ညှိနှိုင်းခြင်းအနုပညာ
mmtimes.com
|
2021-01-19



ညှိနှိုင်းခြင်းအနုပညာ


( ၁ )


မသူဇာ ပုတိုက်တိုက်
အသား သူမကြိုက်။
ကိုသာဝိုက် ပိန်ပါးပါး
အဆီ သူမစား။
ကိုသာဝိုကျနဲ့ မသူဇာ
အိမ်ထောင်ကျသောခါ။
ထမင်းပွဲမှာ ဝက်သားချက်
တလင်းပြောင်အောင်
လျက်တယ်လေး။

ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ သူငယ်တန်းဖတ်စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာက ကဗျာလေးပါ။ စာအုပ်ကို 'ဦးဝန်နဲ့ ဦးဘ' ပြုစုသည်ဆိုတော့ ဒီကဗျာလေးကလည်း ဦးဝန်(ဆရာမင်းသုဝဏ်)ရဲ့ လက်ရာပဲ ဖြစ်မှာပါ။

ဒီကဗျာက ကျွန်တော့်ဘဝနဲ့ ပတ်သက်နေတော့ တစ်သက်လုံး မမေ့နိုင်ခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကျောင်းစတက်တဲ့နှစ်မှာ ကျွန်တော့်ညီက တစ်နှစ်ခွဲသားလောက်ရှိလိမ့်မယ်။ ဖိုးဖိုး (ဘိုးဘိုး)က ကျွန်တော့်ညီကို ချီရင်း၊ ပိုးရင်း ကျွန်တော်ရွတ်ဆိုနေတဲ့ 'ကိုသာဝိုက်နဲ့ မသူဇာ' ကဗျာကို ကြားနေရတယ်။ သူချီပိုးနေတဲ့ ကျွန်တော့်ညီ (သူ့မြေး) ကို 'ကိုသာဝိုက်၊ ကိုသာဝိုက်' လို့ စရင်းနောက်ရင်း ကျွန်တော့်ညီမှာ နာမည်ရင်းမှိန်ပျောက်ပြီး 'ကိုသာဝိုက်' ထိန်တောက်လာခဲ့တယ်။ တစ်ရွာလုံး၊ တစ်နယ်လုံးကလည်း 'သာဝိုက်' လို့ပဲ အသိအမှတ်ပြုလာကြတော့တယ်။ ဒါကြောင့် ဒီကဗျာကို ကျွန်တော် မမေ့နိုင်တာပေါ့။

'ကိုသာဝိုက်၊ မသူဇာ' ကဗျာကို ဆရာမင်းသုဝဏ်က ရွှင်ရွှင်မြူးမြူးလေးဖြစ်အောင်၊ ဖတ်လွယ်၊ မှတ်လွယ်အောင် ရေးခဲ့ပုံရပါတယ်။ ကဗျာကို ဖတ်ရတော့ ပြုံးချင်စရာလည်း ကောင်းပါတယ်။ ပြုံးစရာနောက်မှာ တွေးစရာ၊ ဆင်ခြင်စရာတွေလည်း ကပ်ပါလာပါတယ်။

ပုပုဝဝ မသူဇာက အသားကိုမကြိုက်။ အဆီဆိုလာထား အာဘွား။ ပိန်ပိန်ပါးပါးကိုသာ ဝိုက်ကလည်း အဆီဆို အန်ကယ်လ်ကတော့နိုးပဲ။ အသားမှ အသား။ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံချင်းမတူ၊ အကြိုက်ချင်းလည်းမညီတဲ့ လူသားဖိုမနှစ်ယောက် လင်မယားအရာရောက်ပြီး ချစ်ခင်စွာ ပေါင်းဖက်နိုင်ကြတယ်။ ဆန့်ကျင်ဖက်တို့ရဲ့ ပေါင်းစည်းမှုပေါ့။ ငါမကြိုက်တာကို နင်မကြိုက်ရ၊ ငါကြိုက်တာကိုပဲ နင်ကြိုက်ရမယ်လို့ အတ္တဆန်ပြီး တယူမဆန်ကြပါ။ ဝက်သားတစ်တွဲကိုချက်ပြီး ကိုယ်ကြိုက်တာ ကိုယ်စား၊ သူကြိုက်တာ သူစား၊ ဟန်ကိုကျနေတော့တာပဲ။

