင်းက အသံလောက် သတိထားမိတာကိုးကွ''ဟု ပြော၏။ ထိုအခါကျမှ ကျွန်တော်က...
''စကားသံတွေက ဋ္ဌာန်၊ ကရိုဏ်း မမှန်သလိုပဲ အဘ။ နှာခေါင်းသံလေးနဲ့ ပြောနေသလိုလို ဗလုံးဗထွေး ပြောနေတာလိုလို။ အပြေးအလွှား ပြောနေသလိုလို။ ပြီးတော့ စကားပြောနေချိန်မှာ ကိုယ်နေဟန်ထားတွေက ခိုင်ခိုင်မတ်မတ် မရှိသလိုလိုပဲ အဘ'' အဘက သံဝေဂကြီးစွာသော လေသံဖြင့်...
''မခြွင်းမချန် ပြောပြရရင် အကုန်ပျက်နေတာကွ။ ဂါရဝဆိုတာ ဘာမှန်းမသိ။ သစ္စာဆိုတာ ဘာမှန်းမသိ၊ မေတ္တာဆိုတာ ဘာမှန်းမသိ၊ ကရုဏာဆိုတာ ဘာမှန်းမသိ စသဖြင့်ပေါ့ကွာ။
အရာရာ ပျက်နေပါပြီဆိုမှတော့ စကားသံတွေလည်း အသံနေအသံထား ဘယ်မှန်ပါတော့မလဲ။ အော်တတ်၊ ဟစ်တတ်ရုံလောက်ကို အဆိုတော်လို့ သတ်မှတ်နေကြရပြီ မဟုတ်လား'' ကျွန်တော် သက်ပြင်းချမိသည်။ အဘက...
''မင့် မေးပါရစေဦး''
''ဟုတ်ကဲ့ မေးပါအဘ''
''ငါတို့ ငယ်စဉ်က စကားပြောပုံ၊ ဆိုပုံတွေနဲ့ မင်းတို့ စကားပြောပုံ ဆိုပုံတွေနဲ့ရော တူလို့လားကွ''
''အဲ... မတူဘူး အဘ။ အဘတို့ခေတ် စကားပြောပုံတွေက ရိုးရိုးကြီးတွေ။ ဒါပေမဲ့ အသံတွေက အားရှိတယ်''
''မင်းတို့ ခေတ်ကျတော့ကော'' ကျွန်တော်က အနည်းငယ် စဉ်းစားပြီးမှ...
''ကျွန်တော်တို့ ခေတ်ကျတော့ စကားပြောတွေ သွက်လက်လာတယ်။ အသံနေ အသံထားက မှန်တဲ့လူ၊ နည်းနည်း နည်းလာတယ်အဘ။ အသံအားတော့ မလျော့ကြပါဘူး''
''အခုခေတ်ကျတော့ရော''
''ဘယ်အသံက အာခေါင်နဲ့ ပြောရမယ် ဘယ်အသံက နှုတ်ခမ်းပိတ် ပြောရမယ်။ ဘယ်အသံက လျှာနဲ့ အာနဲ့ထိပြီး ပြောရမယ်ဆိုတာမျိုး မသိကြတော့ဘူး အဘ။ ဘယ်စကားသံကို အသံ ဘယ်လိုနှိမ့်ပြောရမယ်။ ဘယ်စကားသံကို အသံရှည်နဲ့ပြောရမယ်။ ဘယ်အခါ မြှင့်ပြောရမယ်ဆိုတာတွေလည်း မသိကြတော့ဘူး။ အခုန အဘပြောသံလို အကုန်ပျက်ကုန်ပြီထင်ပါရဲ့ အဘရယ်''
''အသက်တွေလည်း တိုမကုန်ဘူးလားကွာ'' ဟု အဘ မေးပြန်သည်။ ကျွန်တော် ခေါင်းတညိတ်ညိတ်ဖြင့်သာ ဖြေလိုက်ရတော့၏။
''အဲဒါ ဘာကြောင့်။ ဘာအကြောင်းကြောင့်များလဲ အဘရယ်'' ကျွန်တော် သိလိုစွာမေး၏။ အားကိုးတကြီး သိလိုသည်။
''ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေ ပျက်ကုန်လို့ပေါ့ကွာ။ ကံကြောင့်၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်လို့ လေးပါးစလုံး အကြောင်းကြောင့်လို့ပြောရင် မှတ်သားရတာများပါတယ်ကွာ။ တစ်ခုတည်းအကြောင်း ပြောရအောင်။ အာဟာရတစ်ခုတည်းကိုပဲ အပြစ်ရှာကြရအောင်''
