မူလတန်းကျူရှင်တစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်းမ်
ပုဂ္ဂလိကပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းမည့် ကျူရှင်ဆရာ၏ကဏ္ဍနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူ
ပုဂ္ဂလိကပညာရေး ဥပဒတွင် ထည့်သွင်းပြဌာန်းမည့် ကျူရှင်ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူလျက်ရှိကြောင်း ကိုယ်ပိုင်ဆရာများအသင်(ရန်ကုန်) ဥက္ကဌဦးသွယ်ကပြောသည်။
ဥပဒေတွင် ကျူရှင်ဆရာများ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များထည့်သွင်းနိုင်ရန် ၂ဝ၂ဝခုနှစ်က တစ်ကြိမ် ကောက်ခံခဲ့သော်လည်း လူဉီးရေ သုံးသောင်းဝန်းကျင်သာပါဝင်ဖြေဆိုထားသဖြင့် မြေပြင်အရေအတွက် နှင့်ကိုက်ညီမှုမရှိ၍ ယခုကဲ့သို့ထပ်မံကောက်ခံရန်ကော်မတီက အကူအညီတောင်းခံလာသဖြင့် ယခုကဲ့သို့ ထပ်မံ ကောက်ခံပေးခြင်းဖြစ်ကြောင်း ဦးသွယ်ကပြောသည်။
“ရှိနေတဲ့အင်အား မြေပြင်အခြေအနေမှာ ၂ဝ၂ဝ ကောက်သွားတဲ့ဟာလေးက အင်မတန်ကွာခြားမှုရှိ တဲ့အတွက် ကောင့်မို့လို့ ဒီကော်မတီကိုလည်းအထောက်အပံ့ပြုတဲ့အနေနဲ့ကျူရှင်ဆရာတွေကိုယ်တိုင်ပဲ ကောက်ခံ ပေးနိုင်ပါသလားဆိုပြီး မေတ္တာရပ်ခံတဲ့အပေါ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျူရှင်ဆရာတွေကိုအတတ်နိုင်ဆုံး ရသလောက် ကောက်ဖို့ရည်ရွယ်တာပါပဲ”ဟု ဦးသွယ်ကပြောသည်။ ယခင်တစ်ကြိမ်ကောက်ခံခဲ့သော စစ်တမ်းတွင် ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် ဆရာ ၃ ဦးနှုန်းနှင့် သင်ကြား ရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်နှင့် ကြီးကြပ်ရေးအဖွဲ့၏ တရားဝင်မှတ်ပုံတင်ထားသူများသာ စစ်တမ်းကောက် ခံခဲ့သဖြင့် ကျုရှင်ဆရာအားလုံးကို ကိုယ်စားမပြုနိုင်ဟု ယူဆသဖြင့် ထပ်မံကောက်ခံခြင်းလည်းဖြစ်သည်။
အခန်း ၁၄ ခု၊ ဥပဒေပုဒ် ၇ဝ ကျော်ပါဝင်သော ပုဂ္ဂလိပညာရေးဥပဒေကြမ်းတွင် ကျူရှင်ဆရာများကို ယခင်အခေါ် အဝေါ် ဘာသာရပ်သင်ကိုယ်ပိုင်ဆရာများအစား ပုဂ္ဂလိက ကျောင်းဆရာများအဖြစ် ခေါ်တွင်ထားပြီး ဘာသာရပ်သင် ပုဂ္ဂလိကကျောင်းမှစပြီး အဆင့်မြင့်ပညာရေးအထိ အကြုံးဝင်သော ဥပဒေသစ်တစ်ရပ်ဖြစ်သည်။ ယခုကဲ့သို့ စစ်တမ်းပြန်လည်ကောက်ယူခြင်းနှင့်ပတ်သက်၍ ကျူရှင်ဆရာများက ဉပဒေကြမ်းအပေါ် ဖြည့်သွင်း တောင်းဆိုခြင်းမဟုတ်ဘဲ ကျူရှင်ဆရာအားလုံး၏ အသံကို ဥပဒေပြုရေးကော်မတီဘက် ထည့်သွင်းစဉ်းစား စေရန်အထောက်အပံ့တစ်ခုကို ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးသွယ်ကပြောသည်။
“အရင်ကောက်ထားတဲ့ ဒေတာက သုံးသောင်းကျောင်လောက်ပဲရှိတာကိုး ဒီအပေါ်မှာပဲ အတတ်နိုင်ဆုံး ဒီထက်မက ရှိပါတယ်ဆိုတဲ့ဟာလေးတင်ပြတဲ့အဆင့်ပါပဲ။တို့ကလည်းတင်ပြခွင့်ရသွားတယ်။ သူတို့ကလည်း မူကြမ်းရေးဆွဲတဲ့ နေရာမှာ အထောက်အပံ့လေး အနေနဲ့ရရှိသွားတာပေါ့။ ဥပဒေပြုရေးမှာ ဘယ်အပိုင်းတွေပါတယ်။ ဘယ်အပိုင်း တွေမပါဘူးဆိုတဲ့ ဟာ မျိုးတော့ မဟုတ်ပါဘူး”ဟု ဦးသွယ်ကပြောသည်။
၆ မျက်နှာပါရှိသော ယင်းစစ်တမ်းတွင် ကျုရှင်ဆရာ၏ ပညာအရည်အချင်း၊လက်ရှိ သင်ကြားနေသော ဘာသာရပ်၊ဝင်ငွေနှင့်အခြားအလုပ်အကိုင် ၊သင်ကြားသော ကျောင်းအမျိုးအစား၊ပြဌာန်းထားသော ဘာသာရပ် သင်ကိုယ်ပိုင်းသင်တန်းဉပဒေ အပေါ်အကြံပြုချက်အပါအဝင် စုစုပေါင်း အချက် ၂၆ ချက်ပါရှိသည်။ အဆိုပါစစ်တမ်းဖောင်များကို သက်ဆိုင်ရာ မြို့နယ်ကော်မတီများတောင်းယူ၍ ရန်ကုန်တိုင်းတွင် ယခုလ ၂၅ရက်နောက်ဆုံးနှင့် ကျန်တိုင်းဒေသကြီနှင့်ပြည်နယ်များကို ၃ဝရက်နောက်ဆုံးထား ကောက်ခံသွားမည်ဟု ဦးသွယ်ကပြောသည်။
ယင်းဉပဒေကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အတည်ပြုရန် ကြိုပမ်းခဲ့သော်လည်း ထိုဥပဒေမှာ အမျိုးသားပညာရေးဉပဒေကဲ့သို့ကျယ်ပြန့်သဖြင့် ဒုတိယအကြိမ်လွှတ်တော်တွင်အချိန်မီ ပြဌာန်းနိုင်ခဲ့မရှိကြောင်း အမျိုးသားလွှတ်တော် ပညာရေးမြင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်တုတ်ကပြောသည်။