
ဇော်သီဟ သူ၏ ဇာတ်လမ်းကို အဆုံးသတ်လိုက်လျှင် ကျွန်တော်သည် ဘာပြောရမှန်း မသိဘဲ သူ့ကိုသာ ငေးကြည့်နေမိသည်။ ဇော်သီဟသည် အာခြောက်ပြေစေရန် ရေနွေးကြမ်းကို မော့သောက်လိုက်ပြီး ကျွန်တော့်ကို မသိမသာ လှမ်းအကဲခတ်သည်။ သူပြောသည်များကို ယုံသလား မယုံသလား ဆိုသည့်အကြည့်ပင်။ ကျွန်တော်က သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီးမှ -
‘ဇော်ကြီး။ ငါ အရေးကြီးတဲ့ စာမေးပွဲဖြေခါနီးမှာ မင်း ငါ့ကို ညကြီးသန်းခေါင် အပြင်ခေါ်ထုတ်ပြီး အရူးမလုပ်လောက်ဘူးလို့တော့ ငါထင်တယ်ကွာ’
‘ငါ အဲလို မလုပ်တတ်ဘူးဆိုတာ မင်းသိပြီးသားပါ’
‘အေး ငါသိတယ်။ ဒါပေမဲ့ မင်းပြောပြတဲ့ ဇာတ်လမ်းကြီးက ယုံဖို့ တော်တော်ခက်နေတယ်’
‘မင်းမယုံလည်း ငါ အပြစ်မတင်ပါဘူး’
‘ငါ ယုံတာ မယုံတာထားပါ။ ငါသိချင်တာက မင်းငါ့ကို ဒီ အကြောင်းကို ခုလို အချိန်မတော်ကြီး ဘာလို့ လာပြောပြသလဲဆိုတာပဲ’
ဇော်ကြီး ကျွန်တော့်အမေးကို အလေးအနက်စဥ်းစားပြီးမှ ပြန်ဖြေလေသည်။
‘ငါ ည အိပ်မပျော်တာ ကြာပြီ။ ဒီအတိတ်ဘ၀အကြောင်းကို အိပ်မက်တွေ ပြန်မက်နေတာနဲ့ ငါ အိပ်ဖို့ ကြောက်နေတယ်’
‘မင်းက ဘာကို ကြောက်တာလဲ’
‘ငါ ကြောက်တာ အများကြီးပဲ။ တကယ်လို့ ငါသေပြီး ငရဲပြည် ပြန်သွားရရင် - ငရဲသားအဖြစ်နဲ့သာ ပြန်သွားရရင် ဆိုပြီးတော့။ ငါ့ကို အ၀ီစိမှာအငြိုးနဲ့ နှိပ်စက်ကြမှာ။ အ၀ီစိ မရောက်ရင်တောင် တခြား ငရဲတွေမှာ ငရဲထိန်းတွေအပေါ် သစ္စာဖောက်တဲ့ ရောရု၀ဆိုပြီး ငါ့ကို တေးထားကြတော့မှာပဲ’
အတိတ်ဘ၀ကို အမှတ်ရနေခြင်း၏ ဆိုးကျိုးကို ကျွန်တော် ရိပ်စားမိလိုက်သည်။ ဇော်သီဟက ဆက်ပြောလေသည်။
‘တကယ်တော့ ဒီလို ကြောက်ရတာထက် ဆိုးတာရှိတယ်ကွာ’
‘ဟေ ဘာများလဲ’
‘အဲဒါက ငါ - ဇီနာ့ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တာပဲ’
ကျွန်တော် သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
‘ဒါပေမဲ့ အရင်ဘ၀က မင်းက သေပြီလေ။ ဘယ်လို ပြန်သွားလို့ရတော့မလဲ’
‘အဲဒါပဲကွာ။ ပြန်သွားလို့ မရတဲ့အတွက်ကြောင့် ငါ ကတိမတည်သလို ခံစားရတယ်။ နောက်ပြီး ငါ့ အိပ်မက်တွေထဲမှာ ဇီနာဟာ အ၀ီစိမှာ တစ်ယောက်တည်း ဒုက္ခရောက်နေရတယ်ချည်းပဲ မက်နေမိတယ်ကွာ’
ကျွန်တော်သည် အတိတ်ဘ၀တုန်းက ဆုံခဲ့ဖူးသည့် ငရဲထိန်း နတ်ဘီလူးမတစ်ယောက်အတွက် စိတ်ပူနေသည့် ဇော်သီဟကို အရူးတစ်ယောက်လို ကြည့်မိသည်။
‘ဟေ့ကောင် ဇော်ကြီး။ မင်း ရည်းစားမထားသေးတာ အဲဒီ ဘီလူးမကြောင့်လား’
သူ သက်ပြင်းချပြီးမှ ပြန်ဖြေသည်။
