စိတ်အားကိုမွေး မိုးအေးအေး၌ မငေးမငိုက်....
mmtimes.com
|
2021-01-12



စိတ်အားကိုမွေး မိုးအေးအေး၌ မငေးမငိုက်....

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ။ ၂ဝ ရာစုထဲဆီက ၁၉၇ဝ ပြည့်နှစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ခြောက်နှစ်ပြည့် အထိမ်းအမှတ်။ ''သုံးရောင်ခြယ်'' ကဗျာစာအုပ်လေးတစ်အုပ်။ ကဗျာဆရာ (၄၂) ဦး စုပေါင်းထုတ်ခဲ့ရာ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ''အဘိုးအိုသို့ တိုင်တည်ခြင်း'' ကဗျာကိုလည်းပဲ ကျွန်တော်တို့ သတိထားမိလိုက်ကြရသည်။


''နောင်သို့တကယ့် အောင်ဖို့ တပဲ့တွေနဲ့
သြော် မောင်တို့ရဲ့ တက္ကသိုလ်သခင်ကျောင်း''
ဟု ကောင်းချီးဂုဏ်ပြု၊ ကျောင်းသားထုကို တစုတဝေး၊ ထိန်းမတ်ပေးခဲ့ ....

ထိုအခါက မောင်စိန်ဝင်း(ပုတီးကုန်း)ကား ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘဝ။ ကျွန်တော်ကား ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်း ငွေစာရင်းဌာန အထက်တန်းစာရေးလေး။ သုံးရောင်ခြယ် ကဗျာစာအုပ်ထဲ၌ ရေးခဲ့သော ကျွန်တော့်ကဗျာအမည်ကား ''တော်လှန်သော အခန်းဆက်အောင်ပွဲ''...၊ ကိုယ်စီကိုယ်စီဘဝတို့ ခံစားလှိုင်းတူခဲ့ကြသော သူတို့အမြင်ထောင့်တို့ကား ပေါင်းဆုံမိတတ်ကြစမြဲ။


(၁)

ရန်ကုန်တက္ကသိုလ် ရာပြည့်အမှတ်တရ။ မောင်စိန်ဝင်း (ပုတီးကုန်း)၏ သီးသန့်ရေးဖွဲ့သော သမိုင်းနောက်ခံ လုံးချင်းဝတ္ထု။ ''စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှောင်ရိပ်ဝေရီ ....''

''ခေတ်ဆိုသည်ကား တည်နေရာအပိုင်းအခြား။ မျိုးစေ့တို့၏ စိုက်ပျိုးရာလယ်''၊ ''တံဆိပ်ဆိုသည်ကား ပေစက္ကူရွှေပြား ငွေပြား စသည်တို့တွင် ခတ်နှိပ်ထားသော အမှတ်အသား အသင်းအဖွဲ့'' ပိတ်ဆို့မှုကြောင့် စီးဆင်းလာ စီးဆင်းသွား စီးဆင်းနေတတ်ကြလေ့ရှိသော ထိုအခါမျိုးဝင် ပထဝီဧက။ သြော် မောင်တို့ရဲ့တက္ကသိုလ်သခင် ကျောင်းသမိုင်း ဖွင့်ဗေဒ တရိပ်ရိပ် ဒေါင်းအိုတဝေဝေတွန်သံနှင့် ဖြတ်သန်းခဲ့ကြရာ သမိုင်းစာမျက်နှာများကိုကား ကျွန်တော်တို့ ဖတ်ခွင့်ရကြပေပြီ။

စက်မှုတက္ကသိုလ်အဆောင်က ကပ်လျက် အင်းလေးဆောင်။ အင်းလေးမှာ လူပြည့်သွားလို့ စက်မှုတက္ကသိုလ်က ကျောင်းသားတချို့က နတ်မောက်ဆောင်မှာ ရောက်လာကြရတာ ....

''ဗိုလ်ချုပ်ဇာတိနတ်မောက်ကို ဂုဏ်ပြုထားတဲ့အဆောင်။ ဒီအဆောင်က ဗိုလ်ချုပ်သွေးတွေ ငါတို့ ဝိညာဉ်ကို ပူးကပ်လာမှာကွ''

ထိုအခါကတည်းက ကဗျာဆရာဘဝနှင့် တက္ကသိုလ်ကျောင်းသားဘဝကို တစ်ပြိုင်နက်တည်း ယှဉ်တွဲခံစား၊ မောင်စိန်ဝင်း(ပုတီးကုန်း)ဖြစ်နေပေပြီ။ လက်ကိုင်ရေဒီယိုလေးတစ်လုံးနှင့် ရခိုင်ကြီးသန့်စင် (ကဗျာဆရာမောင်ငြိမ်းနီ) ၏ ရင်ထဲကလာသောအသံနှင့် ''ဗိုလ်ချုပ်ဝိညာဉ်ရှိရာ ရင်ခွင်ထဲသို့ဝင်လိုက်ရသလို'' ဆိုသော မောင်စိန်ဝင်း(ပုတီးကုန်း) များစွာသော ကျောင်းသား ကျောင်းသူများ၏ လှပနက်ရှိုင်းရာ စိတ်ဓာတ်များ....။

နိမိတ်ပြသန္ဓေ ဖွဲ့သကေင်္တပေပဲလား။ စက်မှုတက္ကသိုလ်ထဲက မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ခင်မောင်တိုး (ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်)တို့ နှစ်ဦးသား၏ တွေးဖူးပြောဖူးခဲ့သည့် စကားသံများကား အောက်ပါအတိုင်း ဖြစ်ခဲ့ပါသည်။

''အနုပညာသည် ရေကြည်ရေစက်ဖြစ်ပါက မြစ်ချောင်းတို့ စီးဝင်ရာသမုဒ္ဒရာ အနုပညာသည် ပန်းရနံ့ဖြစ်ပါက လှသော၊ မွှေးသော ပန်းတို့ဖူးပွင့်ရာဥယျာဉ် အနုပညာသည် တောင်တစ်လုံးဖြစ်ပါက တောင်တက်သမားများရောက်နေသည့် တောင်ခြေ..


