ဂီတာပုံတောအုပ်
byohls.com
|
2024-06-19

အာဂျင်တီးနားနိုင်ငံအလယ်ပိုင်း၊ ကော်ဒိုဘာပြည်နယ်က လာဘူလာယီမြို့တစ်ဝိုက်ကို လေကြောင်းကနေ ဖြတ်ကျော်ပျံသန်းတဲ့သူတွေဟာ မြင်တွေ့နေကျမဟုတ်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ရတတ်ပါတယ်။ အဲဒါကတော့ လယ်ကွင်းတွေအလယ်မှာ ထူးထူးခြားခြား ထင်ပေါ်နေတဲ့ ဂီတာပုံတောအုပ်လေး ဖြစ်ပါတယ်။ အမြင်အရ ထူးခြားတဲ့ ဒီတောအုပ်လေးမှာ စိတ်ဝင်စားစရာ နောက်ခံဇာတ်လမ်းလည်း ရှိနေပါတယ်။ ဒါကြောင့် ဂီတာပုံတောအုပ်လေးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် (၄)ခုကို ဖော်ပြလိုက်ပါတယ်။

(၁) ဇနီးဖြစ်သူရဲ့စိတ်ကူး

ဂီတာပုံတောအုပ်ကို အသက် ၇၀ ကျော်ရှိနေပြီဖြစ်တဲ့ လယ်သမားကြီး ပီဒရို မာတင် အူရီတာက သားသမီး လေး ဦးအကူအညီနဲ့ စိုက်ပျိုးဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ အူရီတာရဲ့ဇနီး ဂရာစီရယ်လာဟာ လေယာဉ်နဲ့ ခရီးသွားရင်း ပုံစံထူးခြားတဲ့တောအုပ်တစ်ခုကို တွေ့ခဲ့ပါတယ်။ သူက အိမ်ပြန်ရောက်တဲ့အခါ လေယာဉ်ပေါ်က ကြည့်ရင် ထူးထူးခြားခြား မြင်ရမယ့် တောအုပ်တစ်ခုကို ဖန်တီးကြမယ်လို့ ခင်ပွန်းကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အသက် ၂၀ ကျော်အရွယ်လောက်နဲ့ ကလေး လေးယောက်ရှိနေတဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေတဲ့ ခင်ပွန်းသည်က လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

(၂) ဇနီးအတွက် အမှတ်တရ

၁၉၇၇ခုနှစ် မှာ ဂရာစီရယ်လာဟာ ဦးနှောက်ရောဂါတစ်မျိုးနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့အခါ အူရီတာဟာ အလွန် ကြေကွဲခံစားခဲ့ရပါတယ်။ သူက ဇနီးအတွက် အမှတ်တရအနေနဲ့ ဇနီးပြောခဲ့ဖူးတဲ့ ထူးခြားတဲ့ပုံစံနဲ့ တောအုပ်တစ်ခုဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တောအုပ်ရဲ့ပုံစံကိုတော့ ဂီတဝါသနာရှင် ဇနီးဖြစ်သူရဲ့ အကြိုက်ဆုံးတူရိယာဖြစ်တဲ့ ဂီတာပုံစံကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အာဂျင်တီးနားနိုင်ငံ၊ အလယ်ပိုင်း တောအုပ်ထဲမှာ ဂီတာပုံတောအုပ်လေးတစ်ခု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

(၃) ခက်ခက်ခဲခဲ ဖန်တီးခဲ့ရတဲ့ တောအုပ်

အူရီတာဟာ ဂီတာပုံတောအုပ်တစ်ခု စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမှန်း မသိခဲ့ပါဘူး။ အပင်အမျိုးအစား ရွေးတာ၊ စိုက်မယ့်ပုံစံ ရွေးတာနဲ့ အပင်ကို ပြုစုပျိုးထောင်တဲ့နည်းလမ်းတွေကို အကြိမ်ကြိမ် အခါခါ ပြန်လည်စမ်းသပ်ခဲ့ရပြီး အပြီးသတ် ရွေးချယ်မှုလုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ပထမအကြိမ် စတင်စိုက်ပျိုးတဲ့ တောအုပ်ဟာ ပိုးမွှားတွေ ဖျက်ဆီးလို့ မအောင်မြင်ခဲ့တဲ့အတွက် ထပ်မံစိုက်ပျိုးခဲ့ရပါသေးတယ်။ အူရီတာဟာ သားသမီးလေးဦးအကူအညီနဲ့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးမှ ဒီတောအုပ်လေးကို ဖန်တီးနိုင်ခဲ့တာပါ။

(၄) အပင်ပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ တောအုပ်

ဂီတာပုံတောအုပ်မှာ ဆိုက်ပရပ်စ်နဲ့ ယူကလစ်ပင်တွေ အများစု ပါဝင်တဲ့ အပင်စုစုပေါင်း ၇,၀၀၀ ကျော် ရှိပါတယ်။ အူရီတာဟာ ဂီတာရဲ့ ကိုယ်ထည်၊ လက်တံနဲ့ ကြယ်ပုံဖော်ထားတဲ့ အသံပေါက်တွေကို ဆိုက်ပရပ်စ်ပင်တွေနဲ့ ပုံဖော်ဖန်တီးခဲ့ပါတယ်။ ဂီတာရဲ့ ကြိုးတွေအဖြစ်တော့ အပြာရောင်ယူကလစ်ပင်တွေကို အတန်း ငါးတန်းခွဲပြီး စိုက်ပျိုးခဲ့ပါတယ်။ အရောင်မတူတဲ့အပင်တွေက ဂီတာပုံကို ထင်ရှားပေါ်လွင်နေစေပါတယ်။


#ဂီတ
#သားသမီး
#အမှတ်တရ
#ခက်ခဲ
#အကူအညီ

Some text some message..