‘အေး ဟုတ်တယ်။ မင်းကတော့ ငါ့ကို ရူးနေတယ်ထင်မှာပဲ။ ဒါပေမဲ့ ငါရှင်းပြမယ်။ အတိတ်ဘ၀ကို မှတ်မိနေတဲ့အခါ အရင်ဘ၀က ဖြစ်ခဲ့သမျှတွေဟာ အခု တစ်ဘ၀ထဲမှာ ဖြစ်ခဲ့သလိုပဲ။ ငါပြောတာသိလား။ ငါ့အတွက်တော့ ငရဲပြည်ဟာ အခုဘ၀မတိုင်ခင် ငါနေခဲ့တဲ့ နေရာဟောင်းတစ်ခုလိုပဲ။ ငါ့အတွက်တော့ ဘ၀ကူးခဲ့တာဟာ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို ပြောင်းလာရသလိုပဲကွာ’
‘ဒီတော့ ဇီနာက မင်းအတွက် ငယ်ချစ်ဦးလို ဖြစ်နေတာပေါ့’
‘အမှန်ပဲ။ ပိုဆိုးတာက အဲဒီ ငယ်ချစ်ဦးကို အခုအထိ ငါ ဆက်ချစ်နေတုန်းပဲ’
ဇော်သီဟ ပြောရင်းမှ အသံအနည်းငယ်တုန်သွားသည်။ ကျွန်တော် သူ့ကို ဆက်ပြီး မလှောင်ပြောင်ရက်တော့။
‘အေးကွာ။ ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ သူနဲ့က ဘ၀ချင်း ခြားသွားပြီပဲကွာ။ ဘာတတ်နိုင်မှာလဲ’
ကျွန်တော်၏ ဖြေသိမ့်စကားကို ကြားလျှင် ဇော်သီဟသည် ခေါင်းကို တွင်တွင်ခါရမ်းလိုက်လေသည်။
‘အဲဒီမှာ ခက်တာပဲကွ။ ငါဆိုတဲ့ ကောင်က ဘာမှ လုပ်လို့မရတဲ့ ကိစ္စတွေဆို အချိန်ကုန်ခံပြီး စိတ်ပူမနေဘူး။ ဒါပေမဲ့ အခုကိစ္စက အဲလို မဟုတ်ဘူး’
‘ဘာ.. ဘယ်လို။ အတိတ်ဘ၀ကို ပြန်သွားဖို့ကို မင်းက ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား ဇော်ကြီး’
‘အေး ဟုတ်တယ်။ ဒါပေမဲ့ ငါဆိုလိုတာက အတိတ်ဘ၀ကို ပြန်သွားဖို့ မဟုတ်ဘူး။ ငရဲပြည်ကို သွားဖို့။ နတ်ဘီလူးတွေရဲ့ သက်တမ်းဟာ အင်မတန်ရှည်တယ်။ ကမ္ဘာနဲ့ချီပြီး ရှည်တယ်။ ဒီတော့ ဇီနာဟာ အခုအချိန်မှာ အ၀ီစိငရဲမှာ ရှိနေဦးမှာ သေချာတယ်’
ပြောရင်းမှ တဖြည်းဖြည်း စိတ်အားထက်သန်လာသဖြင့် ဇော်သီဟ၏ မျက်လုံးများ အရောင်တောက်ပလာခဲ့သည်။
‘ဒါပေမဲ့ မင်းက အ၀ီစိကို ဘယ်လို သွားမှာလဲ ဇော်ကြီး’
ကျွန်တော် ကိုယ်ပြောမိသော စကားများကို ပြန်ကြားမိလျှင် မိမိကိုယ်တိုင်ပင် စိတ်မနှံ့တော့သလို ခံစားမိလေသည်။ ဇော်ကြီးသည် ကျွန်တော့်စကားကို ကြားလျှင် သူ၏ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး အလွန်နက်နဲသော လျှို့၀ှက်ချက်ကြီးတစ်ခုကို ပြောတော့မည့်အလား အသံကို နှိမ့်ချလိုက်သည်။
‘အဖြေက – စေတမန် ပဲ သူငယ်ချင်း’
‘ဟင်.. ဘာပြောတယ်’
သူ၏ စကားများကြောင့် ကျွန်တော့် ကျောရိုးထဲတွင် စိမ့်တက်လာလေသည်။ ရုတ်တရက် သူပြောပြခဲ့သော ဇာတ်လမ်းထဲမှ စေတမန်၏ ပုံရိပ်ကြီးက ကျွန်တော့် စိတ်အာရုံတွင် ထင်ဟပ်လာသည်။
‘ငါ မှတ်မိတဲ့ အတိတ်ဘ၀ထဲမှာ ငါ့ကို အထူးစိတ်၀င်စားစေတာ တခြား မဟုတ်ဘူး သူငယ်ချင်း။ အဲဒါ စေတမန်ပဲ။ သူဟာ မြေကသိုဏ်းအောင်ထားတဲ့အတွက် သုံးဆယ့်တစ်ဘုံကို မြေကြောရှုံ့ပြီး ကြိုက်သလို ကူးသန်းသွားလာနိုင်တယ်’
‘မင်းဇာတ်လမ်းကို ဖြတ်မမေးချင်လို့ ငါမမေးခဲ့တာ။ ဒါပေမဲ့ လူ့ပြည်က ကမ္ဘာမှာဆိုရင် နတ်ပြည် ငရဲပြည်က စကြ၀ဠာကြီးရဲ့ တခြား တစ်နေရာမှာလေ။ မြေကြောရှုံ့မယ်ဆို ဒီကမ္ဘာပေါ်မှာပဲ သွားလို့ရမှာမဟုတ်လား’