လှိုင်းထန်သော ပင်လယ်ကို ဖြတ်ရမည်။
ရနံ့ထုံသော ပန်းတောမှာ ဝတ်မှုန်ကူးရမည်။
မတ်စောက်သော တောင်ထိပ်ကို တက်ရဲရမည်။
တက္ကသိုလ်သည် ကိုယ်တို့အတွက်ပင်လယ်။
တက္ကသိုလ်သည် ပန်းဥယျာဉ်။
တက္ကသိုလ်သည် တောင်တန်း။
မိမိတို့မျှော်မှန်းရာ အိပ်မက်များရှိရာအရပ်ဟု ယုံမှတ်မိပြန်သည်လေ''။

ကိုတိုးမောင်၊ ကိုဌေးအောင်၊ မောင်မှိုင်းလွင်(အင်းဝ) ''သာတဲ့အခါ သာပါလိမ့်မယ် ပြဇာတ်'' စသော ထို့အတူ မဆုံးတတ်နိုင်ရာသော။ ပါပါးဝတ္ထုတွေမှာ နောက်ခံ မပီပြင်ဘူး။

''အရှေ့က နေဝန်းထွက်သည့်ပမာ'' ဆို နောက်ခံ ကျောင်းသားလှုပ်ရှားမှုက သိပ်ပီပြင်တယ်။ တက္ကသိုလ်နောက်ခံဝတ္ထုတွေမှာ အဲဒီခေတ်က နောက်ခံတွေ ဘာလို့မပါတာလဲ။

ရေးလို့မရဘူးကွ။ စာပေစိစစ်ရေး (၄-၈-၁၉၆၄ မှ ၂ဝ-၈-၂ဝ၁၂ ကာလ) ရှိတယ်။ နောက်ခံမပါတော့ ဇာတ်ကောင်တွေက ပီပြင်သင့်သလောက် မပီပြင်တော့ဘူးပေါ့။ ပြီးတော့ အဲဒီခေတ်ကို မှတ်တမ်းတင်ခွင့်မရတော့တာ ဆိုးတယ်။

''မင်းဖတ်ချင်ရင်တော့ ငါ့မှတ်စုတွေ ရှိတယ်။ မင်းပြောသလို ဝတ္ထုတွေထဲ ထည့်ရေးနိုင်မလား။ စုထားခဲ့တာ။ တက္ကသိုလ်ရွှေရတု နောက်ခံတစ်အုပ်ပဲ ရေးလို့ရခဲ့တာ ထုတ်ခွင့်ရတဲ့နေ့ ဒီအတိုင်း ထုတ်လို့ရတာပဲ။ ဇာတ်ရှိန် အနိမ့်အမြင့် မရှိပေမယ့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်းလိုပေါ့။ အဲဒီကာလ ကျောင်းသားဇာတ်ကောင်တွေနဲ့ အာဏာရှင်စနစ်ခေတ် အားပြိုင်မှုပေါ့ ဟုတ်ဘူးလား''

မောင်စိန်ဝင်း (ပုတီးကုန်း)၏ စက်မှုတက္ကသိုလ် ကိုးနှစ်တာကာလတစ်လျားမှာ ကြုံခဲ့ရသော ကျောင်းသားထု ဖြတ်သန်းခဲ့ကြရသော ခေတ်စနစ်၏အရိုက်အခတ်များ ''စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှောင်ရိပ်ဝေရီ။ စုစည်းတိမ်းညွတ် ခွပ်ဒေါင်းနယ်မြေရိပ်။ လွမ်းဖွယ်၊ ချစ်ဖွယ်၊ နာကြည်းဒေါသဖြစ်ဖွယ်ရာသော တစ်ခါတုန်းဆီက ကာလများ။ မောင်စိန်ဝင်း (ပုတီးကုန်း)က ကျွန်တော်တို့အား ခေါ်ငင်သွားနိုင်ပြန်လေသည်။ စာဖတ်နေကြသော ကျွန်တော်တို့၏ အတိတ်ရက်စွဲ ခေတ်ကာလများနှင့် ကြမ်းတမ်းခဲ့ကြရသော ကန္တာရပုံရိပ်တို့သည်ကား ပေါင်းဆုံကြပြန်လေပြီကောပဲလား။ ပေါင်းဆုံကြပေပြီ။


(၂)

စက်မှုတက္ကသိုလ်နတ်မောက်ဆောင်လေးဆီက ညစကားဝိုင်း။ ''ဟုတ်တယ်။ ဆန် ပြဿနာတက်နေပြီကွ။ ဆန်တွေ နယ်ကျော်မသယ်ရ သတ်မှတ်တာ။ ဆန်စပါးမထွက်တဲ့ နေရာတွေက ပြည်သူတွေ ဒုက္ခတွေ့ရော။ ထွက်သမျှဆန် နိုင်ငံခြားကိုပို့တော့ ပြည်တွင်း မဖူလုံ။ စီမံခန့်ခွဲမှု အမှားတွေ။ အဆောင်မှာ ထမင်းကို အရင်လိုအဝမကျွေးတော့ပြန်ဘူး''

အာဏာပိုင်တို့က ဆန်ပြဿနာကို အကြောင်းပြုအာရုံလွှဲဖို့ တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးပစ်လိုက်တော့သည်။ ၁၃ဝဝ ပြည့် ရေနံမြေသပိတ်အရေးတော်ပုံကြီးတုန်းကလည်း အင်္ဂလိပ်အစိုးရက ဒီလိုပဲ အိန္ဒိယလူမျိုးတွေနဲ့ ဗမာအဓိကရုဏ်းလုပ်ခဲ့ပေါ့ကွာ။ ဒါဟာ နယ်ချဲ့နည်းပဲ။

၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက်။ ရခိုင် ဆန်လုပွဲ။ သေမထူး နေမထူး။ ငတ်ပြတ်နေပြီဖြစ်တဲ့ လူအုပ်တို့သည်ကား ရှေ့တိုးကုန်ကြပြီ။ အာဏာပိုင်တွေရဲ့ သေနတ်တွေနဲ့ပစ်တာ ခံခဲ့ကြရတယ်။ လူ ၂ဝဝ ကျော်သေပြီး ၁ဝဝ ကျော် ဒဏ်ရာတွေရကုန်ကြတယ်။ သွေးချောင်းစီးသွားရပြီဖြစ်တဲ့ သမိုင်းဝင် အဖြစ်အပျက်တွေ အဖမ်းအဆီးခံဘဝတွေ။

''တရုတ်-ဗမာ အရေးအခင်းနဲ့ ဘယ်လိုပဲအာရုံလွှဲလွှဲ ဆန်ပြဿနာက မပြီးဘူးဆိုတာပဲ''

''လူထုကို တာရှည်လှည့်စားထားလို့ မရဘူးဆိုတဲ့ အမှန်တရားကို ပြတာ''

တစ်ယောက်တစ်ပေါက် မဟုတ်။ ကျောင်းသားထုတို့၏ တူညီအသံများ၊ ပြည်သူလူထုတို့၏ တူညီအသံများ၊ ''ဆန်တောင်းတဲ့ ပြည်သူကို ကျည်ဆန်ပေးလိုက်တဲ့ အာဏာရှင်ရဲ့ သမိုင်းတစ်ခုပေါ့ကွာ''

ညစကားဝိုင်းလေးမှသည် တစ်ရေးမအိပ် အပင်ပန်းခံ ညနက်ရှိုင်းအချိန်များကို ဖြတ်သန်းလိုက်ကြရာ လက်ရေးနဲ့ ကဗျာ၊ စာညွှန်း၊ ကာတွန်း၊ ပန်းချီပေါင်းစုံနဲ့ နံရံကပ်စာစောင်လေး။ စစ်အေး၊ သန်းဝင်းနိုင်၊ မောင်ငြိမ်းနီ၊ ခင်မောင်တိုး၊ စိုးဝင်းမောင်၊ စိန်ဟိုက်၊ မယ်ဒလင်တင်ငွေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)။

မနက်ဖယ်ရီစောင့်ရင်း ကျောင်းသား ကျောင်းသူတွေ ဝိုင်းအုံဖတ်နေကြသော နံရံကပ်စာစောင်။ ''အားရတယ်ကွာ ဒီလိုပဲ ဖြစ်ကြရမှာပေါ့''


မောင်စိန်ဝင်း (ပုတီးကုန်း) ကတော့ ...
ဆီ၊ ဆန်မရှိလို့ သေတဲ့သူ
ကျည်ဆန်ထိလို့ သေတဲ့သူသေ
ဖျက်လို့မရတဲ့ သမိုင်း
အရိုင်းစာမျက်နှာတွေ။
သူ၏ ကဗျာခေါင်းစီးမှာ ''ကျောက်စာ'' အာဏာရှင်ကို မကြိုက်တာ။ အမှန်တရား မြတ်နိုးတာ၊ ပြည်သူတွေဘက်က ရပ်တာ၊ ဒါ ငါတို့ကျောင်းသားတွေရဲ့ စိတ်ဓာတ်ရပ်တည်ချက်ပဲ'' ကျောင်းတံခါးများကိုကား လက်နက်အားကိုးနှင့် အာဏာပိုင်တို့က ပိတ်လိုက်ကြပြန်လေပြီ။


(၃)

ကျောင်းပြန်ဖွင့်ကြလေသောအခါများ၌ နံရံကပ်စာစောင်များ။ မိန်းကလေးအဆောင်သူများဆီ ညနေဆည်းဆာအလွန် ယောက်ျားလေးများက သီချင်းသွားဆို။ ခဲလုံးလေးများမဟုတ် ချိုချဉ်ထုပ်လေးများကို အပြန်အလှန်။ တစ်ယောက် နေထိုင်မကောင်း တစ်ယောက်နွေးနွေးထွေးထွေး ကူညီခဲ့ပုံများ ....

အင်မတန်လှပသော တက္ကသိုလ်ကျောင်းသားကျောင်းသူတို့၏ ဘဝငယ်လေးတို့ဖြစ်ကြသော်လည်း မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့၏ ဝေဒနာတို့နှင့်ကား သူတို့စိတ်ဓာတ်များကား ခွဲကန့်မထား။ စာရေးသူလျှင် လူထုလှိုင်းနှင့် ကျောင်းသားလှိုင်းတို့ကား မေခ၊ မလိခ ဧရာဝတီမြစ်အဟုန် ရလာလေပြီ။ (သူတို့ ကျောင်းသားလေးတွေ အဆောင်ရှိရာပြန်လာကြ၊ အဆောင်ရှိရာကနေ ရန်ကုန်မြို့ထဲ ရန်ကုန်-အင်းစိန်-ပြည်လမ်းမဘက်ဆီသို့ သွားလိုပါက သမိုင်းဝင်းကိုဖြတ်။ ချည်စက်နောက်က ချည်စက် တစ်လမ်း၊ နှစ်လမ်း၊ သုံးလမ်း၊ လမ်းသွယ်လေးများ။ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနှင့် အိမ်ကလေးများ။ ချည်စက် ဝန်ထမ်းများ။ အရပ်ထဲက ညည်းသံ ညူသံ အလုပ်သမားကြီးတို့၏ မောဟိုက်နွမ်းလျနေကြရရှာသော ရုပ်ပုံလွှာများ...။ စိတ်ခြင်း၊ လက်ခြင်း၊ နှလုံးသားခြင်းတို့သည်ကားချိတ်ဆက်နေကြပေလိမ့်မည်)

