အွန်လိုင်းက အလွမ်းဖြေနိုင်သော ပန်းဆိုးတန်း စာအုပ်တန်း
mmtimes.com
|
2021-01-08



အွန်လိုင်းက အလွမ်းဖြေနိုင်သော ပန်းဆိုးတန်း စာအုပ်တန်း

ပန်းဆိုးတန်းလမ်းဟာ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံများ၊ ဘဏ်များ၊ ပန်းချီပြခန်းများနဲ့ စာရေးဆရာများမွေ့လျော်ရာ လမ်းဘေးစာအုပ်အဟောင်းဆိုင်များ အစီအရီတည်ရှိရာ ရန်ကုန်မြို့က ကျော်ကြားတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။

ပန်းဆိုးတန်းလမ်းပေါ်က လမ်းဘေးစာအုပ်အဟောင်းတန်းလေး ပျောက်တော့မယ်ဆိုတဲ့ သတင်းဟာ မကြာခဏကြားနေရသလို ဆိုင်တွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ နေရာပြောင်းရွှေ့ပါတယ်။ ဒါကြောင့် ပန်းဆိုးတန်းလမ်းမှာ ပန်းချီပြခန်းဖွင့်ထားတဲ့ ပန်းချီဆရာဦးအောင်စိုးမင်း (ဒါရိုက်တာလွတ်လပ်အိမ်)က အွန်လိုင်းပေါ်မှာ ပန်းဆိုးတန်းစာအုပ်တန်းကို ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့ပါတယ်။

''ပန်းဆိုးတန်းမှာ စာအုပ်တန်းတွေ ပျောက်တော့မယ်ဆိုပြီး မကြာခဏဖြစ်တယ်။ အတော်လေးကြာတော့ စာအုပ်တန်းဟာ နေရာရွှေ့သွားပြန်တယ်။ လွန်ခဲ့တဲ့ နှစ် ၃ဝမှာ စာအုပ်တန်းတွေက နေရာရွှေ့လိုက်ပြောင်းလိုက်ဖြစ်တယ်။ ဒါပေမဲ့ စာအုပ်တန်းတွေကတော့ ဒီမှာမကြာခဏတော့ ပြန်ပြန်ရှိပါတယ်။ အဲဒီလိုတွေ ဖြစ်လာတော့ ဒီစာအုပ်တန်းလေး ကျန်အောင်ဆိုပြီးတော့ အွန်လိုင်းမှာလုပ်ဖြစ်ခဲ့တယ်။ စာအုပ်အဟောင်းရော အသစ်ရော ဖြန့်လို့ရအောင်'' လို့ ဦးအောင်စိုးမင်းက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နာပေါ်က Pansodan Books (ပန်းဆိုးတန်းစာအုပ်တန်း) မှာ အဟောင်းထဲက ဖတ်လို့ကောင်းမယ့် စာအုပ်တွေရဲ့ မျက်နှာဖုံးများကို မြင်တွေ့ရမှာပါ။ ၁၉၆၇ ခုနှစ်မှာ ဝဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေရေးတဲ့ ''မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ်''၊ ကျော်ငြိမ်းရေးသားတဲ့ ''ရဲဘော်သုံးကျိပ်'' စတဲ့စာအုပ်တွေကို အွန်လိုင်းကနေ ရောင်းချပေးတာဖြစ်ပါတယ်။

''စာအုပ်အဟောင်းကို လွန်ခဲ့တဲ့ နှစ် ၃ဝ၊ ၄ဝ ကတည်းက တောက်လျောက်စုဆောင်းတယ်။ ပထမပိုင်းကတော့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်လေးတွေပဲ စုတာပေါ့။ ကျွန်တော်တို့ စစုတဲ့အချိန်တုန်းက ခုလိုစာအုပ်တွေ အများကြီးထွက်တဲ့ ခေတ်လည်းမဟုတ်သလို ဆင်ဆာလည်းရှိတဲ့ခေတ်ဆိုတော့ ဖတ်ပြီးသားစာအုပ်ကိုတောင်မှ ပြန်ပြီးတော့ ရှာမရတော့ဘူး။ စာအုပ်တွေ ဖွက်ထားကြရတာတို့ အများကြီးဖြစ်ခဲ့တဲ့ခေတ်ပေါ့'' လို့ သူက ပြောပါတယ်။

အဲဒီကတည်းက ရှားပါးတဲ့ စာအုပ်တွေ ထွက်ပေမယ့်လည်း ဖွက်ထားရတဲ့ စာအုပ်တွေကို လိုက်စုရင်းနဲ့ စာအုပ်တွေတင်မကတော့ဘဲ မှတ်တမ်းတွေနဲ့ လက်ကမ်းစာစောင်တွေပါ စုဆောင်းမိလာခဲ့တယ်လို့ သူကပြောပါတယ်။

''စာအုပ်ဆိုတာစာကြီးပေကြီးကသမိုင်းတစ်ခုပေါ့။ စာကြီးပေကြီးထဲမဝင်ပေမယ့် ပုံနှိပ်သမိုင်းမှာထူးခြားတဲ့ လက်ကမ်းစာစောင်တွေ၊ လက်ကမ်းကဗျာတွေကို စုဆောင်းရင်းနဲ့ နှစ်ပေါင်းသုံးလေးဆယ်အတွင်းမှာ စုဆောင်းမှုက အတော်များလာတယ်'' လို့ဦးအောင်စိုးမင်းက ပြောပါတယ်။

ဦးအောင်စိုးမင်းဟာ ဇာတိမြေဖြစ်တဲ့ ပုပ္ပားမှာ လူထုအမှတ်သညာပြတိုက်တစ်ခုကို ဖွင့်ဖို့လည်း စိုင်းပြင်းနေတာကြောင့် စုဆောင်းထားတာတွေ အကုန်လုံးကို ရောင်းချမှာမဟုတ်ဘဲ ပြတိုက်အတွက်ရော သူ့ရဲ့ကိုယ်ပိုင်စုဆောင်းမှုအဖြစ်နဲ့ရော သိမ်းထားဦးမှာ ဖြစ်ပါတယ်။ ပုပ္ပားမှာဖွင့်မယ့် လူထုအမှတ်သညာ ပြတိုက်မှာ စာအုပ်တွေအပြင် မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေနဲ့ ပိုစတာတွေလည်းပါမှာ ဖြစ်ပါတယ်။

အွန်လိုင်းက ပန်းဆိုးတန်းစာအုပ်တန်းမှာ ''လူထုအမှတ်သညာမှတ်စုများ'' ခေါင်းစဉ်ဖြင့် စာအုပ်အကြောင်းတွေ၊ စာအုပ်အဖုံးအကြောင်းတွေကို ဆောင်းပါးများနဲ့တွဲဖက်ပြီး တင်ပေးနေတဲ့အတွက် စာသမားတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။


#ပန်းဆိုးတန်း
#စာအုပ်
#အဟောင်း
#စာကြီးပေကြီး
#အွန်လိုင်း

Some text some message..