ကံ့ကော်ဝတ်ရည် စာအုပ်အိမ်။ ဓာတ်ပုံ-ပေးပို့
ဒစ်ဂျစ်တယ်နည်းပညာကြောင့် အသက်ရှုချောင်ခဲ့တဲ့ စာအုပ်တိုက်ကလေး
ရန်ကုန်မြို့ပေါ်မှာ နှစ်ပေါင်း၂၅ နှစ်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်ဟာ မမျှော်လင့်ဘဲ ကျရောက်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လစဉ်အသစ်ထုတ်ဝေဖို့ စီစဉ်ထားတဲ့ စာအုပ်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။
ထိုနည်းတူ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြဖို့၊ မိမိတို့နေအိမ်မှာပဲ နေကြဖို့ စတဲ့ကန့်သတ်ချက်တွေကလည်း သူမရဲ့ စာအုပ်အိမ်မှာ ဝန်ထမ်းအပြည့်ခေါ်ထားဖို့လည်း အခက်အခဲရှိခဲ့ပါတယ်။ အဲဒီအစား သူမဟာ ၂ဝ၁၃ ခုနှစ်ကတည်းက စာပေချစ်သူအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်မပြတ်စေဖို့ စတင်အသုံးပြုခဲ့တဲ့ ကံ့ကော်ဝတ်ရည် ဖေ့စ်ဘွခ်ကိုအသုံးပြုကာ အွန်လိုင်းကနေ ဆက်ပြီးရောင်းချနိုင်တဲ့အတွက် ဒီလုပ်ငန်းအပေါ်မှာ မှီခိုနေတဲ့ သက်မွေးဝမ်းကြောင်းအလုပ်တွေ၊ လူမှုဘဝတွေကိုပါ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
''မတ်လ၂၃ ရက်မှာ ကိုဗစ်စဖြစ်တော့ မှတ်မှတ်ရရ ကျွန်မတို့တိုက်ကနေ စာရေးဆရာမ အသစ်တစ်ယောက်၊ သူ့စာအုပ်လေးကလည်း တော်တော်ကောင်းတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်တဲ့အခါကျတော့ ရပ်လိုက်ရတယ်။ ကျွန်မတို့ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က ဘယ်လမှာ ဘယ်စာအုပ်ထုတ်မယ်ဆိုတာ ကြိုတင်စီစဉ်ထားပြီးသားပါ။ ကိုဗစ်ကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး'' လို့ မဝိုင်းလို့ စာပေနယ်ထဲမှာ လူသိများတဲ့ မဝေသီအိက ဆိုပါတယ်။
ကပ်ရောဂါကြောင့် စာပေတိုက်အတော်များများ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ စာအုပ်ထုတ်ဝေတာအပြင် စာအုပ်အိမ်စာအုပ်ဆိုင်ပါဖွင့်ထားတဲ့ ကံ့ကော်ဝတ်ရည်စာပေတိုက်ကတော့ ၂ဝ၁၃ ခုနှစ်ကတည်းက ဖေ့စ်ဘွခ်ပလက်ဖောင်းကနေ စာအုပ်ရောင်းချတာတွေ လုပ်ထားနိုင်တဲ့အတွက် ကိုဗစ်ကာလမှာ ပလက်ဖောင်းကိုဆေးသုတ်ပြီး ဈေးဘမ်းခင်းနိုင်တဲ့ အနေအထားရှိခဲ့တယ်လို့ ကံ့ကော်ဝတ်ရည်စာအုပ်တိုက် ဖွင့်ထားသူ မဝေသီအိက ပြောပါတယ်။
COVID-19 ကာလမှာ အသေးစားနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်တွေဟာ သူတို့ဆက်ပြီး ရှင်သန်ရပ်တည်နိုင်အောင်နဲ့ သူတို့ရဲ့ ဖောက်သည်တွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဒစ်ဂျစ်တယ် ဈေးကွက်ချဲ့ထွင်ရေးနဲ့ အရောင်းနည်းဗျုဟာအသစ်တွေကို ရှာဖွေအသုံးချလာခဲ့ကြပါတယ်။