၁၉၆၉ ခုနှစ် အောက်တိုဘာ ၂၂ ရက် ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ပြင်းအားကြီးသည့် ''ဂီရိမုန်တိုင်း'' တိုက်ခတ်သွားပါရောလား။ အိမ်ခြေ ၃ဝဝဝ လောက်ရှိသည့် မြေပုံမြို့နယ်လေးမှာ အိမ်ခြေ ၂ဝဝဝ ခန့်လောက်ကလည်းပဲ လဲပြိုပျက်စီးသွားကြရသလို အသေအပျောက်တို့ကလည်း မနည်းမနော။ ကယ်ဆယ်ရေး၊ ကူညီရေးတို့အတွက် မြို့ရွာအနှံ့က ကုသိုလ်ရှင်တွေဟာလည်း နိုးထလာကြပါသည်။ ပြည်ထောင်စု ဘာလဲ၊ ဘယ်လဲ အဖြေရှိနေနှင့်ကြသည်။

''စာသင်ကြားနေချိန်မှာပဲ မြေဖြူပုံးထက် သုံးဆလောက်ကြီးနိုင်တဲ့ စက္ကူပုံးလေး တစ်ပုံးဟာ စာသင်သားတို့ရဲ့ စားပွဲခုံရှေ့ဆီကို တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းလိုက်ကြတယ်။ မိဘပေးထားကြရာ အိတ်ကပ်ထဲဆီက မုန့်ဖိုးလေးတွေကို တတ်နိုင်သမျှ ဂီရိမုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် ကုသိုလ်ပါဝင်ထည့်ဝင်လိုက်ကြတဲ့ ကျောင်းသားကျောင်းသူတွေပါ။ ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကလည်း ဝမ်းသာအားရ သဘောတူခွင့်ပြုပေးပါတယ်။ ကျောင်းသားကျောင်းသူများ၏စိတ်တို့ကား ဒုက္ခသည် မိသားစုဝန်းကျင် နယ်နိမိတ်များသို့ ဦးတည်လိုက်ကြပေပြီ။ ဘဝခရီးအစ ဘဝခရီးသည်တို့အလယ် ဘဝခရီးသည်တို့အဆုံး..'' ဘာလဲ၊ ဘယ်လဲ အဖြေရှိနေနှင့်ကြသည်။


(၄)

အာဏာပိုင်တို့က ကျောင်းသားကျောင်းသူတို့ရဲ့ အထွတ်အမြတ်ထားကြရာ ဘွဲ့နှင်းသဘင်ခန်းမကို ကျွန်းစွယ်အားကစားပြိုင်ပွဲကြီးမှာ ဂျူဒိုပြိုင်ပွဲ ကျင်းပခွင့်ပေးလိုက်ကြတယ်။ ဘွဲ့နှင်းသဘင်ခန်းမရဲ့ပတ်လည်မှာ အိမ်သာတွေဆောက်ပြီး ညစ်ပတ်နံစော်နေတော့တာပါပဲလား။ ပညာရေးလောကအတွက် အစဉ်အဆက် ကျောင်းသားကျောင်းသူတို့ရဲ့ မြင့်မြတ်သော ခန်းမကြီး၏ ဂုဏ်ဒြပ်တို့ကား မဆီလျော်တဲ့ ပုံရိပ်တို့ကြားမှာ မှိုင်းမှိုင်းမှောင်မှောင် ပိန်းပိတ်သွားသလို ခံစားနေရပါတော့တယ်။ ဒါကို ကျောင်းသားတွေက အာဏာပိုင်တွေကို တင်ပြပေမယ့် ဂျီသရီးကိုင် စစ်သားတွေ၊ ရဲတွေ။ ရဲကရိုက် ကျောင်းသားတွေက ပြန်ရိုက်။

ထွက်ပြေးလာခဲ့ရရှာတဲ့ ကျောင်းသားတွေကို ရဲတွေက အဆောင်တွေထဲအထိ ဝင်ရိုက်။ ဖမ်းဆီး။ ဇွဲကပင်ဆောင်မှာ။ ဒီမှာပဲ ကျောင်းသားတွေဟာ ဝရန်တာက သံတန်းတွေကို သံချောင်းတွေနဲ့ ခေါက်ကြ တပ်လှန့်ကြပေပြီ။ ကျောင်းသားအတော်များများ နတ်မောက်၊ အင်းလေးအဆောင် ဆယ်ဆောင်စလုံးက ကျောင်းသားတွေ သူတို့ရဲ့ စိတ်နဲ့ရုပ်တွေကို အားကစားရုံဆီ ဦးတည်လိုက်ကြရော့တယ်။ အဓိပတိလမ်းက ဆန္ဒပြကျောင်းသားတွေကိုလည်း စစ်သားတွေက ဖြိုခွဲနေပြန်ပါပြီ။ အင်းလျားလေးဘက် ပြည်လမ်းမဆီသို့ ထွက်မရတော့....။ ပိတ်ဆို့လိုက်တော့ပြီ။ ဒီမှာပဲ မေခဆောင် ဘေးပေါက်ကနေ ထွက်တဲ့လမ်းကနေ အင်းစိန်လမ်းမကို စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဦးတည်လိုက်ရတော့သည်။


''သပိတ် သပိတ် မှောက် မှောက်
ငြိမ်းချမ်းစွာ ပညာသင်ကြားရေး
ဒို့အရေး
အဖမ်းဆီးခံကျောင်းသား ပြန်လွှတ်ရေး
ဒို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
ဒို့အရေး''

ကြွေးကြော်သံတိုင်ပေးနေတဲ့ ကျောင်းသားတစ်ယောက်က ကျောင်းသားထုဘက်ကို မျက်နှာမူလိုက်ပါတယ်။