‘မဟုတ်သေးဘူး ချမ်းသာ။ မြေကြောရှုံ့တယ် မြေကသိုဏ်းအောင်တယ်ဆိုတာ ပထ၀ီဓာတ်ကို ချုပ်ကိုင်နိုင်သွားတယ်လို့ပဲ အဓိပ္ပါယ်ရတယ်။ တကယ်တော့ ပထ၀ီဓာတ်ဆိုတာ ဓာတ်ကြီးလေးပါးထဲက အပျော့အမာ ဒြပ်သဘောဆောင်တဲ့ အခြေခံ ဓာတ်ကြီးပဲ။ စကြ၀ဠာထဲမှာလည်း ငါတို့ မမြင်နိုင်တဲ့ ဒြပ်မှုန်တွေရှိတယ်။ လောလောဆယ်တော့ သိပ္ပံပညာရှင်တွေဟာ ဒီဒြပ်မှုန်တွေကို Dark Matter အမှောင်ဒြပ်တွေ လို့ပဲ ခန့်မှန်းပြီး နာမည်ပေးထားကြတယ်။ ဒါကြောင့် စကြ၀ဠာကြီးတလျှောက်လုံးမှာလည်း ပထ၀ီဒြပ်ကြီးတွေ ပြန့်နှံ့နေတယ်။ မင်းနားလည်အောင် ပြောရရင် ဆွဲငင်အားဟာလည်း ပထ၀ီဒြပ်ရဲ့ အစွမ်းတမျိုးပဲကွ’
ကျွန်တော် နားလည်သလိုလိုရှိသဖြင့် ခေါင်းညိတ်မိသည်။ ဇော်သီဟက ဆက်ပြောလေသည်။
‘ဒီတော့ ပထ၀ီဓာတ်ကို လိုသလိုပုံသွင်းနိုင်တဲ့ မြေကသိုဏ်းအောင်ခဲ့ရင် ငါဟာ မြေကြောရှုံ့ပြီး အ၀ီစိကို ရောက်အောင် သွားနိုင်လိမ့်မယ်’
‘မင်းဟာက မဟုတ်သေးပါဘူးကွာ။ မင်းပဲ ခုနကပြောတော့ ငရဲပြည်ကို ပြန်သွားရမှာ ကြောက်တယ်ဆို’
ဇော်သီဟသည် နှစ်ခွက်မြောက် လက်ဘက်ရည်ခွက်ကို ကုန်သွားသည်အထိ မော့ချပြီး ကျွန်တော့်အမေးကို ပြန်ဖြေခဲ့သည်။
‘တခါတလေတော့ အချစ်စိတ်က အကြောက်တရားကို လွှမ်းမိုးသွားနိုင်တယ်ကွ’
………………………….
ကျွန်တော်တို့ နှစ်ဦး စကားပြောနေကြသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်၍ မိုးပင် လင်းစပြုနေလေပြီ။ ပတ်၀န်းကျင်တွင် လူများ ကားများ အနည်းငယ် သွားလာလှုပ်ရှားစပြုလာသည်။ လက်ဘက်ရည်ဆိုင်ရှင်သည် ဆိုင်သိမ်းဖို့ရန် ပြင်ဆင်နေလေပြီ။ ကျွန်တော်တို့ နှစ်ယောက် ဤနေရာမှ မကြာမီ ထပေးရတော့မည် ဖြစ်သည်။
‘မင်းက မြေကသိုဏ်းကျင့်မလို့လား။ အဲဒါတွေက ယုံတမ်းတွေပဲလေကွာ’
‘ယုံတမ်းမဟုတ်ဘူး သူငယ်ချင်း။ မင်းက ဒီနယ်ပယ်ကို မလေ့လာလို့ မသိတာ။ တကယ်တော့ စျာန် အဆင့်ဆင့် မြင့်တက်ခြင်း အကြောင်းကို ရေးထားတဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ကျမ်းဂန်တွေ ထဲမှာလည်း ဘယ်လို ကျင့်ရသလဲဆိုတာကအစ အတိအကျရေးပြထားတယ်’
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
‘ဟေ ဟုတ်လား။ ဘယ်.. ဘယ်လို ကျင့်ရတာလဲ’
‘မင်းနားလည်အောင် အတိုချုံးပြောရရင် - မြေကသိုဏ်းဆိုတာ မြေကြီးရဲ့ သဘောတရားကို နားလည်သွားအောင် ရှုရတာပဲ။ ဥပမာကွာ - ရူပဗေဒကို နားလည်ရင် ဒုံးပျံကြီးတွေ လွှတ်နိုင်မယ်။ အဏုမြူဗုံးကြီးတွေ ထွင်နိုင်မယ်။ အဲဒီလို နားလည်ဖို့ နှစ်ပေါင်းများစွာ ဒီဘာသာရပ်တွေကို စူးစိုက်ပြီး လေ့လာရတယ်မဟုတ်လား။ မြေကသိုဏ်းဟာလည်း ထိုနည်းလည်းကောင်းပဲ။ ပထ၀ီ မြေကြီးရဲ့ အကြောင်းကို သညာသိနဲ့တင်မဟုတ်ဘဲ စိတ်ထဲ နှလုံးသားထဲက အဆုံးထိ ထိုးထွင်းသိအောင် ကျင့်ရတာပဲ’