''ဟုတ်ကဲ့ အဘ''
''ငါတို့ ငယ်စဉ်က စားခဲ့ကြရတဲ့ အစာအာဟာရတွေနဲ့ မင်းတို့ငယ်ငယ်က စားခဲ့ကြတဲ့ အစာအာဟာရ တူသလား။ မင်းတို့ငယ်စဉ်က စားခဲ့ကြတဲ့ အစာအာဟာရတွေနဲ့ ဒီခေတ်ကလေးတွေ စားနေကြရတဲ့ အစာအာဟာရ တူသလား''
''မတူပါဘူး အဘ''
''အကျဉ်းပြောရရင် ငါတို့ငယ်စဉ်က ပဲပြုတ်လောက် စားခဲ့ကြရတာ။ မင်းတို့ငယ်စဉ်က ဘိန်းမုန့်လောက် စားခဲ့ကြရတာ။ နောက်တော့ အီကြာကွေးတို့၊ ပေါက်စီတို့ စသဖြင့်ပေါ့ကွာ။ တိုးလာ၊ များလာကြတာ။ အခုခေတ်ကျတော့ ဘာမှန်းမသိတဲ့ အသားငါးတွေကို ဘာမှန်းမသိတဲ့ နည်းတွေနဲ့ ချေမွှတုံးခဲပြီး ကြော်စားနေကြတာ မဟုတ်လား''
''ဟုတ်ပါတယ် အဘ''
''အစားစုံပြီလေကွာ။ အပျက်စုံပြီပေါ့'' ဟုတ်မှန်သော စကား။ ငြိမ်သက်နာယူရချေသည်။
''အာဟာရ အကြောင်းတစ်ခုတည်းဆိုပေမယ့် အဲဒီအာဟာရထဲမှာကို အကြောင်းချင်းရာတွေ အများကြီးပဲကွ။ ဉာဏ်ကူပြီးသာ နားထောင်ပေတော့''
''ဟုတ်ကဲ့ အဘ''
''နေဆီကလည်း အာဟာရလာတယ်။ လေဆီကလည်း အာဟာရလာတယ်။ အစားအစာဆီကလည်း အာဟာရလာတယ်။ အာဟာရဆိုလို့ ပါးစပ်ထဲထည့်တာ တစ်မျိုးတည်းကိုပဲ အာဟာရလို့ မထင်နဲ့။ လူပုဂ္ဂိုလ်ဆီကလည်း အာဟာရလာတယ်။ ကြမ်းတမ်းတဲ့ မိသားစုဆီက ကြမ်းတမ်းတဲ့အာဟာရ ကူးတတ်တယ်။ ဥပမာ- မူးယစ်ရမ်းကားနေတဲ့ အုပ်ထိန်းသူတွေဆီက စိတ်သိမ်ငယ်ညစ်ညူးတဲ့ အာဟာရပဲရမယ်။ ကာမေသုမိစ္ဆာစာရကံတွေ ကျူးလွန်နေကြတဲ့ အရပ်ဒေသက ထုတ်လွှင့်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ၊ အဝတ်အဆင်တွေဆီက ကျူးလွန်မှုကြောင့်ဖြစ်စေတဲ့ ကံအာဟာရတွေပဲ ရမယ်။ သူတစ်ပါး ဇနီး၊ ခင်ပွန်း ပြစ်မှားတာ တစ်ခုတည်းကိုပဲ ကာမေသုမိစ္ဆာစာရကံလို့ ထင်နေကြရှာတယ်။ ဖော်တာချွတ်တာ အပါအဝင် ရာဂကို လှုံ့ဆော်တာအားလုံး ကာမေသုမိစ္ဆာပဲ။ လူပျိုလေးပင် ဖြစ်ပါစေ။ အပျိုစင်လေးပင်ဖြစ်ပါစေ။ သူ့မှာ အုပ်ထိန်းသူရှိနေရင် သူ့ကိုပြစ်မှားတဲ့ မည်သူမဆို ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တာပဲ။ ဒါကို တချို့က သူများသားမယားမဟုတ်ရင် ကံမမြောက်ဘူးလို့ ထင်နေကြရှာတယ်။ ထားတော့။ အဲဒီဟာတွေ အကြည့်များတဲ့ လူတွေရဲ့စကားသံ ညောင်နာနာဖြစ်နေမှာ အမှန်ပဲ။ အဲဒါ ပြောချင်တာ။ ဒေါသကြီးတဲ့ နိုင်ငံက ဒေါသသင့်တဲ့အသံတွေ ကူးမှာပဲ။ ရိုးရိုးလေး ပြောရရင်ကွာ။ ဒီနိုင်ငံထဲ စကားပြောရင် လျှာမထိ အာမထိပြောတဲ့ လူမျိုးတွေရဲ့ အသံတွေ လွှမ်းမိုးနေသမျှ ကိုယ့်လူမျိုးတွေ စကားပြောတဲ့အခါ အဲဒီလို လျှာမထိ အာမထိ ဖြစ်နေကြမှာပဲ။ ဒါ လူပုဂ္ဂိုလ်ဆီကရတဲ့ အာဟာရလို့ မှတ်ထားပေတော့''
''ဟုတ်ကဲ့ အဘ''
''လူပုဂ္ဂိုလ် ဥတုဘောဇဉ်တွေဆီကရတဲ့ အာဟာရအမှားတွေကြောင့် တခြားအယွင်းအမှားတွေ အသာထား။ မြန်မာစကားကိုတောင် နိုင်ငံခြား လေယူလေသိမ်းတွေနဲ့ ပြောနေကြတယ် မဟုတ်လား''
''ဟုတ်တယ် အဘ၊ ဟုတ်ပါတယ်''
''ကြမ်းတမ်းတဲ့နေထု၊ ကြမ်းတမ်းတဲ့လေထုဆီက ကြမ်းတမ်းတဲ့ အာဟာရပဲ ရလိမ့်မယ်လို့ မှတ်ထားပေတော့။ ကြမ်းတမ်းတဲ့ အစာအာဟာရတွေဆီက ကြမ်းတမ်းတဲ့ ဓာတ်တွေပဲရမယ်လို့ မှတ်ထားပေတော့။ ကံ,ကံ၏အကျိုးဆိုတာကို ဘာမှန်းမသိတဲ့ နေရာတွေက လာတဲ့အရာတွေကို လက်ခံနေကြသမျှ လက်ခံသူတွေရဲ့ ကံတွေ ကြမ်းနေကြမှာပဲ'' ကြမ်းတမ်းတဲ့ ကမ္ဘာဟုပင် စိတ်မှ ရေရွတ်မိချေသည်။
''ကိုယ့်အနီးစပ်ဆုံးကိစ္စပဲ ပြောကြည့်ရအောင်ကွာ။ ငါတို့က ထမင်းစားကြတယ် မဟုတ်လား။ ထမင်းဖြစ်ဖို့ ဆန်ဖြစ်ဖို့ စပါးစိုက်ကြရတယ်လေ။ စပါးစိုက်တဲ့လူတွေက လူအများ စားသုံးနိုင်ကြပါစေဆိုတဲ့ စိတ်နဲ့စိုက်တာလား၊ ငါ့လယ် အထွက်တိုးပါစေဆိုတဲ့ စိတ်ထားနဲ့ စိုက်တာလား။ များများထွက်ပါစေဆိုတဲ့ စိတ်မျိုးနဲ့ စိုက်ပျိုးမိတယ်ဆိုပါတော့ကွာ။ အဲဒီဆန်စပါးထဲ လောဘပါလာပြီကွ။ စိုက်ခင်း ပိုးကျမှာစိုးလို့၊ ပိုးကျလို့၊ ပိုးသတ်ဆေး ဖျန်းပစ်လိုက်တယ်ကွာ။ အဲဒီဆန်စပါးထဲ ဒေါသ ပါလာပြီကွ။ ငါတို့ဒေသကထွက်တဲ့ အမျိုးအစားကမှ သင်းပျံ့မွှေး၊ တောင်ပျံမွှေးကွဆိုတဲ့ စိတ်ကလေးတွေ ထားမိတယ်ဆိုပါတော့ကွာ။ အဲဒီဆန်စပါးထဲ မာနတွေပါလာပြီကွ။ ထမင်းတစ်မျိုးတည်း၊ ဆန်စပါး တစ်မျိုးတည်းမှာတင် အဲဒီလောက်ပါလာရင် တခြားအသီးအနှံ၊ တခြားအသားငါး၊ တခြားအသုံးအဆောင်တွေမှာရော လောဘ၊ ဒေါသ၊ မာနတွေ ဘယ်လောက် ပါလာမလဲ။
အဲဒါတွေဆီကရတဲ့ အာဟာရကရော ကြည်ကြည်လင်လင် သန့်သန့်ပြန့်ပြန့် အားအင်ပြည့်ဖြိုး ကောင်းမြတ်တဲ့ ဓာတ်တွေ တိုးနိုင်ပါ့မလား'' ကျွန်တော် မည်သည့်စကားမျှ ဝင်မထောက်နိုင်ချေ။ အတန်ကြာစဉ်းစားပြီးမှ...