''ကျွန်တော်တို့ရှေ့မှာ စစ်သားတွေ ပိတ်နေပြီ။ ကျွန်တော်တို့ ရှေ့ဆက်တိုးလို့ မရတော့ဘူး။ စည်းကျော်ရင် ပစ်ဖို့ သေချာပါတယ်။ အထူးတောင်းပန်ချင်တာက ရှေ့ကစစ်သားတွေဟာ ကျွန်တော်တို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းရဲ့ သံပတ်ရုပ်တွေပါ။ သူတို့ကို ဆဲတာ ၊ လှောင်တာ ခဲနဲ့ပေါက်တာမျိုးမလုပ်ကြဖို့ သတိပေးချင်ပါတယ်။ အဓိပတိလမ်းပေါ်မှာ ဗိုလ်နေဝင်းအလောင်းကို မီးရှို့ပွဲ လုပ်ခဲ့ပြီးပါပြီ။ ၁၉၆၂-၁၉၆၉ လို့ အခေါင်းပေါ်မှာရေးပြီး မီးရှို့ခဲ့ပါပြီ။ အဓိက,က အာဏာရှင်စနစ်ကို ကျောင်းသားတွေ မကျေနပ်ဘူး။ ဆန့်ကျင်တယ်ဆိုတဲ့ သမိုင်းရေးဖို့ပါပဲ။ အားလုံး သဘောတူကြတယ် မဟုတ်လား''

ကျောင်းသားတို့၏ ထိုင်သပိတ်။ သို့ပေမယ့် ဒီဇင်ဘာနှင်းတို့ ဝေ့ဝဲမှုန်ရီကျနေတဲ့ ရန်ကုန်-အင်းစိန် ပြည်လမ်းမကြီးပေါ်မှာ။ ကတ္တရာရဲ့အအေးဓာတ်ကလည်း တဖြည်းဖြည်းနဲ့ အေးစိမ့်လို့။ အချိန်ကိုပြညွှန်းတဲ့ နာရီသံချောင်းခေါက်သံက မနက်ဝေလီဝေလင်း နှစ်ချက်မြည်လာတယ်။ လမ်းနဲ့ကပ်လျက် လှိုင် (၁၂)၊ လှိုင် (၁၃) ရပ်ကွက်က ပြည်သူတချို့ ထွက်လာပြီး ကျောင်းသားလူငယ်လေးတွေကို စားစရာမုန့်တွေ၊ အနွေးထည်တွေ၊ စောင်တွေ၊ တဘက်တွေ ကမ်းလာကြပါရော့လား။ နှလုံးသွေးတို့ ပေါင်းစုံစီးဆင်းရှင်သန်ကြတော့ရာ။ မနက် ၃ နာရီလောက်မှာ စီးပွားရေးတက္ကသိုလ်ပါချုပ်ကြီးဟာ စစ်သားတွေ ရပ်နေရာ ရှေ့ဘက်ဆီကို ထွက်လာတယ်။

အခုလို နှင်းကြားထဲ ကတ္တရာလမ်းမပေါ် ညကြီးအချိန်မတော် မင်းတို့ကို မြင်ရတာတောင် ဆရာ စိတ်မချမ်းမြေ့ပါဘူး။ ဆရာကြီး၏ မေတ္တာဓာတ်မှာ ကျောင်းသားတို့ ညွတ်နူးသွားကြပုံရပါသည်။

''အရေးအခင်းပါသူတွေကို အရေးမယူဖို့၊ မဖမ်းဖို့၊ အစည်းအဝေးမှာ ဆရာကြီး တင်ပြခဲ့ပါတယ်။ ဆရာကြီး တာဝန်ယူပါတယ်။ တပည့်တို့ ကိုယ့်အဆောင် ကိုယ်ပြန်ကြပါတော့။ မနက်ရောက်ရင်လည်း ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်တော့မှာ။ အဆောင်တွေက ထွက်ပေးရမှာ။ ပြင်ဆင်ထုပ်ပိုးဖို့ ပြန်ကြပါတော့''

''ကျွန်တော်တို့ အဆောင်ပြန်ပါမယ် ဆရာကြီး'' မနက်မိုးလင်းသွားသည်။ ရေဒီယိုမှ ကျောင်းအကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။ သို့ရာတွင် ပါမောက္ခချုပ်ကြီး၏တင်ပြမှုကို ထိုအခါက အာဏာပိုင်တို့ကား အလေးမထား၊ အသုံးချလိုက်ကြပါပြီပဲလား။ ကျောင်းသား ၁ဝဝ ကျော်ကို စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးလိုက်တော့သည်။ တချို့ကတော့ အဆောင်ထုတ်ခံလိုက်ရတော့သည်။

''ဒေါင်းအိုးတဝေဝေ (ထုတ်ဝေခုနစ်က ၁၉၆၉ ခုနှစ် မတ်လ) တက္ကသိုလ်ပေါင်းစုံက ကျောင်းသား၊ ကျောင်းသူ၊ ကဗျာဆရာ၊ ဆရာမတို့ရဲ့ ကဗျာအားလုံးနီးပါး။ အာဏာရှင်အစိုးရကို မကျေနပ်သည့်ခံစားမှုက ပေါက်ကွဲထွက်လာသည့် ရင်အုံရိုက်ခတ် ဗုံသံများ၊ ဝိုက်ပြီးခွပ်နေပုံမို့ ရုတ်တရက်ကြည့်လျှင် ကဒေါင်းလိုလိုနှင့် ကဗျာစာအုပ်မျက်နှာဖုံး၊ ဆိုင်ပေါ်ရောက်တာနဲ့ ထောက်လှမ်းရေးက လိုက်လံသိမ်းဆည်းခံလိုက်ရသော ဒေါင်းအိုးတဝေဝေ။ ဘယ်မှာလဲ လူ့နှလုံးသား အခွင့်အရေး။ အဖမ်းအဆီးအန္တရာယ်များလွန်းသော ကာလတို့ဆီမှာ လှုပ်ရှားခဲ့သော ကျောင်းသားလှုပ်ရှားမှုများထဲဆီက အပိုင်းအစလေး တစ်ခုပေပဲလား။