၂ဝ၁ဝ ရွေးကောက်ပွဲအလွန်မှာ တက်လာတဲ့ သမ္မတကြီးဦးသိန်းစိန်ကလည်း ပြောရှာပါတယ်။ 'မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို ပေါင်းလုပ်ကြမယ်' တဲ့။ ကိုသာဝိုက်တို့ လင်မယားကတော့ မတူတာတွေကို ကိုယ့်ချစ်သူအတွက် ဖယ်ပေးကြပါတယ်။ မတူလို့ အသုံးမဝင်တာမရှိပါ။ အမျိုးသားလွှတ်တော်အမတ် (ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာမယ့်) ဒေါ်ထုမေကတော့ 'ညှိနှိုင်းတယ်ဆိုတာ မတူတာတွေကို ချန်လှပ်ဖို့မဟုတ်၊ မတူတာတွေကို အသိအမှတ်ပြုဖို့လုပ်တာပါ' တဲ့။ ကိုသာဝိုက်၊ မသူဇာတို့ရဲ့စိတ်ဓာတ်နဲ့ တစ်ထပ်တည်းပဲ။ ကွက်တိ။


( ၂ )

ကျွန်တော်တို့ဇနီးမောင်နှံကတော့ ကိုသာဝိုက်၊ မသူဇာတို့ထက် သာမယ်ထင်တယ်။ ဆန့်ကျင်ဘက်တွေ များလွန်းလို့ပါ။ ဇနီးသည်က ကျွန်တော့်တက် သုံးနှစ်ငယ်တယ်။ မွေးလကတော့တူတယ်။ မတ်လ။ ကျွန်တော်က ၃၁ ရက်၊ သူက ၁၃ ရက်ဖွား။ နှစ်ယောက်စလုံး ပညာရေးဝန်ထမ်းတွေ ဖြစ်ကြတယ်။ သူက လုပ်သက် (၁၄)နှစ်နဲ့ ဆေးပင်စင်ယူတယ်။ ကျွန်တော်က လုပ်သက် (၄၁)နှစ်မှာ သက်ပြည့်ပင်စင်ယူတယ်။ ၁၃ နဲ့ ၃၁။ ၁၄ နဲ့ ၄၁။ ကဲ... မဆန်းဘူးလား။ ဆန်းကြယ်မှုတွေ ကြံဖန် တိုက်ဆိုင်လိုက်ပုံများ။

''ကျွန်တော်တို့ နှစ်ယောက်စလုံး အားနာတတ်ကြတယ်။ ဒါပေမဲ့ အားနာပုံချင်းကလည်း ဆန့်ကျင်ဖက်။ တစ်ပါးသူက ပေးရင်၊ ကျွေးရင် သူက အားနာလို့ အတင်းငြင်းတယ်။ ကျွန်တော်ကတော့ ပေးတဲ့ပစ္စည်း၊ ကျွေးတဲ့အစာကို မကြိုက်ပေမယ့် အားနာလို့ယူလာတယ်။ အားနာလို့ စားလာတယ်။ ကျွန်တော့်အားနာမှုက လောကဝတ်အနေနဲ့ ပေးတာ၊ ကျွေးတာဆိုရင် အားမနာသလို ဖြစ်သွားတတ်တယ်။ ကျွန်တော့်မိန်းမ အားနာပုံကလည်း တစ်ခါတစ်ခါ အားမနာသလို ဖြစ်သွားတတ်ပါတယ်။

