ပန်းချီဆရာ ဦးလာဘန်း၏ ရေဆေးပန်းချီကားများ။ ဓာတ်ပုံများ-ဦးစိုးမင်းထွန်း
သဘာဝပုံရိပ်များရဲ့ဖမ်းစားခြင်းခံရတဲ့ ကိုလိုနီခေတ်ပန်းချီဆရာ
သက်ရှိထင်ရှားရှိစဉ်က လူသိမများခဲ့ပေမယ့် သူတို့ရဲ့ အနုပညာလက်ရာတွေဟာ နာမည်ကြီး ပန်းချီဆရာတွေရဲ့ လက်ရာတွေနဲ့ ယှဉ်တွဲတွေ့ရတတ်ပြီး ပန်းချီစုဆောင်းသူတွေ စိတ်ဝင်တစားရှိနေဆဲ ကိုလိုနီခေတ် မြန်မာပန်းချီဆရာတချို့ရှိပါတယ်။
ဂြိုဟ်တုနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ အသက် ၆ဝ အရွယ် ဦးစိုးမင်းထွန်းဟာ ပန်းချီကားစုဆောင်းရတာကို ဝါသနာပါသူဖြစ်ပါတယ်။ သူက ပန်းချီသမိုင်းကို စိတ်ဝင်စားသူလည်းဖြစ်ပါတယ်။
သူဟာ ပန်းချီအနုပညာအကြောင်းကို မြန်မာပြည်မှာ အထက်တန်းကျောင်းတက်စဉ်နဲ့ ပြင်သစ်နိုင်ငံမှာ အနည်းအကျဉ်း တို့ထိလေ့လာခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့အဒေါ်ဖြစ်သူ ဒေါ်သန်းသန်းအုန်း (တီနာအုန်း) ဟာ ၁၉၆ဝ ပြည့်နှစ်နဲ့ ၁၉၇ဝ ပြည့်နှစ်တွေက ပန်းချီဆရာများဖြစ်ကြတဲ့ ပေါ်ဦးသက်နဲ့ ဦးစိုးတင့်တို့ကို ကောင်းစွာသိသူဖြစ်ပြီး သူ့အဒေါ်ကြောင့်ပဲ သူဟာ မြန်မာပန်းချီဆရာတွေအကြောင်းကို ဆက်ပြီးလေ့လာဖြစ်ခဲ့ပါတယ်။
ယူကေမှာပြုလုပ်တဲ့ လေလံပွဲများမှာ ဦးစိုးမင်းထွန်းဟာ ကိုလိုနီခေတ်က ရေဆေးပန်းချီကား နှစ်တွဲကို ရခဲ့ပါတယ်။ အများစုက မြန်မာပြည်မှာအခြေချခဲ့တဲ့ ဗြိတိသျှလူမျိုးတွေက စုဆောင်းထားတာဖြစ်နိုင်ပြီး အံဆွဲနဲ့ သေတ္တာတွေထဲမှာ ဘောင်မခတ်ဘဲ သိမ်းဆည်းထားတာတွေဖြစ်ပါတယ်။
နာမည်ကျော် မြန်မာပန်းချီဆရာတွေဖြစ်တဲ့ ဦးထွန်းလှနဲ့ ဆရာဆောင်တို့ရဲ့ ပန်းချီကားများနဲ့အတူ လာဘန်းလို့ လက်မှတ်ရေးထိုးထားတဲ့ ပန်းချီဆရာကြီး ဦးလာဘန်းရဲ့ လက်ရာများလည်း ပါနေခဲ့ပါတယ်။ ပန်းချီဆရာကြီး ဦးလာဘန်းရဲ့ ပန်းချီကားတွေဟာ မြစ်များ၊ လှေငယ်များ၊ ဘုရားများနဲ့ ကျေးရွာများရဲ့ အလှအပကို ရေးဆွဲထားတာဖြစ်ပါတယ်။
''ကျွန်တော်နေတဲ့ နေရာအနီးမှာတောင် ပန်းချီဆရာကြီး ဦးလာဘန်းရဲ့ ပန်းချီကားနှစ်ကားကို တွေ့ခဲ့ရပါတယ်။ ဆိုင်ရှင်က အဲဒီပန်းချီကား နှစ်ကားဟာ အရှေ့ဖျားကို နှံ့နှံ့စပ်စပ်လည်ပတ်ခဲ့ဖူးတဲ့ သူ့ဦးလေးဖြစ်သူက သူ့ကိုပေးခဲ့တာလို့ ပြောပါတယ်'' လို့ ဦးစိုးမင်းထွန်းက မြန်မာတိုင်းမ်ကို ပြောပါတယ်။
ဦးစိုးမင်းထွန်းဟာ အင်္ဂလန်မှာနေထိုင်သူဖြစ်ပြီး မြန်မာပြည်ကိုလည်း မကြာခဏ ပြန်လာလေ့ရှိပါတယ်။ လာဘန်းဆိုတာက မွန်နာမည်မျိုးဖြစ်နိုင်ပြီး ဥပမာ- မွန်လူမျိုး သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ကလောင်အမည်ဟာလည်း ဒလဘန်း ဖြစ်ပါတယ်။