‘ထူးဆန်းလှချည်လားကွာ။ ဖြစ်နိုင်ပါ့မလား’
‘အေး။ မင်းကို ပြောရင် ယုံမှာမဟုတ်ဘူး။ ရလာမဲ့ ရလဒ်က ကြီးမားသလောက် ကျင့်နည်းက အရမ်းရိုးစင်းတယ်။ လုပ်ရမှာက မြေကြီးတစ်ဆုပ်ကို စာရွက်အဖြူပေါ်မှာ အ၀ိုင်းလေးဖြစ်အောင် တင်ပြီး - အဲဒီ မြေအ၀ိုင်းလေးကို ကြည့်ပြီး … မြေ.. မြေ … မြေ… လို့ နှလုံးသွင်းရမယ်။ သေချာကြည့်ရမှာနော်။ အဲဒီလို ကသိုဏ်းကို ရှုပြီး အဆင့်တက်လာရင် ဒီ မြေဓာတ်ဟာ စိတ်အာရုံထဲမှာ မျက်စိမှိတ်လိုက်တာနဲ့ ပေါ်လာလိမ့်မယ်။ ဒီအခါ စာရွက်ပေါ်က မြေကြီးကို ဆက်မရှုတော့ဘဲ စိတ်အာရုံထဲက မြေကြီးကို ဆက်ရှု။ တဖြည်းဖြည်းနဲ့ စိတ်ထဲက မြေကြီးဟာ အရောင်တွေ တောက်ပလာပြီး နောက်ဆုံး မြေကသိုဏ်းအောင်သွားမှာပဲ။ အဲဒီ့အဆင့်ကျရင် မင်း မြေကြောရှုံ့ပြီး သွားချင်တဲ့ နေရာ သွားလို့ရပြီကွ’
‘ဟေ.. တယ်ဟုတ်ပါလား ဇော်ကြီးရာ။ မင်းအဲလို ပြောတော့လည်း လွယ်လှချည်လား’
‘လွယ်တယ်လို့ ငါမပြောဘူး သူငယ်ချင်း။ ရိုးရှင်းတယ်ပဲ ပြောတာ။ ဒီလို စျာန်ရဖို့ တောထဲမှာ တစ်သက်လုံး ကျင့်သွားခဲ့ရတဲ့ ရသေ့ကြီးတွေ မရေမတွက်နိုင်အောင် ရှိတယ်’
‘ဒါဆို ပါရမီနဲ့လည်း ဆိုင်မှာပေါ့’
‘အမှန်ပဲ။ တချို့ဆို နှစ်သုံးဆယ်ကျင့်ရတယ်။ တချို့ကတော့ သုံးနှစ်၊ တချို့ကတော့ သုံးရက်လောက်နဲ့ ကသိုဏ်းအောင်တတ်တယ်ကွ’
‘ဒါဆို မင်းက ဒီ မြေကသိုဏ်းကို ကျင့်တော့မှာလား’
သူ ခေတ္တမျှ နှုတ်ဆိတ်သွားခဲ့သည်။ ပြီးမှ -
‘အဲဒီကိစ္စကြောင့်ပဲ ငါ မင်းဆီကို လာခဲ့တာပဲ သူငယ်ချင်း’
‘ဘာ ဘယ်လို’
‘ဟုတ်တယ် ချမ်းသာ။ ငါဆိုတဲ့ကောင်က ဆုံးဖြတ်ချက်ချပြီးရင် နောက်မလှည့်တတ်ဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင်တော့ သေချာ စဥ်းစားတတ်တယ်။ မင်းက ငါ့ အခင်ဆုံး သူငယ်ချင်းလည်း ဖြစ်တယ်။ ငါ အထင်ကြီးရတဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ ဒါကြောင့် မင်းဆီက အကြံဥာဏ် လာတောင်းရတာပဲကွာ’
ကျွန်တော် သူ့ကို စိုက်ကြည့်လိုက်သည်။ ဇော်သီဟသည် အိပ်ရေးများ ပျက်ထားသဖြင့် မျက်တွင်းများ ဟောက်ပက်ဖြစ်နေသည်။ ခါတိုင်း သပ်ရပ်စွာ ဖြီးထားလေ့ရှိသော ဆံပင်မှာလည်း ဖွာလန်ကြဲနေလေသည်။ ဇော်သီဟသည် ပုံမှန်မဟုတ်တော့ချေ။
‘သူငယ်ချင်း။ မင်းကို ငါ အကြံပေးရင် တကယ် နားထောင်မှာလား။ လိုက်လုပ်မှာလား’
‘အေး လုပ်မယ် သူငယ်ချင်း’
‘ဒါဆို ငါ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး….