တစ်ခါက ငါးလုပ်တဲ့ တပည့်ဟောင်းတစ်ယောက်က သူ့ဆရာမကို ငါးတစ်ကောင် လာပေးပါတယ်။ ငါးက တစ်ပိသာကျော်လိမ့်မယ်။ သူ့ဆရာမက မယူလို၊ အတင်းငြင်းတယ်။ 'နင့်ငါး နင်ပြန်ယူသွား၊ နင့်ငါးက တန်ဖိုးကြီးတယ်၊ သွားရောင်းရင် ငွေအများကြီးရမှာ၊ ပြန်ယူသွား၊ ပြန်ယူသွား'။ ကောင်လေးက ကျေးဇူးရှင်ဆရာမမို့လို့ တကူးတက လာပေးတာ။ သူ့ဆရာမက အတင်းငြင်းတော့ ကောင်လေးခမျာ စိတ်မကောင်းစွာနဲ့ပဲ သူ့ငါးကို ပြန်ယူသွားရရှာတယ်။ ကျွန်တော့်မိန်းမ အားနာပုံက စေတနာကို စော်ကားသလို ဖြစ်သွားတာပေါ့။

ကျွန်တော့် မိန်းမက လျှို့ဝှက်သိုသိပ်တတ်တယ်။ စကားကို ချင့်ချိန်ပြီးတော့ ပြောတယ်။ မလိုအပ်ပဲ အပိုမပြောတတ်။ ကျွန်တော်ကတော့ မကွယ်မဝှက်ဘဲ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တယ်။ ရိုက်စစ်စရာမလို။ အားလုံးပေါ်ပြီးသား။ လျှို့ဝှက်သိုသိပ်သူနဲ့ ရိုးစင်းပွင့်လင်းသူတို့ကြားမှာ မကြာမကြာ စကားများရတယ်။ နောက်ဆုံးမှာ ကျွန်တော်က အရှုံးပေးရတာပေါ့။

စာတစ်စောင် (မင်္ဂလာဆောင်၊ ရှင်ပြုဖိတ်စာလိုမျိုး) ရောက်လာရင် သူက မျက်မှန်ကိုရှာတယ်။ ကျွန်တော်က မျက်မှန်ကို ချွတ်တယ်။ သူက အနီးမှုံ Plus။ ကျွန်တော်က အဝေးပြာ Minus။ အဲ... တူတာတော့ ရှိတယ်။ မွေးရက်တူတယ်။ နှစ်ယောက်စလုံး တစ်နာမ်တည်း ။ နာမည်လည်းတူတယ်လို့ဆိုရမှာပေါ့။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ နာမည်တွေက အင်္ဂလိပ်လို အတိုကောက်ရေးရင် K.M။


( ၃ )

ကျွန်တော် ပညာရေးတက္ကသိုလ် တက်တုန်းက Adjustment ဆိုတဲ့ စကားတစ်ခွန်းကို မှတ်မိနေပါတယ်။ အဓိပ္ပာယ်ကတော့ 'ညှိနှိုင်းခြင်း'ပေါ့။

ပညာရေးသဘောတရား (Educational Theory)မှာ သင်ခဲ့ရပါတယ်။ အဲဒီ Adjustment ကို ဘယ်လိုဖြေရှင်းထားမှန်း အသေးစိတ် မမှတ်မိတော့ပါ။ ပညာရေးသဘောတရားသင်တဲ့ ဆရာမဒေါ်ဟန်အေးရဲ့ စကားတစ်ခွန်းကိုတော့ သတိရနေတုန်းပါ။ ဆရာမက Adjustment နဲ့ပတ်သက်လို့ သူ့အစ်ကိုအကြောင်းကို ပြောပြပါတယ်။ သူ့အစ်ကိုဟာ အိမ်ထောင်မကျခင် မိဘအိမ်မှာနေတုန်းက အလွန်ချေး(ဂျီး)များ၊ ချေး(ဂျီး)ထူပါသတဲ့။

ဟိုဟင်းမကြိုက်၊ ဒီဟင်းမကြိုက်၊ ဟိုလိုချက်ပါလား၊ ဒီလိုချက်ပါလားနဲ့ အမြဲတမ်း ဂျီကျတတ်တယ်။ အိမ်ထောင်ကျပြီး ဆံထုံးနောက် သျှောင်ပါသွားတဲ့အခါကျတော့ သူ့အစ်ကိုရဲ့ ငြီးတွားသံကို မကြားရတော့ပါ။ သူ့မိန်းမ ချက်ကျွေးသမျှ အကုန်၊ အစုံစားရလေတော့တယ်။ သူ့မိန်းမက ဘယ်လို Adjust လုပ်လိုက်မှန်း မသိတော့ပါတဲ့။

''ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်တည်း နေလို့မရတဲ့အတွက် မိသားစုနဲ့၊ ပတ်ဝန်းကျင်နဲ့၊ လူ့အဖွဲ့အစည်းနဲ့ အမြဲတမ်း Adjustment လုပ်နေကြရပါတယ်။ ဒါမှငြိမ်းချမ်းသာယာမှာလေ။ Adjustment မလုပ်နိုင်ရင် တစ်ယောက်တည်းနေပေါ့။ တစ်ယောက်တည်း နေတာတောင်မှ လုပ်ချင်တာနဲ့ လုပ်သင့်တာကို ညှိရသေးတယ်လေ။

လူသားတိုင်း (မွေးကတည်းကနေ သေဆုံးသည်အထိ၊ သူတောင်းစားကနေ နိုင်ငံတော်သမ္မတအထိ)ပြဿနာတွေကို ဖြေရှင်း (Problem Solving) လုပ်နေရပါတယ်။ ပြဿနာကို ဖြေရှင်းဖို့အတွက် ဆုံးဖြတ်ချက်တွေချ (Decision Making) ရပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ရနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတာက Adjustment (ညှိနှိုင်းခြင်း)။

နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေမှာ အကြံပေးအရာရှိတွေ ခန့်ထားရပါတယ်။ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့၊ ဆုံးဖြတ်ချက်ချဖို့အတွက် အကြံပေးတွေရဲ့ စကားကို နားထောင်ရပါတယ်။ အကြံပေးတွေရဲ့စကားကို သူ့အတွေ့အကြုံ၊ ဉာဏ်ပညာအမြော်အမြင်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချရပါတယ်။ ဆုံးဖြတ်ချက် အမှားအမှန်က အကြံပေးတွေနဲ့ မဆိုင်ပါ။ ဆုံးဖြတ်သူ သမ္မတ၊ ဝန်ကြီးချုပ်တွေကပဲ တာဝန်ယူရပါတယ်။ မှားရင်ခံ၊ မှန်ရင်စံ။


( ၄ )

ဆရာဒဂုန်တာရာရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းကတော့ 'နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပါ' တဲ့။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဖို့အတွက် လေးလေးစားစား ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ မတူတာတွေကို အသိအမှတ် ပြုပေးရမယ်လေ။

'ရန်သူများကို လေးစားအသိအမှတ်ပြုတတ်ခြင်းမရှိပဲနဲ့ ကျွန်တော်တို့သည် ငြိမ်းချမ်းရေးအကြောင်းကို ပြောခွင့်မရှိဟု ထင်သည်။ ငြိမ်းချမ်းရေးမဆိုထားနှင့်၊ တစ်ဦးတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ဖို့ပင် မဖြစ်နိုင်' လို့ အက်ဆေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) က ပြောဖူးပါတယ်။

ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးစတဲ့ အခင်းအကျင်းတွေကို ပြန်ကြည့်လိုက်ရင် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းခြင်းမရှိကြပဲ ငါ့မြင်း ငါစိုင်းနေကြတာကို တွေ့ရပါတယ်။ ငါ့လှေ ငါထိုး၊ ပဲခူးပဲ ရောက်ရောက်ဆိုတဲ့ လူ့အဖွဲ့အစည်းကို တွေ့နေကြရပါတယ်။ ညီညွတ်မှုကို မရရှိကြပဲ နှစ်ပေါင်းများစွာ ဝါးစည်းပြေနေခဲ့ကြရပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍ အသီးသီးမှာလည်း မသူဇာနဲ့ ကိုသာဝိုက် ကဗျာကလေးလိုပဲ မတူတာလေးတွေကို ဘေးဖယ်ပြီး တူတာလေးတွေနဲ့ ရှေ့သွားကြဖို့ ဆန္ဒပြုမိပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ လူမှုဘဝကဏ္ဍအသီးသီးမှာ ညှိနှိုင်းခြင်းအနုပညာတစ်ခုကတော့ မရှိမဖြစ်လိုအပ်နေမှာပဲဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။


#သူဇာ
#ကဗျာ
#ဆရာမ
#ဆုံးဖြတ်ချက်
#မိန်းမ

Some text some message..