''ပန်းချီဆရာဦးလာဘန်းဟာ ဦးထွန်းလှ (M.T.Hla) လိုတော့ နာမည်တစ်လုံးရထားတဲ့ ပန်းချီဆရာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ပန်းချီကားတွေက ဦးထွန်းလှရဲ့ ပန်းချီကားမျိုးကို အတုယူရေးဆွဲထားတာ ဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။
ပန်းချီဆရာကြီး ဦးထွန်းလှ (M.T.Hla) ဟာ ရေဆေးပန်းချီကို စတင်ရေးဆွဲသူများထဲက တစ်ယောက်ဖြစ်ပြီး ဆီဆေးပန်းချီဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ဆီဆေးပန်းချီတွေကို အနောက်တိုင်းဟန်နဲ့ ရေးဆွဲတာ ဖြစ်ပါတယ်။
ပန်းချီဆရာ ဦးလာဘန်းရဲ့ ရေဆေးပန်းချီကားတွေကို နာမည်ကျော် ပန်းချီဆရာများရဲ့ လက်ရာများနဲ့ ယှဉ်တွဲတွေ့ရတတ်ပါတယ်။ သူ့ရေးဆေးပန်းချီကားများကို မြန်မာပြည်မှာ အခြေချနေသွားခဲ့သူတွေ၊ နိုင်ငံခြားသားတွေက အမှတ်တရပစ္စည်းအဖြစ် စုဆောင်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးစိုးမင်းထွန်းက ပြောပါတယ်။
''သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ပန်းချီဆရာ ဦးသိန်းဖေလိုပေါ့။ မြန်မာ့ပန်းချီသမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်က Burma Art Club နဲ့ ဆက်စပ်မှု ရှိကောင်းရှိနိုင်တယ်'' လို့ သူက ပြောပါတယ်။
''ကိုလိုနီခေတ် အစောပိုင်းကာလမှာ သူ့ပန်းချီကားတွေက နိုင်ငံခြားသားတွေကိုပဲ အဓိကရောင်းတာ ဖြစ်နိုင်ပါတယ်။ ဆရာဆောင်နဲ့ ဦးထွန်းလှလိုပေါ့။ အဲဒီခေတ်တုန်းက မြန်မာလူမျိုးတွေက ပုံတူကလွဲရင် အနုပညာပစ္စည်းတွေနဲ့ ပန်းချီတွေကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းမှု မလုပ်ကြပါဘူး'' လို့ သူကပြောပါတယ်။
ပန်းချီဆရာဦးလာဘန်းရဲ့အကြောင်းတွေကို နာမည်ကြီးပန်းချီနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေမှာ မှတ်တမ်းတင်ထားတာ မတွေ့ရဘူးလို့ ၁၉၄၃ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ ပန်းချီဆရာမောင်ကျော်ညွန့်က ပြောပါတယ်။
''ကျွန်တော်ဒီနာမည်နဲ့ ပန်းချီဆရာကိုတော့ မကြားဖူးပါဘူး။ ကျွန်တော်က စာနယ်ဇင်းမှာလည်းလုပ်ခဲ့တော့ ပန်းချီနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို တော်တော်များများ ဖတ်ဖူးတယ်။ သူ့အကြောင်းတော့ မဖတ်ဖူးခဲ့ဘူး။ ပန်းချီစာအုပ်တွေမှာလည်း ရေးသားထားတာ မတွေ့မိဘူး'' လို့ ဆရာဦးကျော်ညွန့်က ပြောပါတယ်။
၂ဝ၁၇ ခုနှစ်က အလဲဗင်းမီဒီယာမှာ ''ပန်းချီ၊ တေးရေးပညာရှင် ရတနာပုံမောင်စု'' ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ပုံတူတွေ ရေးဆွဲတာထင်ရှားတဲ့ ရတနာပုံမောင်စုအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ဒဆရာစု၏ ပန်းချီရေးဟန်ကို ဦးလာဘန်း၊ ဦးသိန်းမောင်၊ ဦးတင်တို့က အတုယူခဲ့သည်'' ဆိုတဲ့ စာတစ်ကြောင်းတော့ ပါရှိခဲ့ပါတယ်။