
ကိုရီးယားရဲ့ အငွေ့အသက်တွေက မြန်မာပြည်မှာ တော်တော်များပါတယ်။ ရုပ်ရှင်တွေ၊ မိတ်ကပ်တွေ၊ ဖက်ရှင်တွေ၊ သီချင်းတွေအပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ အစားအသောက်တွေ စသဖြင့် ကိုရီးယားနဲ့ မစိမ်းကြပါဘူး။ ဘာသာစကားဆိုတာ တတ်ထားလို့ အကျိုးမယုတ်တာမို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ကိုရီးယားဘာသာစကားကိုလည်း သင်ထားသင့်ပါတယ်။ ကိုယ်တွေ မြန်မာနိုင်ငံကသူတွေအဖို့ ကိုရီးယားစကားက သိပ်ကို တတ်လွယ်တဲ့ ဘာသာစကား တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီဘာသာစကားကို အချိန်တိုတွင်း တတ်မြောက်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။
(၁) အကျွမ်းတဝင်ရှိတယ်
ဘာသာစကား တစ်ခုကို လေ့လာမယ်ဆိုရင် သူတို့နိုင်ငံရဲ့ ဓလေ့ ပုံစံ၊ လေယူလေသိမ်း၊ ပြောလေ့ ရှိတာမျိုးတွေနဲ့ ပတ်ဝန်းကျင်တွေကို သိပြီး အကျွမ်းတဝင် အရင် ရှိထားဖို့ လိုပါတယ်။ ဒါမှသာ ဘာသာစကား လေ့လာတဲ့အခါ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ ကိုယ်တွေ နိုင်ငံကတော့ ကိုရီးယား ယဉ်ကျေးမှုတွေနဲ့ မစိမ်းတဲ့ နိုင်ငံမို့ ဒီအချက်က ဘာသာစကား လေ့လာဖို့ သိပ်ကို အသုံးဝင်နေပါတယ်။

Freepik.com
(၂) ရေးသားပုံ ဆင်တယ်
မြန်မာစကား ရေးသားပုံနဲ့ ကိုရီးယားစာ ရေးသားပုံက အနည်းငယ် ဆင်တယ်လို့ ပြောလို့ ရပါတယ်။ အက္ခရာကို ဘေးက အရာတွေ ပေါင်းစပ်ပြီး အသံထွက်တာမျိုးကို ကိုရီးယား ဘာသာစကားမှာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် မြန်မာစကား တတ်မြောက်ပြီးတဲ့သူတွေအဖို့ အက္ခရာ ရေးသား တည်ဆောက်ပုံကို လွယ်လွယ် မှတ်မိနိုင်ပါတယ်။ ဒီအချက်ကြောင့် ပိုပြီး တတ်လွယ်စေမှာပါ။

user17446225/Freepik
(၃) သဒ္ဒါအထားအသို ဆင်တူတယ်
ထမင်းစားပြီးပြီးလားလို့ မြန်မာမှာ သုံးသလိုပဲ ကိုရီးယားတွေရဲ့ သဒ္ဒါ အထားအသိုကလည်း တူညီနေပါတယ်။ အင်္ဂလိပ်ဘာသာစကားလို တကူးတက မေးခွန်းအတွက်က တမျိုး၊ အဖြေက တမျိုး စသဖြင့် သဒ္ဒါတွေကို အများကြီး စီကာပတ်ကုံး မှတ်နေစရာ မလိုပါဘူး။ ကိုယ်တွေ နိုင်ငံက ပြောသလိုပဲ သဒ္ဒါ အထားအသိုက သုံးနေတာမို့ မြန်မြန်ကြီးကို တက်မြောက်လွယ်စေပါတယ်။

user6702303/Freepik
(၄) စကားလုံး အသုံးအနှုန်းတွေလည်း နီးစပ်တယ်
စကားလုံးတွေမှာလည်း ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ကိုရီးယားနဲ့ ကိုယ်တွေနိုင်ငံက သုံးနှုန်းပုံတွေကလည်း ဆင်တူတယ်လို့ ပြောလို့ ရပါသေးတယ်။ ကိုယ်တွေလည်း အမေကို မေမေ၊ မေကြီး၊ မားမား စသဖြင့် သုံးကြသလို သူတို့လည်း အမေကို ခေါ်ဝေါ်တဲ့ပုံစံ မတူပါဘူး။ ကိုကြီး၊ အစ်ကို၊ ကိုကို စသဖြင့် အသုံးတွေမျိုးလည်း သူတို့ဆီမှာ ရှိနေပါသေးတယ်။ ဒီအတွက် စကားလုံးသုံးနှုန်းရတာတွေကို လေ့လာတဲ့အခါမှာလည်း အခက်အခဲက နည်းနေမှာပါ။

asier_relampagoestudio/Freepik
(၅) လေ့ကျင့်ဖို့လည်း လွယ်တယ်
ကိုရီးယားက အရာတွေနဲ့ မစိမ်းတာက ဘာသာစကား လေ့လာရာမှာ အရမ်းကို ကောင်းတဲ့ အချက်ပါပဲ။ ကိုရီးယားမုန့်ထုပ်တွေက စာတွေကို ဖတ်ကြည့်နိုင်သလို လေ့လာဖို့အတွက် တကူးတက ရုပ်ရှင်တွေ ကြည့်စရာ မလိုဘဲ ရုပ်ရှင်ကြည့်နေရင်းနဲ့ကို ကိုယ့်ရဲ့ ဘာသာစကား စွမ်းရည် တိုးတက်အောင် လေ့ကျင့်လို့ ရပါတယ်။ လေ့ကျင့်ဖို့အတွက်လည်း လွယ်တယ်လို့ ပြောလို့ ရတဲ့ အခြေအနေမှာ ရှိလို့ ဒီဘာသာစကားက ဒီနိုင်ငံကသူတွေအတွက် မြန်မြန်ဆန်ဆန်ပဲ တတ်လွယ်စေတာ ဖြစ်ပါတယ်။
Kham