… ဟေ့ စားပွဲထိုးညီလေး လာပါဦး’
ကျွန်တော် ရုတ်တရက် စားပွဲထိုးလေးကို ခေါ်လိုက်လျှင် ဇော်သီဟ ကြောင်သွားသည်။ စားပွဲထိုးကောင်လေး ကျွန်တော်တို့ ဘေးနားရောက်လာ၏။
‘ကြက်ဥအစိမ်းတစ်လုံးပေးကွာ’
‘ဗျာ.. ဆရာ။ အစိမ်းလား။ ပြုတ်ပေးရမလား’
‘အစိမ်းပါဆို ပြုတ်ရမလား မေးနေတယ်။ အစိမ်းပဲလာချပေး’
စားပွဲထိုးကောင်လေး လှစ်ကနဲ ထွက်သွားပြီး ကျွန်တော့်ကို ကြက်ဥတစ်လုံး လာပေးလေသည်။ ကျွန်တော်သည် ကြက်ဥအစိမ်းကို ဇော်သီဟထံသို့ ကမ်းပေးလိုက်၏။
‘ဒီမယ် သူငယ်ချင်း။ ကြက်ဥက ပြုတ်တာတို့ ကြော်တာတို့ဆိုရင် သူ့ရဲ့ အာနိသင် ပျက်ချင် ပျက်သွားဦးမယ်။ ဒီ ကြက်ဥ အစိမ်းကိုသာ ဖောက်သောက်လိုက်ပေတော့။ မင်းစိတ်ထဲမှာ ပေါ်နေတဲ့ ဒွိဟတွေ အားလုံး ရှင်းသွားလိမ့်မယ်’
ဇော်ကြီးသည် ကျွန်တော် ကမ်းပေးသော ကြက်ဥကို မယူသေးဘဲ ချီတုံချတုံဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်မူ သူသည် ဆုံးဖြတ်ချက်ကို ချလိုက်ပြီး ကြက်ဥကိုယူပြီး ဥအခွံကို ခွဲကာ မော့သောက်လိုက်လေသည်။ သူသည် ကြက်ဥအစိမ်းကို ယခုမှ သောက်ဖူးသဖြင့် ပျို့တက်မလာမီ ရေနွေးကြမ်းနှင့် မျှောချလိုက်ရသည်။
ထို့နောက် ကျွန်တော်တို့ ကျသင့်ငွေရှင်းပြီး အဆောင်ဆီသို့ ပြန်လျှောက်လာခဲ့သည်။ ဇော်သီဟ ကြက်ဥအစိမ်း ဖောက်သောက်ပြီးသည့်အချိန်မှစ၍ ကျွန်တော်တို့ နှစ်ဦး ဘာစကားမှ ထပ်မပြောဖြစ်ခဲ့ကြ။ ကျွန်တော် သူ့ကို စကား ထပ်မပြောရခြင်းမှာ အကြောင်းရှိလေသည်။ အကယ်၍ ဇော်သီဟ ကြက်ဥ အစိမ်းသောက်လိုက်သဖြင့် အတိတ်အကြောင်းကို မေ့သွားမည် ဆိုပါစို့ - ကျွန်တော် မတော်တဆ ပြောမိသော စကားက မေ့ပျောက်စ မှတ်ဥာဏ်အား ပြန်လည် နှိုးဆွလိုက်မည်ကို မလိုလားသောကြောင့်ပင်။ ထို့ကြောင့် ကျွန်တော်သည် နှုတ်ဆိတ်နေခဲ့မိသည်။
အဆောင်တံခါးမှ အတွင်းသို့ ၀င်ခါနီးတွင် ကျွန်တော်သည် သူငယ်ချင်းဖြစ်သူအား လှည့်ကာ နှုတ်ဆက်လိုက်၏။
‘ကံကောင်းပါစေကွာ’
ဇော်သီဟသည် ကျွန်တော့်စကားကို နားမလည်နိုင်သလိုဖြစ်သွားပြီး -
‘ဟေ့ကောင်။ ဘာတွေ ပြောနေတာလဲ။ မင်းက စာမေးပွဲဖြေရမှာ။ ဆုတောင်းချင်းတောင်း ငါက မင်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးရမှာကွ’
သူ့စကားကို ကျွန်တော် မငြင်းခဲ့။ ငြင်းလိုက်လျှင် သူ့ကို ရှင်းပြရတော့မည်။ ထိုအခါ - သူ ပြန်ပြီး မှတ်မိသွားနိုင်သည်။ ကျွန်တော် စကားစကို အမြန်ဖြတ်ပြီး အဆောင်ထဲသို့ အမြန်၀င်ခဲ့မိသည်။
……………………………….