ဒေါင်းအိုးတဝေဝေ ကဗျာစာအုပ်ထုတ်ဖို့ စီစဉ်ခဲ့တဲ့ မိန်းက ကျောင်းသားများကို ထောက်လှမ်းရေးကတော့ ဖမ်းသွားပြန်လေပြီ။ ဆိုင်ပေါ်တင်ရောင်းချခွင့် မရှိတော့သော ဒေါင်းအိုးတဝေဝေ ကဗျာစာအုပ်လေးကား မျက်နှာငယ်လိမ့်မည်မဟုတ်။ တစ်ဆောင်ဝင် တစ်ဆောင်ထွက် ကျောင်းသားတို့ တက်လိုက်ဆင်းလိုက် လိုက်လံရောင်းချပြန်တော့သည်။ (ထိုအခါက ကျောင်းပြင်ပဝန်ထမ်းဘဝ ကျွန်တော်တို့ဆီလည်း ရောက်ရှိလာခဲ့သော ဒေါင်းအိုးတဝေဝေ ကဗျာစာအုပ်လေး)။ မောင်စိန်ဝင်း(ပုတီးကုန်း)ကတော့ ''စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှောင်ရိပ်ဝေရီ'' စာအုပ်ထဲမှာ ကျောင်းခဏခဏပိတ်ခံကြရသော ကာလထဲဆီမှသို့ ကျောင်းတွေ ပြန်အဖွင့်ကာလများတွင်ကား...

''ကျောင်းတွေ ပြန်အဖွင့်သည် အသွင်တူငှက်များ ပျံသန်းခွင့် ပြန်ရလိုက်သလိုပင်။ သူတို့ ဦးတည်ပျံသန်းရာသည် လွတ်လပ်ငြိမ်းချမ်းခြင်း ရောင်နီထွန်းရာအရပ်သို့...''

၁၉၇ဝ ပြည့်နှစ်ထဲဆီက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အထိမ်းအမှတ် ''သုံးရောင်ခြယ်'' ကဗျာစာအုပ်လေးထဲဆီက မောင်စိန်ဝင်း(ပုတီးကုန်း)ရေးခဲ့သော ''အဘိုးအိုသို့ တိုင်တည်ခြင်း'' ကဗျာထဲဆီက...


''နောင်သို့ တကယ့်
အောင်ဖို့ တပဲ့တွေနဲ့
သြော်... မောင်တို့ရဲ့
တက္ကသိုလ်ကျောင်း''ဟု ကောင်းချီးဂုဏ်ပြု ကျောင်းသားထုကို တစ်စုတဝေး ထိန်းမတ်ပေးခဲ့...ကို ကျွန်တော် ပြန်လို့အမှတ်ရသွားပြန်သည်။ စက်မှုသတင်းစဉ်ဆိုသော ဖယောင်းစက္ကူပေါ် လက်ရေးနှင့်။ မွန်းတည့်နေရိပ်။ လျှပ်စစ်ဌာနက ဆရာဦးမိုးအောင် (ကဗျာဆရာကြီး တက္ကသိုလ်မိုးဝါ)

''သတင်းစဉ်ကလည်း အရှိန်ရလာပြီဆိုတော့... ကျောင်းမှာရှိတဲ့ စာပေသမားတွေ စာပေဝါသနာပါတဲ့သူတွေ စုစုစည်းစည်းလေး... စာဖတ်အား ပိုကောင်းလာအောင် ဖတ်ပြီးသားတွေ ဆွေးနွေးမယ်... စာဖတ်ဝိုင်းသဘော... ကိုယ်ရေးဖြစ်တာလေးတွေ ဆွေးနွေးမယ်.... အဓိက,ကတော့ တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက် ကဗျာစာအုပ်လေးတွေ ထုတ်ချင်တယ်။ ဒီကျောင်းက စာရေးဆရာ၊ ကဗျာဆရာတွေ အများကြီးပေါ်ပေါက်လာစေချင်တယ်''

ကျောင်းတံခါးများသည်ကား အာဏာပိုင်တို့၏ ဖွင့်လိုက်၊ ပိတ်လိုက်ကြရာသော ကာလများထဲမှာပင် တက္ကသိုလ်ရွှေရတု၊ အလုပ်သမားသပိတ်လှိုင်းလုံး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်း၊ စစ်အုပ်ချုပ်ရေးကာလများ။

မောင်မြင့်စံ၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဘုန်းနွယ်လင်း၊ ပုသိမ်ခင်လေး၊ မောင်ဆန်းညွန့်(ရေကျော်)၊ မောင်စိန်ဝင်း(ပုတီးကုန်း) အချစ်ကဗျာမပါဘဲ ခေတ်ကဗျာ ဘဝကဗျာများ။

အပြာရောင်မီးတောက် ခြောက်နှစ်သာမက စက်မှုတက္ကသိုလ်မှာ ကိုးနှစ်တာ ဖြတ်သန်းနေပြီးမှ ၁၉၇၅ ခုနှစ်မှာ ကဗျာဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ဘွဲ့ ရယူနိုင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံကြီးမှာကား ကဗျာဆရာ စာရေးဆရာဘဝ ပီပီပြင်ပြင်။ ကျောင်းပရဝုဏ်၊ လူထုပရဝုဏ်၊ လူထုအရေးတော်ပုံ၊ ကျောင်းသားပရဝုဏ် အစတည် လူထုအရေးတော်ပုံ ထိုကဲ့သို့သော မြန်မာသာမက ကမ္ဘာ့သမိုင်းဝင် အရေးတော်ပုံကြီးနှင့်အတူ။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် မြို့ပြ၊ ကျေးလက်၊ တိုင်းနယ်၊ ပြည်နယ် ပြည်ထောင်စုတစ်ဝန်းလုံး အာဏာသိမ်း မဆလတစ်ပါတီ အာဏာရှင်စနစ်ဆိုးကြီးကို လုံးဝလုံးဝ မလိုလားသော တောမီးပမာ ပျံ့နှံ့ကြလေပြီ။ မြုံနေသော မီးတောင်ကြီးပမာ အရှိန်ပြင်းစွာ အဆက်မပြတ် လှိုင်းလုံးတို့၊ မုန်တိုင်းတို့သည်ကား။

