ဓာတ်ပုံ-အီးပီအေ
အမှိုက်ခွဲခြား ပစ်တတ်ပြီလား
တစ်ခါက အမှိုက်စိုနဲ့ အမှိုက်ခြောက်တွေ ခွဲခြားပစ်ဖို့ စည်ပင်သာယာရေးကော်မတီက နိုင်ငံပိုင်ရုပ်သံလိုင်းကနေ တိုက်တွန်းနှိုးဆော်တာရှိသလို လူအများသွားလာမှုများပြီး မြင်တွေ့ရလွယ်ကူတဲ့နေရာမှာ ဆိုင်းဘုတ်တွေထောင်ပြီး ကြော်ငြာတာတွေလည်းရှိပါတယ်။ အမှိုက်စိုတွေကို အမှိုက်အိတ် အစိမ်းရောင်၊ အမှိုက်ခြောက်တွေကို အမှိုက်အိတ်အပြာရောင်နဲ့ စွန့်ပစ်ဖို့ တိုက်တွန်းထားတာပါ။
မီးဖိုချောင်က ထွက်ရှိတဲ့ ဆွေးမြေ့လွယ်တဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ဟင်းသီးဟင်းရွက် အစရှိတာတွေကို အမှိုက်စိုလို့ သတ်မှတ်ထားတာဖြစ်ပြီး ဆွေးမြေ့ပျက်စီးဖို့ ခက်ခဲတဲ့ ပလတ်စတစ်၊ ကော် အစရှိတာတွေကို အမှိုက်ခြောက်လို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ လက်တလောမှာတော့ လိုက်နာသူ နည်းပါးနေသလို တိုက်တွန်းနှိုးဆော်မှုအားကလည်း လျော့လာတယ်။
''ကျွန်မကတော့ အမှိုက်စို အမှိုက်ခြောက် မခွဲခြားမိဘူး။ အားလုံးအမှိုက်ပုံးထဲ ထည့်ပစ်မိတယ်။ ဈေးဝယ်တော့ ပစ္စည်းတွေထုတ်ပေးလိုက်တဲ့ ပလတ်စတစ်အိတ်တွေ၊ ထမင်းကျန်၊ ဟင်းကျန်နဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်အစအနတွေ အကုန်ရောထည့်မိတယ်။ အမှိုက်လာသိမ်းတဲ့ စည်ပင်ဝန်ထမ်းတွေကလည်း ဘာမှတော့မပြောပါဘူး'' လို့ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ ဒေါ်ဝတ်ရည်က ဆိုပါတယ်။
အမှိုက်လွှင့်ပစ်ရာမှာ ပါလာတဲ့ ပြန်လည်ရောင်းချလို့ရတဲ့ ပစ္စည်းတွေကိုတော့ စည်ပင်ဝန်ထမ်းတွေက သူတို့မှာပါလာတဲ့ အိတ်တစ်အိတ်ထဲကို ဖယ်ပြီးထည့်ထားတတ်တယ်လို့လည်း သူက ဆိုပါတယ်။ အမှိုက်စို၊ အမှိုက်ခြောက် ရောပစ်ပေမယ့် ဘီယာဘူးခွံ၊ ပုလင်းဘူးခွဲလို ပြန်လည်ရောင်းချလို့ရတဲ့ အရာမျိုးတွေကိုတော့ အိတ်နဲ့ သပ်သပ်ထည့်ပြီး လွှင့်ပစ်တယ်လို့လည်း ဒေါ်ဝတ်ရည်က ဆိုပါတယ်။
လှိုင်မြို့နယ်မှာနေထိုင်တဲ့ ဒေါ်ခိုင်ခိုင်ကလည်း အရင်က အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်ဖို့ ရပ်ကွက်တွင်း အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်တာရှိပေမယ့် လက်ရှိမှာတော့ ဘယ်သူကမှ အမှိုက်ကို ခွဲခြားမပစ်ကြဘူးလို့ ပြောပါတယ်။
''လမ်းထိပ်က အမှိုက်ပုံးထဲကို အမှိုက်သွားပစ်ရင် မြင်နေရတာပါပဲ။ အမှိုက်ကို ခွဲခြားမပစ်ကြဘူးဆိုတာ။ ကျွန်မကိုယ်တိုင်လည်း အမှိုက်အိတ်ဝယ်ရင် အရောင်ခွဲခြားမဝယ်ဖြစ်တော့ဘူး။ ကြုံရာ အဆင်ပြေရာ ဝယ်လိုက်တာပါပဲ။ ပြန်ရောင်းလို့ရတဲ့ဟာတွေနဲ့ အင်္ကျီဟောင်းတွေကိုသာ အိတ်နဲ့သေချာထည့်ပြီး အမှိုက်ပုံးဘေးချထားတယ်။ အမှိုက်ပုံးထဲ မထည့်တော့ပဲနဲ့လေ'' လို့သူက ဆိုပါတယ်။
အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းအခြေအနေကို တစ်နည်းအားဖြင့် ဖော်ပြနေတာလည်းဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ အမှိုက်စည်းကမ်းမဲ့စွန့်ပစ်တာကို လူမှုအသိုင်းအဝိုင်းက ရှက်စရာလို့သတ်မှတ်ကြတဲ့အပြင် အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်ဖို့ စည်းမျဉ်းစည်းကမ်းတွေလည်း တိတိကျကျ သတ်မှတ်လိုက်နာကြရပါတယ်။
လက်ရှိ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့အများအပြားမှာတော့ အမှိုက်ခွဲခြားစွန့်ပစ်ဖို့ဆိုတာထက် အမှိုက်ကို အမှိုက်ပုံးထဲရောက်အောင် စွန့်ပစ်တဲ့အလေ့အကျင့် နည်းတဲ့သူတွေရှိတာ တွေ့ရပါတယ်။ လတ်တလော အမှိုက်စနစ်တကျ စွန့်ပစ်တဲ့အလေ့အကျင့်ကို အထောက်အကူဖြစ်ဖို့ ရန်ကုန်မြို့တွင်းက စမ်းချောင်းမြို့နယ်မှာ ဖော်ဆောင်လာတဲ့ အစီအစဉ်တစ်ခုတော့ ရှိနေပါတယ်။
စမ်းချောင်းမြို့နယ် စည်ပင်သန့်ရှင်းရေး တာဝန်ခံရုံးကတော့ မီးဖိုဆောင်ကထွက်ရှိတဲ့ အမှိုက်တွေကို သတ်မှတ်ထားတဲ့ အိတ်တွေနဲ့ သတ်မှတ်ထားတဲ့နေမှာ စွန့်ပစ်ရမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
တစ်ပတ်မှာ သုံးရက် အမှိုက်သိမ်းလှည်းတွေနဲ့ အမှိုက်ကို လိုက်လံသိမ်းဆည်းသွားမှာဖြစ်ပြီး စမ်းချောင်းမြို့နယ်နေ ပြည်သူတွေအနေနဲ့ မီးဖိုဆောင်အမှိုက်ကို မိမိအိမ်ရှေ့မှာ ထားပေးဖို့ အသိပေးနှိုးဆော်စာမှာ ဖော်ပြထားပါတယ်။ အခြားများ စွန့်ပစ်ရန်နဲ့ မြို့နယ်သန့်ရှင်းရေးကိစ္စတွေအတွက်လည်း အကြံပြုနိုင်ကြောင်း နှိုးဆော်စာမှာ ပါဝင်ပါတယ်။