ထိုနေ့ နောက်ပိုင်းတွင် ကျွန်တော်နှင့် ဇော်သီဟတို့သည် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည့် အားလျော်စွာ တဦးနှင့် တဦး ပုံမှန် ဆက်လက်တွေ့ဆုံ စကားပြောဖြစ်ခဲ့ကြလေသည်။ ဇော်သီဟသည် နောက်ပိုင်းရက်များတွင် ပြန်လည် နေကောင်းလာပုံရသည်။ အိပ်မပျော်သည့် လက္ခဏာများလည်း မရှိတော့။ ပြန်ပြီး စိုစိုပြေပြေ သပ်သပ်ရပ်ရပ် ဖြစ်လာခဲ့သည်။ သူသည် သူ့မိဘများ၏ စီးပွားရေးကိုသာ ဆက်ပြီး ဦးစီးလုပ်ကိုင်နေခဲ့၏။ သို့သော် ချစ်သူရည်းစား ထားခြင်းကား မရှိခဲ့ချေ။
ကျွန်တော်သည် ဆေးကျောင်းနောက်ဆုံးနှစ် စာမေးပွဲအောင်ပြီး ဆရာ၀န်ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် အင်ဂျီအိုတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ပြီး အာဖရိတိုက်သို့ ရွှေ့ပြောင်းခဲ့ရ၏။ အာဖရိကသို့ ရောက်ပြီး နှစ်အတော်ကြာသည်အထိ ဇော်သီဟနှင့် အီးမေး အဆက်အသွယ်ရှိခဲ့သည်။ ထိုစဥ်က ယခုလို မက်ဆင်ဂျာများ မပေါ်သေးသဖြင့် အီးမေးနှင့်သာ ဆက်သွယ်ခဲ့သည်။ တစ်ရက်တွင်မူ ကျွန်တော်သည် ဇော်သီဟထံသို့ အီးမေး တစ်စောင်ပို့ခဲ့ရာ သူသည် ထိုအီးမေးကို အကြောင်းပြန်ခြင်း မရှိခဲ့ချေ။ တစ်လ နှစ်လ သုံးလအထိ စောင့်ပြီးသောအခါ ကျွန်တော်သည် နေနိုင်လွန်းသော သူငယ်ချင်းအကြောင်းကို သိလိုသဖြင့် သူ၏ မိဘများထံ တယ်လီဖုန်းဆက်ပြီး စုံစမ်းခဲ့လေသည်။
ဇော်သီဟ မိခင်၏ အဆိုအရ သူမ၏ သားဖြစ်သူသည် ကျွန်တော်နှင့် အဆက်အသွယ်ပြတ်သွားခဲ့သော အချိန်အတွင်းတွင် တရားဓမ္မများကို စိတ်အားထက်သန်စွာ လေ့လာလိုက်စားနေခဲ့ရာမှ ထိုထက်ပိုပြီး အားထုတ်လိုသည်ဟု ဆိုကာ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဇော်သီဟသည် အိန္ဒိယတွင် တရားအားထုတ်နေသည်ဆိုသော်လည်း မိဘများထံသို့မူ တစ်လတစ်ကြိမ် စာရေးလျက်ရှိသေးသည်ဟု မိခင်ကြီးက ဆိုလေသည်။ ကျွန်တော်၏ စိတ်ထဲတွင် တမျိုးဖြစ်သွားသော်လည်း ဇော်သီဟ၏ မိခင်ထံမှ ထိုထက်ပိုသော အချက်အလက်များကို မရရှိခဲ့ချေ။ မိခင်ကြီးသည် သားဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သဘောကျဟန်မတူသော်လည်း ဇော်သီဟသည် ထိုစဥ်က အသက်သုံးဆယ်ကျော် အရွယ်ရောက်ပြီးသော ယောကျ်ားတစ်ဦးဖြစ်သဖြင့် သူ့အား မည်သူမျှ မတားဆီးနိုင်ခဲ့ချေ။
ထိုသို့ သူငယ်ချင်းဖြစ်သူ၏ မိခင်နှင့် စကားပြောပြီးနောက် တစ်နှစ်ခန့်အကြာတွင် အာဖရိကရှိ ကျွန်တော့်ထံသို့ စာတစ်စောင်သည် ထူးဆန်းစွာ ရောက်ရှိလာခဲ့လေသည်။ ထိုစာသည် ဟိမ၀န္တာတောင်ခြေရှိ တောင်တက်စခန်းတစ်ခုမှ ပို့လိုက်သော စာဖြစ်လေသည်။ ပို့သူ၏ လိပ်စာ အတိအကျ မပါခဲ့ခြေ။ တောင်တက်စခန်း၏ လိပ်စာသာလျှင် ပါရှိလေသည်။ စာထဲတွင် ဇော်သီဟ၏ လက်ရေးနှင့် ရေးထားသည်မှာ -