လှည်းတန်းအဝိုင်း မြက်ခင်းပြင်မှာ ကျောင်းသား၊ ကျောင်းသူတွေ။ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်က ဆရာ၊ ဆရာမတွေ။ ကျောင်းပြင်ပရောက်ခဲ့ကြ ကျောင်းသားဟောင်းတွေ။ ထို့အတူ အနုပညာ ကဗျာဆရာ စာရေးဆရာတွေ။ ပြုံးပန်းတစ်ရာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြ သူငယ်ချင်းတွေ။

စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ရည်ရွယ်ထားတဲ့ အစာငတ်ခံ သပိတ်တိုက်ပွဲ စလိုက်လေပြီ။ စက်တင်ဘာ၏ မိုးကောင်းကင်ကား ညိုညိုညို့ပြီး ပြိုတော့မလို အုံ့အုံ့ဆိုင်းဆိုင်း။

''မင်းတို့ အစာငတ်ခံ ဆန္ဒပြနေတယ်ကြားလို့ မင်းတို့ဆီလာတာ''

''အလို ဆရာကြီးမင်းသုဝဏ်ပါလား'' ရှိထားစိတ်နှင့် ရုပ်ခွန်အားတို့ကား အတိုင်းမရှိတော့။ ဆရာကြီးမင်းသုဝဏ်ဘေးမှာက ကဗျာဆရာမောင်စွမ်းရည်။

''သားသမီးတွေ၊ တပည့်တွေ အစာငတ်ခံဆန္ဒပြနေတာ ကြားရတော့ ဆရာအရမ်းကြည်နူးပီတိုဖြစ်မိတယ်။ ဓမ္မကိုချစ်တဲ့သူတွေပါလားလို့ဂုဏ်ယူတယ်။ ဒါပေမဲ့ ဒါပေမဲ့ ဆရာ့ သားတို့၊ သမီးတို့ မိုးထဲ ရေထဲ ဒုက္ခခံနေတာ မြင်တော့လည်း ရင်ထဲကို ဆို့တက်လာ''

မိုးသည်းနေပြီ။ မိုးက သည်းသထက်သည်းနေသည်။ မိုးသည်းနေပြီ။ ဆရာကြီးမင်းသုဝဏ်၏ မိုးတော လေတောထဲဆီက အသံတစ်သံကား အောက်ပါအတိုင်း ဖြစ်နေပါတော့သည်။

ဆရာကြီးကို ထီးလာမိုးပေးကြသော အခါကာလဝယ်...

''ပြန်ပိတ်လိုက်။ ထီးပြန်ပိတ်လိုက်။ သူတို့တောင် မိုးထဲနေကြတာပဲ''

နောက်တစ်နေ့မှာ မိုးတော လေတောထဲက အစာငတ်ခံ ဆန္ဒပြနေကြသော မနေ့ကမြင်ကွင်းကို မေ့ပျောက်ပစ်၍မရသော ဆရာကြီးမင်းသုဝဏ်ဆီက လှည်းတန်းအဝိုင်း မြက်ခင်းပြင်နှင့် အစာငတ်ခံဘဝများဆီသို့ ကဗျာတစ်ပုဒ် ရောက်ရှိလာပါတော့သည်။


အစာငတ်ခံ ဆန္ဒပြသူများသို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ၊ ထိုင်နေပါသည်
ဇာနည်နွယ်ဖွား၊ သမီးသားတို့
အစာမစား၊ လွန်စွန့်စားကြ။
အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီးသားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးတုန်ခိုက်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်။
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီးသားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ ဗျား။ ။

ဆရာကြီးမင်းသုဝဏ်ကား ''မင်းသုဝဏ်'' ဆိုသော ကလောင်အမည်၏အောက်မှာ ၁၆ ရက် ၉ လ ၁၉၈၈ မနက် (၆)နာရီဟု အချိန်ကိုပါ တိတိကျကျ ရေးထားပြန်သေးသည်။

မနေ့က အစာငတ်ခံ ဆန္ဒပြနေသောသူများကို လာရောက်အားပေးစကားပြောပြီး အပြန်မှာ ရေးခဲ့လေသော ''အစာငတ်ခံ ဆန္ဒပြသူများသို့''။ မောင်စိန်ဝင်း(ပုတီးကုန်း) ကား အစာငတ်ခံ ဆန္ဒပြနေသူများထဲက အစာငတ်ခံ ဆန္ဒပြနေသူတစ်ဦးအနေနှင့် ဆရာကြီး၏ကဗျာကို အစာငတ်ခံ ဆန္ဒပြနေသူတို့ရှေ့မှာ ရင်ကိုကော့ ရွတ်နေပေတော့သည်။

''အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံအောင်ရမည်။ အရေးတော်ပုံ အောင်ရမည်'' ဆိုသော မိုးကြား၊ လေကြားထဲဆီကနေ ကြွေးကြော်ချီတက်သွားကြလေသော အသံများ။ အစာငတ်ခံ ဆန္ဒပြနေကြသောသူများ၏ နှလုံးသား ကိုယ်စီ ကိုယ်စီ။

