ရန်ကို ရန်ချင်းတုန့်ပြန်ရင် ဘယ်တော့မှ ငြိမ်းချမ်းရေးမရ၊ မေတ္တာဖြင့် သင်ပုန်းခြေ ကြရန် သီတဂူဆရာတော် မိန့်ကြား
mmtimes.com
|
2021-01-03



ဓာတ်ပုံ - အောင်သန့်ခိုင်/မြန်မာတိုင်းမ်

ရန်ကို ရန်ချင်းတုန့်ပြန်ရင် ဘယ်တော့မှ ငြိမ်းချမ်းရေးမရ၊ မေတ္တာဖြင့် သင်ပုန်းခြေ ကြရန် သီတဂူဆရာတော် မိန့်ကြား

ရန်ကို ရန်ချင်း တုန့်ပြန်ရင် ငြိမ်းချမ်းရေးဘယ်တော့မှ မရနိုင်ဘဲ နှစ်ဟောင်းမှ အပြစ်အနာအဆာများကို သင်ပုန်းခြေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင် ပြုသည့် နှစ်ဦးဓမ္မသဘင်အခမ်းအနား၌ သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိသရက မိန့်ကြားသည်။

ဇန်နဝါရီ ၂ ရက်နေ့ညက ဟောကြားသည့် " ကမ္ဘာ့လက်ဟောင်းတရား" တွင် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းပြီး ထည့်သွင်းဟောကြားခဲ့ခြင်းဖြစ်သည်။

" ရန်ကို ရန်ချင်းသာ တုန့်ပြန်နေကြမယ်ဆိုရင် ရန်ပွဲတွေက ဘယ်ခေတ်အခါ ဘယ်ကမ္ဘာပဲရောက်ရောက် တည်ညိမ်ကြမယ် မဟုတ်ဘူး။ ရန်နဲ့ မတုန့်ပြန်ဘဲ မေတ္တာနဲ့တုန့်ပြန်နိုင်မှ ငြိမ်းကြမည်။ ဤသဘောတရားတွေက ကမ္ဘာဦးက ကျင့်သုံးလာခဲ့တဲ့ရှေးထုံး တရားပဲဖြစ်ပါတယ်။ ရန်ကိုရန်ချင်း၊ သေနတ်ကိုသေနတ်ချင်း၊ ဓား ဓားချင်း တုန့်ပြန်နေရင် ငြိမ်းချမ်းရေး ဘယ်တော့မှမရဘူး။ လူတွေက ဒေါသကို ထိန်းချုပ်ဖို့ မကြိုးစားကြဘူး။ တုန့်ပြန်မယ့် ဘက်ကသာ ရှိနေရင် ဒီရန်ပွဲတွေ၊ စစ်ပွဲတွေက ဘယ်တော့မှ မပြီးနိုင်ဘူး။ အဲ့တော့မေတ္တာနဲ့တုန့်ပြန်မှ ငြိမ်းချမ်းရေးရမယ် " ဟု ဆရာတော်က မိန့်သည်။

ထို့ကြောင့် လွန်ခဲ့သည့် လွတ်လပ်ရေးရပြီးစ ကာလကစတင်ပြီး တစ်ဦးအပေါ် တစ်ဦးဖြစ်ပေါ်ခဲ့သည့် အမှားအယွင်း အပြစ်အနာအဆာများအား မေ့ဖျောက်ပစ်ကြရန် ဆရာတော်က ဥပမာပေးမိန့်သည်။

" ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ရေးထားတဲ့ အစအနတွေကျန်ခဲ့ရင် သင်ခန်းစာက သင်လို့မကောင်းဘူး။ ဆရာရော ကျောင်းသားရော။ အဲ့တော့ သင်ခန်းစာအဟောင်းတွေကို ချေမှုန်းမှ။ သင်ခန်းစာအသစ်ကို ကောင်းကောင်းမြင်ရ ကြားရမယ်။ လွတ်လပ်ရေး ရပြီးခါစကပေါ့လေ။ နှစ်ပေါင်း ၆၀၊ ၇၀ လောက်က ရေးထားတဲ့ အပြစ်အနာအဆာအကုန်လုံးကို ချေမှုန်းပါ။ ဘယ်သူက ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် မကောင်းတဲ့အပြစ်အနာအဆာ၊အမှားအယွင်းတွေကို မေ့ဖျောက်ပစ်ကြပါ။ဒါမှ ဒီကနေ့ကျေကျေ လည်လည် သင်ပုန်းပေါ်မှာ ဘာရေးတယ် သိရမှာပေါ့"ဟု မိန့်သည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဆောင် ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ပြည်သူ့ဥယျာဉ်၌ နှစ်စဉ် ကျင်းပလာသည့် နှစ်ဦးတရားပွဲများကို ယခုနှစ်တွင် ကိုဗစ်ရောဂါအခြေအနေကြောင့် ရုပ်သံနှင့် အွန်လိုင်း TV များက တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။

ယခုနှစ်တွင် ဆရာတော်ကြီး ၇ ပါးက ဟောကြားမည်ဖြစ်ပြီး နေ့အလိုက်ဟောကြားမည့်ဆရာတော်ကြီးများမှာ ဇန်နဝါရီ ၁ ရက်နေ့တွင် ဗန်းမော်ဆရာတော် ဘုရားကြီး၊ ဇန်နဝါရီ ၂ ရက်နေ့တွင်သီတဂူဆရာတော်ဘုရားကြီးတို့က ဟောကြားခဲ့ပြီးဖြစ်ကာ ၊ ဇန်နဝါရီ ၃ ရက်နေ့ (ယနေ့)တွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ယောဆရာတော် ဘုရားကြီး၊ဇန်နဝါရီ ၅ ရက်တွင် ဓမ္မဘေရီ ဆရာတော်ဘုရားကြီးနှင့် ဇန်နဝါရီ ၇ ရက်နေ့တွင် ရွှေပါရမီတောရ ဆရာတော် ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) တို့ ဟောကြားမည်ဖြစ်သည်။

ဆရာတော်ကြီးများ၏ ဟောကြားမှုကို SKy Net၊MRTV ၊ MRTV -4၊ Fortune TV တို့နှင့် အွန်လိုင်းရုပ်သံများက နေ့စဉ် ည ၇ နာရီခွဲမှ စတင်ကာ တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။

တရားပွဲသို့ လှူဒါန်းလိုသူများအနေဖြင့် KBZ Pay, AYA pay, Wave Pay တို့နှင့် KBZ Bank-22530200500230601၊ AYA Bank-0053222010004579၊ ရွှေ Bank-13010020020079200015 တို့မှတစ်ဆင့်လှူတန်းနိုင်ပြီး၊ ကိုယ်တိုင်ကိုယ်ကျလှူတန်းလိုသူများအနေဖြင့် ပြည်သူ့ဥယျာဉ်ရှိ ပန်း ဥယျာဉ်ဌာနသို့ သွားရောက်လှူတန်းနိုင်ကြောင်းသိရသည်။

အဆိုပါ နှစ်သစ်ကူးတရားပွဲများကို ယခင်နှစ်များက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ပြုလုပ်စဉ် နှစ်စဉ် တရားနာပရိတ်သတ် တစ်သိန်းကျော် လာရောက်နာယူခဲ့ကြပြီး နိုင်ငံခြားသားများပင်လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ရသည်။

တီအမ်ဇက် ဘာသာပြန်သည်။


#ဆရာတော်
#အပြစ်အနာ
#သင်ပုန်း
#ဇန်နဝါရီ
#သီတဂူ

Some text some message..