…. သူငယ်ချင်း ချမ်းသာ။ မင်းကို နှုတ်မဆက်ရပဲ အဆက်အသွယ် ပြတ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ငါ အခု စိတ်လည်းချမ်းသာ ကိုယ်လည်း ကျန်းမာပါတယ်။ မင်းလည်း အလားတူ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်...။
ထိုစာသည် ဇော်သီဟထံမှ နောက်ဆုံးရခဲ့သော စာပင် ဖြစ်လေတော့သည်။ ထိုနောက် နှစ်အနည်းငယ်ကြာလျှင် ဇော်သီဟ၏ မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့လေသည်။ ကျွန်တော်သည်လည်း အာဖရိကမှ ယူကေနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ သို့နှင့် ကျွန်တော်တို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် လုံးလုံး ပြတ်တောက်သွားခဲ့လေတော့သည်။
…………………………………………
ကျွန်တော်သည် လန်ဒန်မြို့ရှိ တိုက်ခန်းထဲတွင် မနက် လေးနာရီအချိန်၌ စာကြည့်စားပွဲတွင် ထိုင်ကာ ယခုစာကို ရေးသားနေမိသည်။ ကျွန်တော်၏ အတွေးများသည် တစစီ ပြန့်လွင့်နေခဲ့၏။
သူငယ်ချင်း ဇော်သီဟသည် ကျွန်တော်ကျွေးခဲ့သော ကြက်ဥအစိမ်းကြောင့် အတိတ်ကို တကယ်ပဲ မေ့သွားခဲ့သလော။ ထိုအကြောင်းကို အတိအကျ မပြောနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုမှ နောက်ပိုင်းတွင် ကျွန်တော်တို့ နှစ်ဦးသည် သူ၏ အတိတ်ဘ၀နှင့် ပတ်သက်ပြီး စကားပင် မစခဲ့သောကြောင့် ဖြစ်လေသည်။ ကျွန်တော့်ဘက်မှ စကားမစရခြင်းမှာ ကျွန်တော့်စကားကြောင့် သူ့အတိတ်ကို ပြန်သတိမရစေလိုတော့သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ဘက်ကရော ဘာကြောင့် စကားမစခဲ့ရသနည်း။ ဖြစ်နိုင်ချေ နှစ်ခုရှိ၏။ ပထမ ဖြစ်နိုင်ချေမှာ ဇော်သီဟသည် အတိတ်ဘ၀ကို အမှန်ပင် မေ့သွားခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အတိတ်ဘ၀အကြောင်းကို ဆက်မပြောတော့ခြင်း ဖြစ်ရမည်။ ဒုတိယ ဖြစ်နိုင်ချေမှာ ဇော်သီဟသည် အတိတ်ဘ၀ကို အမှန် မမေ့သော်လည်း ကျွန်တော့်ဆန္ဒကို သူသိသွားပုံရ၏။ သူ့ကို ကြက်ဥ အစိမ်းကျွေးလိုက်ခြင်းဖြင့် ကျွန်တော်သည် သူ့အား အတိတ်ကို မေ့စေလိုကြောင်း အကင်းပါးလှသော ဇော်ကြီး ရိပ်မိသွားပေလိမ့်မည်။ ထို့ကြောင့်လည်း ကျွန်တော် ဖြစ်စေလိုသည့်အတိုင်း သူသည် အတိတ်ဘ၀ကို ကြိုးစားပြီး မေ့ပစ်ခဲ့ပုံရလေသည်။
သို့သော် နောက်ဆုံးတွင်မူ အဘယ်ကြောင့် အိန္ဒိယရှိ ဟိမ၀န္တာသို့တိုင်သွားပြီး တရားအားထုတ်ခဲ့ရပါသနည်း။ ဇော်သီဟသည် ငယ်စဥ်ကတည်းက ဘာသာရေးကို စိတ်၀င်စားသူဖြစ်ကြောင်းတော့ ကျွန်တော် ရိပ်မိခဲ့သည်။ သူသည် အိန္ဒိယသို့ သွားပြီး ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော ၀ိပဿနာတရားကို အားထုတ်ခဲ့သလား။ သို့မဟုတ် - ငရဲပြည်သို့ မြေကြောရှုံ့ပြီး ပြန်သွားနိုင်ရန် - ဟိမ၀န္တာတောအုပ်ကြီးထဲတွင် ရှေးရှေးကျမ်းဂန်များထဲမှ မြေကသိုဏ်းကို သွားရောက်ကျင့်ကြံအားထုတ်နေခဲ့သလား။ ကျွန်တော် ဘယ်တော့မှ သိနိုင်မည် မဟုတ်တော့ချေ။
