ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပုံတူပိုစတာ ရေဆေးပန်းချီပြိုင်ပွဲ ကျင်းပမည်
မန္တလေးမြို့ ဇာတိမာန်လူငယ်စာဖတ်အသင်းကကြီးမှူး၍ ၂ဝ၂၁ ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပုံတူ ပိုစတာရေဆေးပန်းချီပြိုင်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်ပန်းချီပုံများကို စတင်ပေးပို့ယှဉ်ပြိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်ပုံတူ ပိုစတာရေဆေးပန်းချီပြိုင်ပွဲသို့ အသက်(၁၆)နှစ်အောက်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ A4 အရွယ်အစားဖြင့် ဒေါင်လိုက်ရေးဆွဲရမည်ဖြစ်ပြီး ပန်းချီကားနောက်ကျောဘက်တွင်ပေးပို့သူအမည်၊ အသက်၊ တက်ရောက်ဆဲ ကျောင်း၊ နေရပ်လိပ်စာတို့ကိုသီးခြားစာရွက်၌ရေးသား၍ ပူးတွဲကာဖေဖော်ဝါရီ ၅ ရက် နောက်ဆုံးထား၍ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
''ပုံတူပိုစတာပန်းချီဖြစ်တာကြောင့်ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေထဲကနေ ကြိုက်နှစ်သက်ရာကို ကိုယ်တစ်ပိုင်းပုံ ဖြစ်စေ၊ တစ်ကိုယ်လုံးပုံဖြစ်စေ A4 ဆိုက်အတွင်းမှာ စိတ်တိုင်းကျရေးဆွဲနိုင်ပြီး အဓိကကတော့ ပုံတူပြိုင်ပွဲဖြစ်တဲ့အတွက် အနီးစပ်ဆုံးတူအောင်ရေးဆွဲနိုင်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို နောင်လာနောက်သားတွေ မမေ့သွားစေဖို့ ရွက်ပုန်းသီးကလေးငယ်တွေရဲ့ ပန်းချီတတ်ကျွမ်းမှုကိုဖော်ထုတ်ပြသချင်တာရယ်၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုချင်တာရယ်ကြောင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်ဖြစ်တာပါ။ ဆုရွေးချယ်မှုပိုင်းမှာ မန္တလေးပန်းချီပန်းပု အနုပညာအထက်တန်းကျောင်းက ကျောင်းအုပ်ကြီးနဲ့ အဖွဲ့ကနေ အကဲဖြတ်အမှတ်ပေးသွားမှာဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့နှစ်သိမ့်ဆုနှစ်ဆု ရွေးချယ်ချီးမြှင့်မှာဖြစ်ပါတယ်'' ဟု ဇာတိမာန် လူငယ်စာဖတ်အသင်း တည်ထောင်သူ စာရေးဆရာနောင်(ရူပ)က ပြောကြားသည်။
ပြိုင်ပွဲမှ ပထမဆု အဖြစ်ရွေးချယ်ခံရသည့် ပုံတူပန်းချီကားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် အခမဲ့ထုတ်ဝေမည့်(၁ဝ၆)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဇာတိမာန်ကလေးသတင်းစာမျက်နှာဖုံး၌ ရိုက်နှိပ်ဖော်ပြမည်ဖြစ်ကာ တခြားဆုရပန်းချီပုံများကိုလည်း အတွင်းသရုပ်ဖော်ပုံများအဖြစ်ထည့်သွင်း အသုံးပြုပေးမည်ဖြစ်သည်။
သို့ဖြစ်၍ ပြိုင်ပွဲဝင်ကလေးငယ်များအနေဖြင့် ဗိုလ်ချုပ်ပုံတူရေဆေးပန်းချီကားများကို ၃၄ လမ်း ၇၉ လမ်းနှင့် လမ်း ၈ဝ ကြားရှိ ဥတ္တရလွင်ပြင်စာပေ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့သို့ သတ်မှတ်ရက်အမီ ပေးပို့ယှဉ်ပြိုင်နိုင်ပြီဖြစ်ကြောင်းသိရသည်။