မြန်မာနိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး၏ ဒီမိုကရေစီကိုလိုလားသော တောင်းဆိုသမိုင်းမှတ်တမ်းတင်နေကြသော သို့ရာတွင် စက်တင်ဘာ ၁၅ ရက် ညနေမှာတော့ မိုးကောင်းကင်ဆီ သို့မဟုတ် ရှေ့တည့်တည့်ဆီသို့ သေနတ်ဖောက်၍ တပ်မတော် မြန်မာနိုင်ငံတော်ကြီးကို အာဏာသိမ်းလိုက်ပြန်တော့သည်။

မောင်စိန်ဝင်း(ပုတီးကုန်)၏ ''စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှော်ရိပ်ဝေရီ'' သမိုင်းနောက်ခံဝတ္ထုကို ကျွန်တော် ဖတ်ပြီးခဲ့ပေပြီ။ ဖတ်နေရင်း ရေးလိုက်သော အခုဆောင်းပါး သို့မဟုတ် ကျွန်တော် ခံစားမှုခေါင်းစဉ်ကိုကား ဆရာကြီးမင်းသုဝဏ်၏ ''အစာငတ်ခံ ဆန္ဒပြသူများသို့'' ကဗျာထဲက ''စိတ်အားကိုမွေး မိုးအေးအေး၌ မငေးမငိုက်'' ဆိုသော သမိုင်းတွင် ကဗျာထဲက သမိုင်းတည် လူထုပုံ တရိပ်ရိပ်လှိုင်းလုံးများဆီမှ လှိုင်းလုံးများဆီသို့...

ဘာကြောင့်များ မငေးမငိုက် (ကျွန်တော်၏ ခံစားဆောင်းပါးကို နိဂုံး မချုပ်နိုင်သေးပါလိမ့်) အသံနှစ်သံကို ကျွန်တော် ကြားယောင်လာမိပါသည်။

ရန်ကုန်စက်မှုတက္ကသိုလ် စာပေဟောပြောပွဲမှာ ''မိမိတို့ခေတ်နှင့် ယနေ့ခေတ် တိုးတက် ပြောင်းလဲကွာခြားမှုများ ရှိနိုင်သော်ငြား၊ RIT စိတ်ဓာတ်ကား ဘယ်တော့မှ မပြောင်းလဲနိုင်ဆိုသော'' စင်မြင့်ပေါ်က မောင်စိန်ဝင်း(ပုတီးကုန်း)၏ စကားသံ။

ဒုတိယအသံကား နတ်တလင်းမြို့ စာပေဟောပြောပွဲတစ်ခုမှာ (ထိုအချိန်က မောင်စိန်ဝင်း(ပုတီးကုန်း)၏သား ကိုမင်းကား မကြာသေးခင်ကမှ ဆုံးပါးသွားကာစ ရက်သတ္တပတ်ပင် မပြည့်သေး) ဒီလိုညမျိုးမှာမှ မောင်စိန်ဝင်း(ပုတီးကုန်း)အရင် ''ပန်းရဲ့လမ်း''အဖွဲ့သားများ။ ထိုအဖွဲ့၌ မောင်စိန်ဝင်း(ပုတီးကုန်း)၏သား အသက်ရှင်စဉ်က ပန်းရဲ့လမ်း ငြိမ်းချမ်းရေးတောင်း အဖွဲ့လေးမှာ 'ဘေ့စ်'တီးနေကျ...

အခု စင်မြင့်ပေါ်ကနေ ဖျော်ဖြေတော့မယ့် ပန်းရဲ့လမ်းအဖွဲ့ကား ''စင်ရှေ့မှာ ဆရာမောင်စိန်ဝင်း ရှိနေပါတယ်။ မကြာခင်ကမှ ဆုံးသွားတဲ့ ဆရာ့ရဲ့သား ကျွန်တော်တို့ရဲ့ သူငယ်ချင်း ကိုမင်းကို သတိရ လွမ်းဆွတ်ပါတယ်။ သူ့ကိုသတိရ ဂုဏ်ပြုတဲ့အနေနဲ့ သူရေးခဲ့တဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပေးပါမယ်။ ''ဂျိုးဖြူငှက်တို့ တေးသီပါ''တဲ့။


''ငိုသံနဲ့ သေနတ်သံကြားမှာ
ဘဝတွေ ချောက်ချား
ငြိမ်းအေးဖို့ မျှော်လင့်ရင်းနဲ့
အသိုက်မဲ့ငှက်များ
ဘယ်ဆီမှာ နားစရာ မသိတော့
.................
.................
.................
အမေရှာတဲ့ ကလေးငယ်များစွာ
တောစွယ်တောင်ကမ်းပါး
သားပျောက်တဲ့ အမေ့ရဲ့ရှိုက်သံ
မြစ်ယံတွေကြား
.................
.................
.................
ဒီကမ္ဘာမှာ စစ်မြေ မီးတွေ
ငြိမ်းစေဖို့အရေး
သွေးလွှမ်းတဲ့ အမေ့ရဲ့လက်တွေ
မျက်ရည်နဲ့ဆေး
.................
.................
ဘဝတေးဖွဲ့သီရာ
အဖြူရောင် ဂျိုးငှက်တို့ ဝဲပျံစမ်းပါ။

''စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှောင်ရိပ်ဝေရီ'' သမိုင်းနောက်ခံဝတ္ထု၏ နောက်ဆုံးစာကြောင်းကမူ အောက်ပါအတိုင်း ဖြစ်လာပါတော့သည်။

''အဖြူရောင် ဂျိုးငှက်တွေ ဝဲပျံရမည်ဟု ရဲရဲယုံလိုက်မိပြန်သည်ပဲ''။


#ပုတီးကုန်း
#ကျောင်းသား
#အဆောင်
#တက္ကသိုလ်
#ဆရာကြီး

Some text some message..