ကျွန်တော်သည် ဤ၀တ္ထုကို ဇာတ်မသိမ်းမီ တစုံတရာနှင့် ပတ်သက်ပြီး ရေးသင့် မရေးသင့်ကို စဥ်းစားနေမိလေသည်။ သို့သော် ယခု နောက်ဆုံး စာမျက်နှာသို့ ရောက်သည့်အခါ ထိုအကြောင်းအရာကို ရေးသားရန် ဆုံးဖြတ်လိုက်သည်။
ယခု ပြာပူ၀တ္ထုကို အခန်းဆက် စရေးသည့်နေ့မှစပြီး ကျွန်တော့် နှစ်ထပ်တိုက်ခန်းပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်လျှင် အိမ်နောက်ဖေးရှိ ပန်းခြံထဲတွင် ညအချိန်များ၌ တစုံတခုကို ကျွန်တော် သတိထားမိနေခဲ့သည်။ ပထမတော့ ထိုအရာကို သစ်ပင်တစ်ပင်ဟုသာ ထင်ခဲ့မိသည်။ သို့သော် သေချာ ဂရုစိုက်ကြည့်မိလျှင် အမှောင်ရိပ်များထဲရှိ ထိုအရာကြီးသည် လူတစ်ယောက်နှင့် တူနေခဲ့လေသည်။
ထိုလူသည် အလွန်ပင် မြင့်မားသော အရပ်အမောင်းရှိပြီး ပိန်သွယ်သော အလုံးအထည်ရှိသည်။ အိမ်နောက်ဖေးပန်းခြံထဲတွင်ရှိသော သစ်ပင်ကြီးတို့၏ အရိပ်များ၊ တိုက်အမြင့်ကြီးများမှ ကျသည့် အရိပ်များကြားတွင် တွေ့ရသည့် ထို လူရိပ်သည် မည်းနက်သော ၀တ်ရုံကြီးကို ခေါင်းမြီးခြုံထားခဲ့လေသည်။ သူ၏ လက်ထဲတွင်မူ တောင်ဝှေးကြီးတစ်ချောင်းကို ကိုင်ထားသလား။ သို့မဟုတ် မှိန်းတံကြီးကို ကိုင်ထားသလား - ကျွန်တော်လည်း သေချာမပြောတတ်ချေ။
ထိုအရိပ်သည် ကျွန်တော် ဖျပ်ကနဲမြင်ပြီး နောက်တကြိမ် ပြန်ကြည့်လိုက်လျှင်မူ မတွေ့ရတော့။ မနက်ပိုင်း နေအလင်းရောင်ရှိသည့် အချိန်များတွင်လည်း မတွေ့ရချေ။ သိပ္ပံပညာကိုသာ ယုံကြည်သော ကျွန်တော်သည် မိမိစိတ်၏ လှည့်စားခြင်းကြောင့်သာ ဖြစ်မည်ဟု မှတ်ချက်ချမိလေသည်။
သို့သော် အကယ်၍ စိတ်လှည့်စားခြင်းကြောင့် မဟုတ်ဘဲ အစစ်အမှန်သာ ဖြစ်ခဲ့ပါမူ - ထိုအရိပ်ကြီးသည် မည်သူပါနည်း။
ကျွန်တော်နှင့် နှစ်ပေါင်းများစွာ ကွဲကွာသွားခဲ့သည့် အခင်ဆုံးသူငယ်ချင်း ဇော်သီဟ မြေကသိုဏ်းအောင်ပြီး ကျွန်တော့်အား လာရောက် ကြည့်ရှုလေသလော။
သို့တည်းမဟုတ် -
ဇော်သီဟ ပြောပြခဲ့သည့် ငရဲကြီးရှစ်ထပ်၏ အကြောင်းများကို လူ့ဘုံရှိ ကမ္ဘာသူ ကမ္ဘာသားများသိရှိစေရန် အိတ်သွန်ဖာမှောက် မခြွင်းမချန် ဖော်ကောင်လုပ်ကာ ရေးပြနေသည့်အတွက် - ယမမင်းကြီး၏ အမိန့်နှင့် ရောက်လာသော - စေတမန် - ကိုယ်တိုင်ပင်လော။
………………………………
တိုက်ခန်းအပြင်တွင် နေမထွက်သေး။ အမှောင်ထု ကြီးစိုးဆဲဖြစ်၏။ ကျွန်တော့် ပြတင်းလိုက်ကာကို ပိတ်ထားသည်မှာ တစ်ပတ်ခန့်ရှိလေပြီ။ ကျွန်တော် ညရောက်လျှင် ပြတင်းပေါက်မှ အပြင်သို့ မကြည့်ရဲသည်မှာ ကြာလေပြီ။ ကျွန်တော် ဤဇာတ်လမ်းကို ရေးမိသည်မှာ မှားလေပြီလား။ လူသားများ မသိသင့် မသိအပ်သည့် မပြောကောင်း မဆိုကောင်း ကံကြမ္မာဆိုးများ၀င်ရောက်နိုင်သည့် ဗဟုသုတများကို ဖြန့်ဖြူးမိလေပြီလား။
ကျွန်တော်သည် အတိတ်ကို မေ့ပျောက်နိုင်ရန် ဆုတောင်းမိသည်။
ပြတင်းပေါက်မှ မြင်တွေ့ခဲ့ရသော ထို… အရိပ်မည်းကြီးကိုလည်း မေ့ပျောက်နိုင်ရန် ဆုတောင်းမိလေတော့သည်။
……………………………….
(ပြီးပါပြီ)
ကိုချမ်း။