အသွားအလာ ကန့်သတ်ချက်တွေကြောင့် စာအုပ်ဆိုင်တွေ မဖြစ်မနေ ပိတ်ရတော့မယ့်အချိန်မှာတော့ စာအုပ်တွေ ဆက်ပြီးရောင်းချနိုင်ဖို့ အွန်လိုင်းပေါ်က လူမှုအသိုင်းအဝိုင်းက အရေးပါတဲ့နေရာကနေ မဝေသီအိအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အွန်လိုင်းကနေ ဆက်ပြီးရောင်းချနိုင်တဲ့အတွက် ဒီလုပ်ငန်းအပေါ်မှာ မှီခိုနေတဲ့ သက်မွေးဝမ်းကြောင်းအလုပ်တွေ၊ လူမှုဘဝတွေကိုပါ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
''ကိုဗစ်မဖြစ်ခင်က အွန်လိုင်းကနေ စာအုပ်တွေကြော်ငြာတာ၊ စာအုပ်လာမှာရင် ပို့ပေးတာတို့ ရှိပေမယ့် ကိုဗစ်ဖြစ်တဲ့အခါ ဒီလုပ်ငန်းကို ပိုပြီးတိုးချဲ့လုပ်ဖြစ်သွားတယ်။ ခါတိုင်းက စာအုပ်ဆိုင်တွေကို အားကိုးရတယ်။ ကိုဗစ်ကာလမှာ တချို့လတွေမှာ ဆိုင်တွေပိတ်ထားတော့ ဆိုင်တွေကိုအားကိုးလို့ မရတော့ဘူး။ ဆိုင်တွေပြန်ဖွင့်ရင်လည်း အရင်လို လူအများကြီးပြုံပြီး ဝယ်လို့မရတော့ အွန်လိုင်းကို ပိုပြီးအားကိုးရပါတယ်'' လို့ သူက ပြောပါတယ်။
စာအုပ်တိုက် အတော်များများကတော့ ကိုဗစ်လှိုင်းကြီးထဲမှာ ဒလိမ့်ခေါက်ကွေးဖြစ်ခဲ့ရပေမယ့် စာအုပ်တိုက်ကို ရပ်ထားရတဲ့အထိတော့ မဖြစ်ခဲ့ကြပါဘူး။ ဒီကာလမှာ စာအုပ်တိုက်တွေက စာအုပ်တွေကိုယူပြီး ရောင်းပေးတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေက အားကောင်းလာခဲ့ပါတယ်။
''ကျွန်မလိုမျိုး အွန်လိုင်းအသုံးပြုနေတဲ့ စာအုပ်တိုက်တချို့ ရှိပါတယ်။ ကျွန်မတို့ထက် အွန်လိုင်းကနေ အရှိန်အဟုန်ကြီးကြီးမားမားနဲ့ သွားနေတဲ့ စာအုပ်တိုက်တွေလည်း ရှိတယ်။ ကျွန်မတို့ စာအုပ်တိုက်က အွန်လိုင်းကနေ ပုံမှန်သွားနေရာက ကိုဗစ်က တွန်းပို့လိုက်တဲ့အတွက်ကြောင့် အွန်လိုင်းကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်ဖို့ ဖြစ်လာပါတယ်။ ဒီအွန်လိုင်းပလက်ဖောင်းကို တည်ဆောက်ထားပြီးတဲ့အတွက် ကိုဗစ်ကာလမှာ အွန်လိုင်းဟာ ပိုပြီးအသက်ရှုချောင်စေခဲ့တယ်'' လို့ ၁၉၉၅ ခုနှစ်ကတည်းက ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ကို တည်ထောင်ခဲ့တဲ့ မဝေသီအိက ပြောပါတယ်။
ကံ့ကော်ဝတ်ရည်စာအုပ်တိုက်ဟာ ရေကျော်လမ်းမှာ စာအုပ်အိမ်ကို ဖွင့်လှစ်ထားပြီး စာအုပ်အိမ်မှာ ကံ့ကော်ဝတ်ရည်တိုက်ထုတ် စာအုပ်တွေအပြင် စာအုပ်အိမ်အပေါ်ထပ်မှာ စာဖတ်ချင်သူတွေအတွက် စာပေရပ်ဝန်းလေးတစ်ခု ဖန်တီးထားပါတယ်။ စာအုပ်အိမ်က စာအုပ်တွေရောင်းတဲ့အပြင် စာအုပ်တွေကိုလည်း ငှားပေးပါတယ်။