''အနည်းဆုံးတော့ ကိုယ့်ဆီရောက်လာမယ့် အစာအာဟာရကို မှန်မမှန်၊ ကောင်းမကောင်း၊ သင့်မသင့် ချင့်ချိန်ပြီး မူမမှန်တဲ့အစားအစာကို ရှောင်ရမှာပေါ့နော်'' ဟု အဘကို ကျွန်တော်မေးလိုက်၏။ အဘက...
''မင်းရှောင်နိုင်ရင် ခဏပေါ့ကွ။ ဖန်တီးသူတွေရှိနေသမျှ မင်းရဲ့ ရှောင်တိမ်းနည်းက ယာယီပဲလွတ်ကင်းနိုင်မယ်။ စိုက်မယ့်၊ ပျိုးမယ့်လူတွေ၊ ဖြန့်ဖြူးကြမယ့် လူတွေမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ နည်းနိုင်ကြပါစေလို့ အစာစားတိုင်း အသုံးပြုတိုင်း နှလုံးမူမိတဲ့အချိန်တိုင်း ဆုတောင်းနေပေတော့''
''အဲဒီနည်းပဲ ရှိတာလား အဘရယ်''
''ဒီလို ဟိုလို မဆောင်ရွက်ကြပါနဲ့။ ဒီစိတ် ဟိုစိတ်တွေထားပြီး မဖြန့်ဖြူးကြပါနဲ့လို့ မင်း လူဘယ်နှစ်ယောက်ကို တားနိုင်မှာတုန်းကွ''
''အာဏာပိုင်တွေတောင် မတားနိုင်ပါဘူးအဘ''
''အေး... သူတော်ကောင်းစိတ်နဲ့ အာရုံပြုအဓိဋ္ဌာန်ပြီး ဆုတောင်းပေးနေပေတော့။ ကိုယ်တိုင်က သီလ၊ သမာဓိအပြည့်နဲ့ ဆုတောင်းပေးနေတာဟာ ကရုဏာနဲ့ယှဉ်သော ပညာပဲကွ။ အဲဒီလို ကရုဏာနဲ့ယှဉ်တဲ့ ပညာဉာဏ်နဲ့ ဆုတောင်းဖန်များလာရင် ကာယကံရှင်တွေဆီ အသိတရား ကူးစက်ရောက်ရှိသွားပြီး ဆင်ခြင်နိုင်ကောင်းပါရဲ့ကွာ။ တကယ်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတာတွေဟာ တစ်ခုကိုတစ်ခု ထောက်ပံ့သဟဲပြုနေကြတာဆိုတော့ စကားသံတွေတင် ပျက်နေတာ မဟုတ်ဘူး။ ကံရော၊ စိတ်ရော၊ ဥတုရော အကုန်ပျက်နေကြတာကွ။ အကုန်၊ အကုန်ဆိုတော့ကား...
''ဘယ်သူ့ကိုမှ ဘာမှ အပြစ်တင်မနေပါနဲ့တော့ကွာ။ ကိုယ့်စိတ်၊ ကိုယ့်အာဟာရကို သတိနဲ့မွမ်းမံပြီး ပင်မဖြန့်ဖြူးသူများ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ နည်းကြပါစေ၊ နည်းနိုင်သမျှ နည်းကြပါစေလို့သာ အချိန်တိုင်း ဆုတောင်းနေကြပေတော့ဟေ့'' ထိုအချိန်မှစ၍ ကျွန်တော် အချိန်တိုင်းဆုတောင်းနေမိပါတော့၏။